- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
အာဏာသိမ်းမှုအလွန် ၂ နှစ်နီးပါးအတွင်း သေဆုံးသူအရပ်သား ၆ ထောင်ကျော်ရှိခဲ့ကြောင်း လေ့လာချက်တစ်ရပ်တွင် ဖော်ပြ
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ပထမ လပေါင်း ၂၀ အတွင်း သေဆုံးသူအရပ်သားစုစုပေါင်း ၆,၃၃၇ ဦးရှိခဲ့ကြောင်း ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြထားသည်။
14 Jun 2023

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ပထမ လပေါင်း ၂၀ အတွင်း သေဆုံးသူအရပ်သားစုစုပေါင်း ၆,၃၃၇ ဦးရှိခဲ့ကြောင်း ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြထားသည်။
အော်စလို ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (Peace Research Institute of Oslo) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း ‘နိုင်ငံရေးအကြောင်းရင်းများ’ ကြောင့် သေဆုံးရသူ အရပ်သား အရေအတွက်သည် ၆,၃၃၇ ဦးရှိပြီး ၂,၆၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
“ပဋိပက္ခအတွင်း လူသေဆုံးမှု အရေအတွက်သည် ရှေ့ပိုင်းက မှတ်တမ်းတင်ထားသည်ထက် ပိုမိုများပြားနေကြောင်း မိမိတို့၏ အချက်အလက်များက ဖော်ပြနေပါသည်။ မြန်မာစစ်အစိုးရသည် အဓိက လူသတ်သမား ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေရသည့် တစ်ချိန်တည်း၌ စစ်အစိုးရကို ဆန့်ကျင်နေကြသည့် တပ်ဖွဲ့များ၏ လက်များသည်လည်း အကြီးအကျယ် သွေးစွန်းလျက်ရှိပါသည်” ဟု အစီရင်ခံစာကို ပူးတွဲရေးသူခဲ့သူ နှစ်ဦးအနက် တစ်ဦးဖြစ်သည့် စတိုင်းတင်နစ်ဆင်က ကြေညာချက်တစ်စောင်၌ ပြောကြားထားသည်။
ယခုထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည့် သေဆုံးသူပမာဏသည် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် အခြားသော အဖွဲ့များက ထုတ်ပြန်ထားသည့် ပမာဏထက် ပိုမိုများပြားနေသည်။
သေဆုံးမှုများ၏ ထက်ဝက်ခန့်ဖြစ်သော ၃၀၀၃ ဦးသည် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လက်အောက်ခံတပ်ဖွဲ့များ၏ လက်ချက်ကြောင့် ဖြစ်ပြီး ၂၁၅၂ ဦးမှာ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြသည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ လက်ချက်ကြောင့် သေဆုံးရခြင်းဟု အစီရင်ခံစာက ဖော်ပြသည်။
စစ်တပ် သို့မဟုတ် အတိုက်အခံများနှင့် ဆက်စပ်မှုမရှိသူများ၏ လက်ချက်ဖြင့် သေဆုံးရသူ ၁၂ ဦးရှိကာ မည်သည့်လက်ချက်ဖြင့် သေဆုံးကြောင်း အကြောင်းရင်း မသိရသူ ၁၁၇၀ ဦးရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြချက်အရ သိရသည်။
“ဒါဟာ မီဒီယာတွေမှာ ပုံမှန်ဖော်ပြနေကြတာထက် အများကြီးပိုနေတယ် ဆိုပေမယ့် ယုံကြည်ရတဲ့ မီဒီယာသတင်းတွေမှာ ဖော်ပြထားတဲ့ သတ်ဖြတ်ခံရမှုတွေကို အခြေခံထားတဲ့ ခန့်မှန်းချက်တစ်ရပ်သာ ဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
“သတင်းမသိရဘဲ သေဆုံးသူအရေအတွက်လည်း အများကြီးရှိနေတဲ့အတွက် တကယ်တမ်းသေဆုံးသူ အရေအတွက်ဟာ ပိုများမှာ သေချာပါတယ်” ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရက ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြီး အာဏာသိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ စစ်အုပ်စုသည် ၎င်းကို ဆန့်ကျင်သူများကို အပြင်းအထန် နှိပ်ကွပ်ခဲ့ပြီး ဖမ်းဆီးခံရသူ စုစုပေါင်းသည်လည်း ၂၀၂၃ ခုနှစ် ဇွန်လအထိ ၂၃၀၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။