မြန်မာအပေါ်ထားရှိတဲ့ စီးပွားရေးမူဝါဒ တရုတ်ဘက်က ပြန်စဉ်းစားပြီလား

မြန်မာ့စီးပွားရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုများ စတင်လာပြီးနောက်ပိုင်း လွန်ခဲ့သည့်စုနှစ်များ အတွင်း တရုတ်ရင်းနှီးမြှုပ်သူများလှိုင်းလုံး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး အထည်ချုပ်စက်ရုံများ ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြသည်။ ကိုဗစ်ကူးစက်ရောဂါ မတိုင်ခင်ကဆိုလျှင် အထည်ချုပ်တင်ပို့မှုက မြန်မာ့ကုန်သွယ်မှုစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

By ကြည်ဖြူစံ 17 Jan 2022

 ရွှေပြည်သာစက်မှုဇုံရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင်အလုပ်ဆင်းနေကြသောဝန်ထမ်းများ၊ ၂၀၁၅ မှတ်တမ်းဓာတ်ပုံ AFP

မြန်မာစစ်တပ် အာဏာသိမ်းယူခဲ့သည်မှာ တစ်နှစ်နီးပါး ကြာလာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံသူများ နေရာပြောင်းရွှေ့ ရင်းနှီးမြှုပ်နှံမှုပြုကြရန် စဉ်းစားလာကြသည်။ တရုတ်နိုင်ငံတွင်းရှိ ရင်းနှီးမြှုပ်နှံသူထက်ဝက်ကျော်ကျော်က အရှေ့တောင်အာရှနိုင်ငံများရှိ အထည်ချုပ်စက်ရုံ ထက်ဝက်ကျော်ကို ငွေကြေးထောက်ပံ့ပေးနေကြသူများလည်း ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး ဆန္ဒပြမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။

အာဏာသိမ်းပြီးနောက် ဘေဂျင်းက စစ်ကောင်စီကိုထောက်ခံနေသည်ဟူသော ကောလာဟလများ ထွက်ပေါ်လာခဲ့ပြီး တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် ကြီးထွားခဲ့သည်။ ရန်ကုန်မြို့တော်တွင်လည်း တရုတ်နိုင်ငံကထောက်ပံ့ပေးထားသည့် အထည်ချုပ်စက်ရုံပေါင်း ၄၀ နီးပါးထက်မနည်း ဖျက်ဆီးခံခဲ့ရသည်။ ဂိုဒေါင်များမီးရှို့ခံရပြီး ပစ္စည်းများဖျက်ဆီးခံရမှုများကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

အဆိုပါဆုံးရှုံးမှုများအတွက် လျော်ကြေးပေးဆောင်ရန် ဒေသတွင်းအာဏာပိုင်များနှင့် အကြိမ်ကြိမ်ဆွေးနွေးများ ပြုလုပ်ခဲ့သော်လည်း မကြာသေးခင်လများအထိ တိုးတက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း မြန်မာနိုင်ငံ တရုတ်အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းခွန်က ပြောသည်။
တဆက်တည်းမှာပင် ဦးဆန်းခွန်က ပျက်စီးသွားသော စက်ရုံအများစုကို ပိတ်လိုက်သည် သို့မဟုတ် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

မြန်မာ့စီးပွားရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုများ စတင်လာပြီးနောက်ပိုင်း လွန်ခဲ့သည့်စုနှစ်များ အတွင်း တရုတ်ရင်းနှီးမြှုပ်သူများလှိုင်းလုံး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး အထည်ချုပ်စက်ရုံများ ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြသည်။ ကိုဗစ်ကူးစက်ရောဂါ မတိုင်ခင်ကဆိုလျှင် အထည်ချုပ်တင်ပို့မှုက မြန်မာ့ကုန်သွယ်မှုစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်တင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းကျော်ကို ဥရောပသို့ တင်ပို့ခဲ့သည်။ သို့သော် အာဏာသိမ်းပြီးချိန်ကစပြီး ဥရောပသမဂ္ဂ EU သည်လည်း အမေရိကန်ပြည်ထောင်စုနည်းတူ ထိပ်တန်းစစ်ခေါင်းဆောင်များ၊ စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသော ကုမ္ပဏီများကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ အကယ်၍ EU အနေဖြင့် စစ်ကောင်စီကို ဖိအားပေးမှုများ တိုးမြှင့်ရန် စီးပွားရေးပိတ်ဆို့မှုများ ထပ်မံချမှတ်လာပါက အထည်ချုပ်လုပ်ငန်းကို ထိခိုက်စေမှာဖြစ်ပြီး ထောင်နှင့်ချီသော မိသားစုဝင်များကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင်းရှိ စက်ရုံများ၏ ကံကြမ္မာသည် ဘေဂျင်း၏အခန်းကဏ္ဍက အရေးကြီးကြောင်း မီးမောင်းထိုးပြလျက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရေးကြီးသော နိုင်ငံရေးခေါင်းဆောင်များ ဖမ်းဆီးချုပ်နှောင်ခံရပြီး နောက်ပိုင်း နိုင်ငံရေးအရအဖြေရှာရန် နည်းလမ်းများ ကွယ်ပျောက်သွားပြီဖြစ်သဖြင့် တရုတ်အနေဖြင့် ဗျူဟာမြောက်အိမ်နီးချင်းနိုင်ငံနှင့် ပတ်သက်ပြီး ၎င်း၏မူဝါဒကို ပြန်လည်စဉ်းစား သုံးသပ်ချိန်တန်ပြီဟု တရုတ်ရေးရာလေ့လာသူတချို့က ပြောသည်။

တရုတ်အစိုးရသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အရတွေ့ဆုံဆွေးနွေးမှုများ မှတစ်ဆင့် နိုင်ငံရေးအရပြေလည်မှုရရှိရန်နှင့် မြန်မာနိုင်ငံတွင်းရှိ ပါတီအားလုံးကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးဆူပူမှုနှင့် ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှုများဖြင့် ထောင်ဒဏ်ချမှတ်ခြင်းအပြင် နောက်ထပ်စွပ်စွဲချက်များဖြင့် မြန်မာစစ်တပ်က စွပ်စွဲထားသေးသဖြင့် မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့၏ချုပ်ကိုင်မှုကို ဖြေလျှော့ပေးဖို့အကြောင်း မရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်သဖြင့် စစ်တပ်နှင့်အတိုက်အခံများအကြား နောက်ထပ်အကြမ်းဖက်မှုများ တိုးလာနိုင်သေးသည်။

"လာမယ့်အထွေထွေးရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို စားပွဲဝိုင်းမှာ အလှည့်ကျထိုင်ခိုင်းဖို့ အဆင်သင့်မဖြစ်သေးသလို ဒေါအောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသက်တမ်းကလည်း ကုန်ဆုံးသွားနိုင်တယ်" ဟု Taihe Institute မှ Yin Yihang ကပြောသည်။

ဘေဂျင်းအနေဖြင့် NLD နှင့် အဆက်အသွယ်တချို့ကို လုံးဝဖြတ်တောက်တာမျိုး မရှိသေးသော်လည်း ၎င်းတို့၏ ခိုင်မာသော ပူးပေါင်းဆက်ဆံရေးကိုဖြတ်တောက်ဖို့ စဉ်းစားရန် လိုအပ်ကြောင်းကိုလည်း Yin ကပြောသည်။

အာဏာသိမ်းပြီးချိန်ကစပြီး တရုတ်က ရှုပ်ထွေးသောလှုပ်ရှားမှုတချို့ ပြုလုပ်ခဲ့သည်။ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြားရှုတ်ချခြင်းမှ ရှောင်ကြဉ်ခဲ့သော်လည်း စက်တင်ဘာလ မှာတော့ တရုတ်ကွန်မြူနစ်ပါတီ ဌာနတစ်ခုက ကျင်းပခဲ့သော အာရှနိုင်ငံရေးပါတီများ ထိပ်သီးအစည်းအဝေးသို့ အခြား မြန်မာ့နိုင်ငံရေးပါတီ ၃ ပါတီနှင့်အတူ NLD ကိုလည်းဖိတ်ကြားခဲ့သည်။

ခါးသီးသောပထဝီနိုင်ငံရေးတွင် ပိတ်လှောင်ထားခြင်းခံရသော တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံစလုံးက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံနှင့်အတူ နီးကပ်စွာလက်တွဲလုပ်ဆောင်လိုကြောင်း ထုတ်ဖော်ပြောဆိုပြီး ဖြစ်သလို စစ်ကောင်စီအပေါ် ဖိအားပေးလိုသော အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ချို့နှင့် ပူးပေါင်းမှုကြိုးပမ်းချက်တစ်ရပ် အနေဖြင့် ဝါရှင်တန်က မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုများ တင်းကြပ်လာနိုင်သည်။

ထင်မှတ်မထားသော လှုပ်ရှားမှုကတော့ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ဒေသတွင်းထိပ်သီးအစည်းအဝေးနှင့် နိုဝင်ဘာ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြုရန် အာဆီယံဆုံးဖြတ်ချက်ဖြစ်ပြီး ၎င်းဆုံးဖြတ်ချက်က ကာလရှည်ကြာခဲ့ပြီဖြစ်သော ကြားနေရေးဝါဒမှ လမ်းခွဲထွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ဆုံးဖြတ်ချက်ရခြင်းကလည်း မင်းအောင်လှိုင်က အာဆီယံသဘောတူညီချက် ၅ ချက်အနက်မှ ပထမဆုံးဖြစ်သော အကြမ်းဖက်မှုရပ်တန့်ရေးကို လိုက်နာခြင်းမရှိသောကြောင့် ဖြစ်သည်ဟု အာဆီယံကဆိုသည်။

အရှေ့တောင်အာရှက တရုတ်နဲ့အမေရိကန်ကြား ဩဇာလွှမ်းမိုးရေးအတွက် အဓိကကျတဲ့စစ်မြေပြင်ပါပဲ ဟု Yin ကပြောသည်။ တရုတ်အနေဖြင့် မြန်မာနိုင်ငံရဲ့အခြေအနေအပေါ် သတိကြီးကြီးထားဖို့ လိုနေသည်။ အမေရိကန်ဩဇာ လွှမ်းမိုးနိုင်မည့် နည်းလမ်းမှန်သမျှကို လိုအပ်ပါက ရပ်တန့်ဖို့လိုသည်ဟုလည်း ပြောသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကီလိုမီတာ ၂၂၀၀ (၁၃၇၀ မိုင်) ထိစပ်နေပြီး ဘေဂျင်း၏ BRI အောက်တွင် ရန်ပုံငွေပံ့ပိုးထားသည့် ကြီးမားသော အခြေခံအဆောက်အဦ ပရောဂျက်များစွာကို လက်ခံထားသောနိုင်ငံလည်း ဖြစ်သည်။

အာဏာသိမ်းပြီးချိန်ကစပြီး ဝင်ရောက်စွက်ဖက်မှုပုံစံတချို့ကို ဘေဂျင်းအနေဖြင့်ပြန်လည်စဉ်းစားရန် ပညာရှင်များအကြား တောင်းဆိုမှုများတိုးပွားလာခဲ့ပြီး မကြာသေးခင်ကာလများက စတင်ပြီး တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုမပြုရေးမူကို ကျယ်ကျယ်ပြန့်ပြန့် ကျော်လွန်နားလည်နေခဲ့ကြောင်းဖြင့် Guangzhou ရှိ Jinanတက္ကသိုလ်မှ ပါမောက္ခ Wang Zichang ကပြောကြားခဲ့သည်။

သို့သော်လည်း တရုတ်နိုင်ငံ၏ အထူးသံတမန် ဆွန်းကော့ရှန်၏ အကျိုးအမြတ်မရှိခဲ့သော ခရီးစဉ်က ဩဂုတ်လအတွင်း ယူနန်ပြည်နယ်ညီလာခံတစ်ခုတွင် ပညာရှင်များအကြား အခြေအတင်ဆွေးနွေးခဲ့သော မြန်မာ့အရေးတွင် တရုတ်နိုင်ငံက ပါဝင်ပတ်သက်ခြင်းရှိမရှိ ဆိုသည်က တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်အညီ ပြီးဆုံးသွားခဲ့လေသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက ပယ်ချခဲ့သည်။ စစ်ကောင်စီ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ဝင်ရောက်ဆွေးနွေးတာမျိုး မပြုလုပ်ရန် ဘေဂျင်းကတားမြစ်ထားသည်ဟု ဆွန်းကော့ရှန်က ဆိုသည်။ ဒုတိယအကြိမ် ထပ်မံတောင်းဆိုသော်လည်း ပယ်ချခံခဲ့ရပြန်သည်။

တရုတ်နိုင်ငံအနေဖြင့် တစ်နိုင်ငံ၏ပြည်တွင်းရေး တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူကို ကာလရှည်ကြာကတည်းက လိုက်နာခဲ့သည်ဟု ဝမ်ကပြောကြားခဲ့သည်။ မည်သို့ပင်ဖြစ်ပါစေ တရုတ်နိုင်ငံ၏ အိမ်နီးချင်းမြန်မာ၏ တည်ငြိမ်ရေးက တရုတ်နိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ပြင်ပဝန်းကျင်နှင့် တရုတ်နိုင်ငံ၏ သံတမန်ရေးရာကြိုးပမ်းမှုများနှင့် တိုက်ရိုက် သက်ဆိုင်နေပါသည်။

ဘေဂျင်းအတွက် အဆိုးဆုံးအခြေအနေတစ်ခုမှာ မြန်မာနိုင်ငံသည် အဝေးဆုံးထိ တွန်းထုတ်ခံရပြီးနောက် အာဆီယံမှ ထွက်ခွာသွားခြင်းဖြစ်ပြီး တရုတ်ကို ပိုပြီးအကြပ်ရိုက်စေနိုင်သည်ဟု ဝမ်ကပြောသည်။

မြန်မာနိုင်ငံရှုထောင့်မှကြည့်လျှင် အာဆီယံမှ နှုတ်ထွက်ပြီးနောက် နိုင်ငံရေးနှင့်စီးပွားရေးအရ တစ်ခုတည်းသောရွေးချယ်မှုက တရုတ်နိုင်ငံအပေါ် မူတည်မည်ဖြစ်ပြီး တရုတ်ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံအတွက် ခိုင်မာသောပံ့ပိုးကူညီမှုက အာဆီယံနည်းလမ်း အတွက် တရုတ်နိုင်ငံ၏ ကာလရှည်ကြာရပ်တည်လာမှုကို ပျက်ပြားသွားစေမည်ဖြစ်ပြီး အခြားအာဆီယံနိုင်ငံများအကြား မကျေမနပ်ဖြစ်ကာ ဒေသတွင်းအင်အားကြီးနိုင်ငံများ၏ စွက်ဖက်မှုကိုပင် ဖြစ်ပေါ်စေပါသည်။

သို့သော် တရုတ်က မြန်မာကိုအထီးကျန်ဖြစ်စေခြင်းကလည်း မြန်မာနှင့်ဆက်ဆံရေးကိုပျက်ပြားစေပြီး အိမ်နီးချင်းများနှင့် တရုတ်၏နိုင်ငံခြားရေးဗျူဟာကို ထိခိုက်စေနိုင်ပါသည်။

မြန်မာအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ချက်ချင်းနှုတ်ထွက်မည့် အရိပ်အယောင် မတွေ့ရသေးကြောင်းနှင့် မြန်မာကိုနှင်ထုတ်ခြင်းဖြင့် အာဆီယံအတွက် အကျိုးမရှိကြောင်း Xiamen တက္ကသိုလ် အရှေ့တောင်အာရှ သုတေသနဌာနမှပါမောက္ခ Fan Hongwei ကပြောသည်။

ဘေဂျင်းသည် စစ်တပ်နှင့် NLD အကြား နှစ်ဘက်သဘောကွဲလွဲဖွယ် မရှိကြောင်းနှင့် အကြပ်အတည်းဖြေရှင်းရေးနှင့်ပတ်သက်ပြီး အာဆီယံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း Fan က ပြောသည်။

တစ်ဘက်နှင့် တစ်ဘက်ကို ဆန့်ကျင်ဘက်ရပ်တည်ခြင်းက တရုတ်အကျိုးစီးပွား မဟုတ်ကြောင်း၊ အာဆီယံအနေဖြင့် လက်တွေ့ပိုကျသောအဖြေကို ရှာဖွေဖို့လိုအပ်ကြောင်းကိုလည်း Fan ကပြောသည်။

ကြည်ဖြူစံ
South China Morning Post တွင်ဖော်ပြထားသော As Chinese garment investments unravel, is Beijing’s policy on Myanmar made to measure? ကို ဆီလျော်အောင်ရေးသားသည်။