တရုတ်က အမေရိကန်သွင်းကုန်အချို့အပေါ် ထပ်တိုးအခွန်စည်းကြပ်မှုများကို ဆိုင်းငံ့

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်အမေရိကန်တို့ကြား ပြီးခဲ့သော သောကြာနေ့ (ဒီဇင်ဘာလ ၁၃ ရက်)က ကုန်သွယ်ရေးသဘောတူညီမှုအဆင့်တစ်အတွက် သဘောတူညီမှုရရှိခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တရုတ်နိုင်ငံဘက်မှ အမေရိကန်သွင်းကုန်အချို့အပေါ် ထပ်တိုးအခွန်စည်းကြပ်နေမှုများအား ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

By Foreign Desk 17 Dec 2019

အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီမှုအဆင့်တစ်အရ ယခုကဲ့သို့ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။ (ဓာတ်ပုံ - Reuters)

တရုတ်နိုင်ငံသည် အမေရိကန်သွင်းကုန်အချို့အပေါ် ထပ်တိုးအခွန်စည်းကြပ်နေမှုများအား ဒီဇင်ဘာလ၊ ၁၅ ရက်နေ့မှစတင်ကာ ဆိုင်းငံ့လိုက်ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်အမေရိကန်တို့ကြား ပြီးခဲ့သော သောကြာနေ့ (ဒီဇင်ဘာလ ၁၃ ရက်)က ကုန်သွယ်ရေးသဘောတူညီမှုအဆင့်တစ်အတွက် သဘောတူညီမှုရရှိခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တရုတ်နိုင်ငံဘက်မှ အမေရိကန်သွင်းကုန်အချို့အပေါ် ထပ်တိုးအခွန်စည်းကြပ်နေမှုများအား ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

အမေရိကန်အရာရှိများ၏ ပြောကြားချက်အရဆိုလျှင် တရုတ်နိုင်ငံက အမေရိကန်သွင်းကုန်အချို့အပေါ် စည်းကြပ်မှု လျှော့ချခြင်းကြောင့် အပြန်အလှန်အနေဖြင့် တရုတ်နိုင်ငံက အမေရိကန် လယ်ယာထွက်ကုန်များနှင့် အခြားကုန်စည်များ ဝယ်ယူမှုများစွာတိုးလာလိမ့်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲကြောင့် ယခင်က အမေရိကန်ထွက် ပြောင်းနှင့် ဂျုံမှသည် ယာဉ်အမျိုးမျိုးနှင့် မော်တော်ယာဉ်အစိတ်အပိုင်း အမျိုးမျိုးထိကိုပစ်မှတ်ထားကာ သွင်းကုန်စည်းကြပ်ခွန်များထပ်တိုး သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

သောကြာနေ့က အမေရိကန်နှင့် ပထမအဆင့်သဘောတူညီမှုအရ အချို့အမေရိကန်ကုန်စည်များ တင်သွင်းမှုအပေါ် ထပ်တိုးစည်းကြပ်နေမှုကို ဒီဇင်ဘာ၊ ၁၅ ရက်နေ့မှစကာ ဆိုင်းငံ့ထားမည်ဖြစ်သော်လည်း အခြားအမေရိကန်ကုန်စည်များ အပေါ်ကောက်ခံလျက်ရှိသည့် သွင်းကုန်ထပ်တိုးစည်ကြပ်မှုများမှာမူ ဆက်လက်ရှိနေဦးမည်ဟု တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် အခြားအစိုးရဌာနများ၏ ဝက်ဘ်ဆိုဒ်များတွင် ဖော်ပြထားသော ကြေညာချက်တစ်စောင် အရသိရသည်။

" တရုတ်နိုင်ငံအနေနှင့် အမေရိကန်-တရုတ် စီးပွားရေးနှင့်ကုန်သွယ်ရေး ဆက်ဆံမှုများတွင် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် နှစ်ဘက်ဘုံစိုးရိမ်ပူပန်မှုများကို မှန်မှန်ကန်ကန်ဖြေရှင်းရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် လက်တွဲဆောင်ရွက်ရာတွင် အခြေခံသာတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှု ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည် " ဟုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် လာမည့် ၂ နှစ်အတွင်း အမေရိကန်ကုန်စည်နှင့် ဝန်ဆောင်မှုများကို ၂၀၁၇ ခုနှစ်က ၎င်းတို့ဝယ်ယူခဲ့သည် ပမာဏထက် အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ခန့် ထပ်တိုးဝယ်ယူရန်လည်း သဘောတူညီထားသည်ဟု အမေရိကန် ကုန်သွယ်ရေးညှိနှိုင်းဆွေးမှု ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုအနေနှင့်မူ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလျံတန်ဖိုးရှိတရုတ်ကုန်စည်များအပေါ် ၂၅ ရာခိုင်နှုန်း သွင်းကုန်စည်းကြပ်အခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာနက ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားချက်အရ သိရသည်။