ကျန်းမာရေး ဓာတ်ခွဲစမ်းသပ်ခန်းများရှိ ရောဂါဖြစ်စေနိုင်မည့်အရာများကို ဖျက်ဆီးရန် ယူကရိန်းအား WHO အကြံပေး

ကြီးမားသောအန္တရာယ်ပေးနိုင်သည့် စမ်းသပ်ခန်းသုံး ပိုးမွှားကိရိယာများကို ဖျက်ဆီးရန် ယူကရိန်းအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပေးထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် မတ်လ ၁၁ ရက်နေ့က ဖော်ပြထားသည်။

14 Mar 2022

ဓာတ်ပုံ - WHO

DMG ၊ မတ်လ ၁၄ ရက်

ကြီးမားသောအန္တရာယ်ပေးနိုင်သည့် စမ်းသပ်ခန်းသုံး ပိုးမွှားကိရိယာများကို ဖျက်ဆီးရန် ယူကရိန်းအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပေးထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် မတ်လ ၁၁ ရက်နေ့က ဖော်ပြထားသည်။

အခြားနိုင်ငံ အများအပြားကဲ့သို့ပင် ယူကရိန်းတွင်လည်း ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းများရှိပြီး အဆိုပါဓာတ်ခွဲခန်းများ၌ ကိုဗစ်-၁၉ ရောဂါ အပါအဝင် လူသားများ၊ တိရစ္ဆာန်များကို အန္တရာယ်ဖြစ်စေသည့် ရောဂါပိုးမွှားများအား ကုသရေးအတွက် စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိသည်။ ယူကရိန်း၏ ဓာတ်ခွဲခန်းများသည် ဥရောပသမဂ္ဂနှင့် WHO တို့ထံမှလည်း အကူအညီများ ရယူလျက်ရှိသည်။

ရုရှားတပ်များ၏ လှုပ်ရှားမှုနှင့် ယူကရိန်းမြို့ကြီးများ ဗုံးကြဲခံရမှုတို့ကြောင့် ဓာတ်ခွဲခန်းများ ပျက်စီးသွားပါက ရောဂါဖြစ်စေနိုင်သည့် ပိုးမွှားများ ပြင်ပသို့ ပျံ့နှံ့သွားနိုင်ခြေ ရှိနေကြောင်း ဇီဝလုံခြုံရေး ပညာရှင်များက သတိပေးထားသည်။

WHO နှင့် ယူကရိန်းတို့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယူကရိန်းကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အန္တရာယ်ရှိသည့် ပိုးမွှားများနှင့် ကိရိယာများ ပြင်ပသို့ ပျံ့နှံ့မှု မရှိရအောင် ဖျက်ဆီးရန် WHO က အကြံပြုထားကြောင်း ရိုက်တာသတင်းဌာနသို့ ဖြေကြားသည့် WHO ၏ စာတွင် ဖော်ပြထားသည်။

သို့သော်လည်း အကြံပြုချက်များအား မည်သည့်အချိန်တွင် ပေးခဲ့ကြောင်း WHO ဘက်က ဖြေကြားထားခြင်း မရှိသလို ယူကရိန်းဓာတ်ခွဲခန်းများတွင် မည်သည့် ပိုးမွှားအမျိုးအစားများနှင့် စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ မည်ကဲ့သို့ အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ကိုလည်း ဖော်ပြထားခြင်း မရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာဇာခါရိုဗာက အမေရိကန်သည် ဇီဝလက်နက် ဓာတ်ခွဲခန်းတစ်ခု ယူကရိန်းတွင် စမ်းသပ်နေကြောင်း ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် စွပ်စွဲပြောကြားခဲ့သည်။ ရုရှားသည် ယခင်တည်းက ဤစွပ်စွဲချက်ကို ထပ်တလဲလဲ ပြောဆိုခဲ့ဖူးပြီး ဤအချက် မမှန်ကန်ကြောင်း အမေရိကန်နှင့် ယူကရိန်းတို့ဘက်က ငြင်းဆိုထားသည်။

ယူကရိန်းတွင် ရုရှားတပ်ဖွဲ့တို့ ရရှိထားသော အချက်အလက်များအရ “စစ်ဘက်ဆိုင်ရာ ဇီဝနည်းပညာ အစီအစဉ် သက်သေများကို အရေးပေါ်ဖျက်ဆီးရန် ကြိုးပမ်းမှု” များ သိရှိထားကြောင်းလည်း မာရီယာဇာခါရိုဗာက ပြောကြားသည်။