ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရ သတင်းအချက်အလက်များ စုစည်းဖော်ပြမှု

ဗိုင်းရပ်စ်သည် မည်မျှအထိအန္တရာယ်ပေးနိုင်ပြီး လူများကြား မည်မျှအထိအလျှင်အမြန် ကူးစက်နိုင်သည်ကို မသိရှိရသေးသလို ကုသဆေး၊ ကာကွယ်ဆေးလည်း တီထွင်နိုင်ခြင်းမရှိသေးပေ။

By Foreign Desk 24 Jan 2020

ဗိုင်းရပ်စ်သည် မည်မျှအထိအန္တရာယ်ပေးနိုင်ပြီး လူများကြားမည်မျှအထိ အလျှင်အမြန်ကူးစက်နိုင်သည်ကို မသိရှိရသေးသလို ကုသဆေး၊ကာကွယ်ဆေးလည်း တီထွင်နိုင်ခြင်းမရှိသေးပေ။ (ဓာတ်ပုံ - Reuters)

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဝူဟန်မြို့မှ စတင်ကူးစက်ပျံ့နှံ့ခဲ့ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေသော ကော်ရိုနာဗိုင်းရပ်စ်အမျိုးအစား ဗိုင်းရပ်စ်အသစ်တစ်မျိုး ကူးစက်ပျံ့နှံ့မှုကြောင့် ယနေ့ (ဇန်နဝါရီ ၂၄ )ထိ သေဆုံးသူ ၂၅ ဦးရှိပြီဖြစ်ကာ ကမ္ဘာတဝန်း ကူးစက်ခံထားရသူပေါင်း ၈၀၀ ခန့်ရှိပြီဖြစ်သည်။

ယင်းဗိုင်းရပ်စ်သည် မည်မျှအထိအန္တရာယ်ပေးနိုင်ပြီး လူများကြား မည်မျှအထိအလျှင်အမြန် ကူးစက်နိုင်သည်ကို မသိရှိရသေးသလို ကုသဆေး၊ကာကွယ်ဆေးလည်း တီထွင်နိုင်ခြင်းမရှိသေးပေ။ လူ့ခန္ဓာကိုယ်အတွက်လည်း ဗိုင်းရပ်စ်အမျိုးအစား အသစ်ဖြစ်နေသဖြင့် ကိုယ်ခံအားတစ်မျိုးမျိုးတည်ဆောက်ရန် မဖြစ်နိုင်သေးသဖြင့် သတိပြုရမည့် ဗိုင်းရပ်စ်အန္တရာယ် ဖြစ်လျက်ရှိသည်။

ထို့ကြောင့် အဆိုပါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ သိထားသည့် အချက်အလက်များကို Reuters သတင်းဌာနက စုစည်းတင်ပြထားသည်များကို DMG ပရိသတ်များအတွက် ဆီလျော်အောင် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

■ တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၅ ဦးရှိပြီဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုဖြစ်စဉ်ပေါင်း ၈၃၀ ခန့် ရှိကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ပြောကြားထားသည်။

■ ယခုဗိုင်းရပ်စ်သည် ဝူဟန်မြို့ရှိ မှောင်ခိုဈေးတစ်ခုမှ ပြီးခဲ့သောနှစ်ကုန်ပိုင်းက စတင်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။

■ လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုမှာ တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံတွင် (၄) ဦး၊ စင်္ကာပူတွင် ၃ ဦး၊ ဂျပန်၊ ဗီယက်နမ်နှင့် တောင်ကိုရီးယား တို့တွင် ၂ ဦးစီ၊ ထိုင်ဝမ် နှင့် အမေရိကန်တို့တွင် ၁ ဦးစီ ရှိနေသည်။

■ ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှုသည် တရုတ်နိုင်ငံတွင် အရေးပေါ်အခြေအနေ ရောက်ရှိနေပြီဖြစ်သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် အရေးပေါ်ကျန်းမာရေးအခြေအနေ မရောက်သေးကြောင်း ပြောကြားသည်။

■ ဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုရခက်ခဲခြင်း လက္ခဏာများ ခံစားရသည်။

■ ဗိုင်းရပ်စ်သည် သန္ဓေပြောင်းနေပြီး လူအချင်းချင်း ထိတွေ့မှုမှတစ်ဆင့် ကူးစက်ကြောင်း တရုတ်နိုင်ငံက ကြေညာထားသည်။

■ သက်ကြီးရွယ်အိုများနှင့် အိပ်ရာထဲလဲနေသော လူမမာများတွင် ပို၍ကူးစက်လွယ်သည်။

■ အလားအလာရှိသော ကာကွယ်ဆေးဖော်စပ်နိုင်ရန် ဆေးပညာသုတေသနအဖွဲ့ ၃ ဖွဲ့က စတင်လုပ်ဆောင်လျက်ရှိပြီ ဖြစ်ပြီး ဇွန်လ နောက်ဆုံးထားကာ ဖြစ်နိုင်ချေရှိသော ကာကွယ်ဆေး အနည်းဆုံးတစ်မျိုး ထုတ်လုပ်နိုင်ရန် စီစဉ်ထားသည်။

■ ကနဦး လေ့လာစမ်းသပ်မှုများအရ ဗိုင်းရပ်စ်သည် မြွေများမှတစ်ဆင့် လူများထံကူးစက်ခြင်းဖြစ်သည်ဟု ယူဆထား သော်လည်း ခွေးတူဝက်တူ နှင့် ကြွက်များမှကူးစက်ခြင်းလည်း ဖြစ်နိုင်သည်ဟု တရုတ်အစိုးရအဖွဲ့၏ ဆေးပညာအကြံပေး ပုဂ္ဂိုလ်က ပြောကြားသည်။

■ လူဦးရေ ၁၁ သန်းခန့်ရှိသော ဝူဟန်မြို့ကို အဝင် အထွက် ပိတ်ထားပြီး အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကိုလည်း ရပ်နားထားကာ လေယာဉ်ခရီးစဉ်များလည်း ဆိုင်းငံ့ထားသည်။

■ ဝူဟန်မြို့ အခြားအနီးအနား မြို့များကိုလည်း ခရီးသွားလာမှုများ ကန့်သတ်ထားသလို တရုတ်နှစ်သစ်ကူးပွဲတော်အတွက် လူအများစုဝေးဆင်နွှဲမည့် အစီအစဉ်များကိုလည်း ဖျက်သိမ်းရန် ညွှန်ကြားထားသည်။

■ ကမ္ဘာတဝန်းရှိလေဆိပ်များတွင် တရုတ်နိုင်ငံမှလာသော ခရီးသွားများကို စစ်ဆေးမှုများ လုပ်ဆောင်နေကြပြီ ဖြစ်သည်။