- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
မြန်မာကိုပေးနေသည့် ရုရှားစစ်လက်နက်များအား ကန့်သတ်နိုင်မည့်နည်းလမ်းများ ရှာဖွေနေဟု အမေရိကန်ပြော
မြန်မာစစ်တပ်သည် ပြည်သူလူထုကို နှိပ်ကွပ်ရာတွင် ရုရှား၏ စစ်ရေးစွမ်းရည်များကို တိုက်ရိုက်အသုံးပြုနေသဖြင့် မိမိတို့အနေဖြင့် အထူးစိုးရိမ်နေသည်ဟု မေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။
02 Feb 2023
နေပြည်တော်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပသည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ဒုံးကျည်များ။ ဓာတ်ပုံ - AP
မြန်မာစစ်အုပ်စုအား ရုရှားက စစ်လက်နက်အကူအညီများ ထောက်ပံ့နေမှုအပေါ် အမေရိကန်အနေဖြင့် အထူးစိုးရိမ်နေပြီး နှစ်နိုင်ငံ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများကို ကန့်သတ်နိုင်မည့် နည်းလမ်းများ ဆက်လက်ရှာဖွေသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးတစ်ဦးဖြစ်သူ ဒဲရက်ချောလက်က သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်အုပ်စုအတွက် လက်နက်များရရှိနေမှု သို့မဟုတ် အကျိုးအမြတ်များ ရရှိနေမှုကို ပိုမိုခက်ခဲစေမည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်နိုင်မည့် နည်းလမ်းများကို ဝါရှင်တန်အနေဖြင့် ဆက်လက်ရှာဖွေသွားမည်ဟု သူကပြောသည်။
မော်စကိုသည် မြန်မာစစ်အုပ်စု အဓိကအားထားဆုံး စစ်ရေးထောက်ပံ့သူဖြစ်ကာ ယူကရိန်းကျူးကျော်စစ် နောက်ပိုင်း ရုရှား၏ လုံးပါးပါးလာနေသည့် အပေါင်းအသင်းအုပ်စုတွင် မြန်မာစစ်အစိုးရလည်း ပါဝင်နေသည်ဟု သူကပြောကြားသည်။
မြန်မာစစ်တပ်သည် ပြည်သူလူထုကို နှိပ်ကွပ်ရာတွင် ရုရှား၏ စစ်ရေးစွမ်းရည်များကို တိုက်ရိုက်အသုံးပြုနေသဖြင့် မိမိတို့အနေဖြင့် အထူးစိုးရိမ်နေသည်ဟု တယ်လီဖုန်းဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒဲရက်ချောလက်က ပြောသည်။
မြန်မာနိုင်ငံတွင် အရေးပေါ်အုပ်ချုပ်ရေး အခြေအနေကို နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်လိုက်ပြီး များမကြာမီ၌ ဒဲရစ်ချောလက်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ပါတီစုံရွေးကောက်ပွဲများကို သူ့အဆို “လူထုသဘောဆန္ဒအရ” ကျင်းပရမည်ဟု စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသော်လည်း အချိန်ကာလကို တိတိပပထည့်ပြောခြင်း မရှိခဲ့ပေ။
သမ္မတဘိုင်ဒန်အစိုးရအဖွဲ့အနေဖြင့် “စစ်အာဏာရှင်ဦးဆောင်သည့် မည်သည့် ရွေးကောက်ပွဲမျိုးမဆို လွတ်လပ်မျှတရန် အကြောင်းမရှိ” ဟု ခံယူထားသည်ကိုလည်း ချောလက်က ထပ်လောင်းပြောကြားခဲ့သည်။