ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှု လပေါင်းများစွာကြာမြင့်နိုင်ကြောင်း ပညာရှင်များပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် လပေါင်းများစွာ ကြာမြင့်နိုင်ပြီး ကူးစက်ခံရသူ သိန်းဂဏန်းနီးပါးအထိ ရှိလာနိုင်ကြောင်း သုတေသီများက ပြောကြားလိုက်သည်။

By Foreign Desk 29 Jan 2020

ဗိုင်းရပ်စ်ကူးစက်မှုအား ထိန်းချုပ်ရန်အတွက် တရုတ်အစိုးရသည် မြို့ကြီး ၁၇ မြို့ကို အဝင်အထွက် ပိတ်ဆို့ထားသဖြင့် ထိုမြို့များအတွင်း ပြည်သူစုစုပေါင်း သန်း ၅၀ ကျော် ပိတ်မိလျက်ရှိသည်။ (ဓာတ်ပုံ - AFP)

တရုတ်ပြည်မှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သစ် (2019-nCoV) ၏ ကူးစက်ပျံ့နှံ့မှုသည် လပေါင်းများစွာ ကြာမြင့်နိုင်ပြီး ကူးစက်ခံရသူ သိန်းဂဏန်းနီးပါးအထိ ရှိလာနိုင်ကြောင်း သုတေသီများက ပြောကြားလိုက်သည်။ ပထမဆုံးရရှိလာသော အချက်အလက်များပေါ်တွင် အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။

“ဒီနွေဦးပေါက်တစ်ခုလုံး ပျံ့နှံ့နေဦးမယ်၊ ပြီးမှ ဖြည်းဖြည်းချင်း အရှိန်သေသွားမယ်လို့ ယူဆရပါတယ်။” ဟု တိုရွန်တိုတက္ကသိုလ် ပါမောက္ခ ဒေးဗစ်ဖစ်စ်မန်းက AFP သတင်းဌာနသို့ ပြောကြားသည်။ ပါမောက္ခ ဒေးဗစ်ဖစ်စ်မန်းသည် အပြည်ပြည်ဆိုင်ရာ ကူးစက်ရောဂါများ လေ့လာရေးအဖွဲ့အစည်းအတွက် ကိုရိုနာဗိုင်းရပ်စ်အသစ် လေ့လာချက်စာတမ်း ရေးသားထားသူဖြစ်သည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့် ဆက်စပ်သည့် အချက်အလက်များကို အွန်လိုင်းပေါ်တွင် ဖော်ပြနေသော သုတေသနအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ပါမောက္ခ အယ်လက်ဇန်ဒရို ဗက်စ်ပီနာနီကလည်း ယခုကိစ္စသည် တစ်ပတ်တစ်လနှင့် ပြီးသွားမည့်အရာ မဟုတ်ဟု ဆိုသည်။

ပညာရှင်များသည် လက်ရှိအချိန်ထိ ဖြစ်ပွားမှုများကို ယခင်က ဖြစ်ပွားခဲ့ဖူးသည့် ကူးစက်မှုများနှင့် နှိုင်းယှဉ်တွက်ချက်ကာ ထွက်ပေါ်လာသည့် ရလဒ်များအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် စတင်ပေါ်ပေါက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သစ်အား ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးမရှိသေးသလို လုံလောက်သော သတင်းအချက်အလက်များလည်း မရှိသေးပေ။

အမေရိကန်ရှိ ကျန်းမာရေးအရာရှိများက ရောဂါပိုးရှိသော လူနာမှတစ်ဆင့် နောက်တစ်ဦးထံ ကူးစက်ပျံ့နှံ့နိုင်သော လက္ခဏာများ မတွေ့ရသေးကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြောကြားထားသည်။ အကယ်၍ လူလူချင်းသာ ကူးစက်ပျံနှံ့မည်ဆိုပါက ပျံ့နှံ့မှုပမာဏသည် အပြောင်းအလဲ ရှိလာဦးမည်ဖြစ်သည်။

လတ်တလောတွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ဟုတ်မဟုတ် စောင့်ကြည့်ရမည့် ကာလအား အချိန်နှစ်ပတ်ဟု သတ်မှတ်ထားသည်။

ကူးစက်မှုနှုန်း

AFP သတင်းဌာနက ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ရရှိထားသော ကမ္ဘာတဝန်း ကူးစက်ခံထားရသူဦးရေ။ (ဓာတ်ပုံ - AFP)

နှစ်စဉ် လူပေါင်းသန်းနှင့်ချီ ဖြစ်ပွားနေကျဖြစ်သည့် ရာသီတုပ်ကွေး၏ ကူးစက်ပျံ့နှံ့မှုသည် ၁.၃ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၀၂-၀၃ အတွင် လူပေါင်း ၇၇၄ ဦး သေဆုံးခဲ့သည့် ဆားစ်ရောဂါ၏ ကူးစက်ပျံ့နှံ့မှုမှာ ၂ နှင့် ၅ အကြားရှိသည်။ ဝက်သက်ရောဂါ၏ ကူးစက်ပျံ့နှံ့မှုနှုန်းမှာ ၁၂ မှ ၁၈ အထိရှိသည်။

ရောဂါပျံနှံ့သည့်ဒေသအား ပိတ်ဆို့ခြင်း၊ လက်ကို သန့်ရှင်းအောင်ဆေးကြောခြင်း၊ မျက်နှာဖုံးများ အသုံးပြုခြင်းဖြင့်လည်း ရောဂါကူးစက်မှုနှုန်းအား လျှော့ချနိုင်သည်။ ရောဂါကူးစက်မှုနှုန်း ၁ အောက်သို့ရောက်ရှိလျှင် ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။

တရုတ်နိုင်ငံတဝန်းတွင် ရောဂါကူးစက်မှုအား ထိန်းချုပ်ရန်အတွက် ပိတ်ဆို့ထားသော မြို့စုစုပေါင်း ၁၇ မြို့ရှိပြီး အဆိုပါမြို့များတွင် နေထိုင်သူစုစုပေါင်း သန်း ၅၀ ကျော် ရှိသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ရရှိထားသော အချက်အလက်များအရ တရုတ်ပြည်တစ်ခုတည်းတွင် ရောဂါကူးစက်ခံထားရသူ ၆၀၀၀ ကျော်၊ သေဆုံးသူ ၁၃၀ ကျော်သွားပြီဖြစ်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဟောင်ကောင်တက္ကသိုလ်မှ သုတေသီများကမူ ရောဂါကူးစက်မှုပေါင်း ၄၀၀၀၀ ကျော်သွားပြီဟု ခန့်မှန်းထားသည်။

အမေရိကန်၊ ပြင်သစ်နှင့် စင်္ကာပူအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ကူးစက်သူ ၆၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း Reuters သတင်းတစ်ပုဒ်အရ သိရသည်။ လက်ရှိအချိန်အထိ ကူးစက်ခံထားရသူ အားလုံးသည် တရုတ်ပြည်မှ ရောက်လာကြသူများ ဖြစ်သည်။

ဆက်စပ်သတင်း - ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအား အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ