မြန်မာ့အရေးမှာ ရှေ့လူတွေရဲ့ အရှုံးကို ကုလအထူးကိုယ်စားလှယ်သစ် ကျော်ဖြတ်နိုင်မှာလား

ဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် တိုးတက်ဖြစ်ထွန်းလျက်ရှိသည် ဆိုသော မြန်မာစစ်ကောင်စီက ထင်ယောင်ထင်မှား လုပ်ထားသည့် ဟန်ဆောင်မှုအတွက် ကုလသံတမန်ဘက်က အသက်ရှူပေါက် မပေးမိရန် လိုအပ်သည်။ ဤလုပ်ငန်းစဉ်သည် နိဋ္ဌိတံသွားပြီဖြစ်သည်။ 

By Admin 06 Jun 2024

၂၀၁၆ ခုနှစ်အတွင်းက သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဂျူလီဘိရှော့နှင့် ထိုစဉ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - Julie Biship X
၂၀၁၆ ခုနှစ်အတွင်းက သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဂျူလီဘိရှော့နှင့် ထိုစဉ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - Julie Biship X

စိန်ခေါ်မှုများသည့် ရာထူးတစ်ခုဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ကို မကြာသေးမီကမှ  ခန့်အပ်ခဲ့သည်။ မြန်မာစစ်ကောင်စီနှင့် ညှိနှိုင်းရန် ကြိုးစားပြီး ကျရှုံးခဲ့ကြသော ကုလကိုယ်စားလှယ်များ၊ သံတမန်များနှင့် အာဆီယံခေါင်းဆောင်များ၏ အဆင့်မြင့် သင်္ချိုင်းမြေကြီးတွင် ထပ်မံ မကျဆုံးရန်အတွက် သူမအနေဖြင့် ဆယ်စုနှစ်တစ်ခုထက်မနည်း ရှိခဲ့ပြီဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး တည်ဆောက်မှုများနှင့် ကျရှုံးခဲ့သည့် ညှိနှိုင်းရေးကြိုးပမ်းမှုများမှ မမေ့မလျော့ သင်ခန်းစာယူရမည် ဖြစ်သည်။

ဘိရှော့အနေဖြင့် မြန်မာ့ပြည်တွင်းစစ်ကို ဖြေရှင်းရန်အတွက် ရာထူးကြီး ထိပ်ပိုင်းခေါင်းဆောင်များနှင့်သာ တွေ့ဆုံဆွေးနွေးသည့် ပထမအလွှာ (Track One) ဆွေးနွေးမှုများကို ရှောင်ကြဉ်သင့်သည်။ စစ်ကောင်စီနှင့် အပြောကျယ်လှသည့် တော်လှန်ရေး အုပ်စုတို့သည် နှစ်ဘက်လုံးက စစ်ရေးအရ ပြတ်ပြတ်သားသား ရလဒ်များကိုသာ လိုလားကြသလို နိုင်ငံအတွက်လည်း မည်သို့မျှ ထပ်တူမကျသည့် သဘောထား မျှော်မှန်းချက်များ ရှိကြသည်။ သို့အတွက်ကြောင့် ၎င်းတို့အကြားတွင် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အပေးအယူလုပ်နိုင်မည့် အကန့်အသတ်များ ရှိမနေပေ။ 

မြန်မာအနေဖြင့် စစ်ကောင်စီနှင့်အတူ သက်ဆိုင်သည့် အုပ်စုများ ပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပသည့် အတွေ့အကြုံ အများအပြား ရှိထားပြီးဖြစ်ရာ ဤချဉ်းကပ်မှုသည် အလားအလာ မကောင်းတော့ပေ။ စေ့စပ်ညှိနှိုင်းရန် အသင့်လျော်ဆုံး အချိန်၌ပင် ဤနည်းလမ်းသည် ဆီလျော်မှုမရှိတော့ဟု ပြောရမည်ဖြစ်သည်။ 

ပထမအလွှာ ညှိနှိုင်းဆွေးနွေးမှုများသည် ယေဘုယျအားဖြင့် ဒုတိယအလွှာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အများအပြား နှစ်ပေါင်းများစွာ ရှိခဲ့ပြီး နောက်ဆုံးပိတ် အဆင့်ကျမှ အောင်မြင်နိုင်ခြေရှိသည်။ သို့မဟုတ်ပါကလည်း မတူညီသော ကိစ္စရပ်မျိုးစုံကို ညှိနှိုင်းဆွေးနွေးပြီးမှသာ၊ သို့မဟုတ် စစ်တပ်က သိသိသာသာ အားနည်းသွားချိန်၌ အောင်နိုင်သူအဖြစ်ဖြင့်သာ ပထမအလွှာ ဆွေးနွေးမှုများကို ဆောင်ရွက်၍ ရနိုင်ခြေရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် ပဋိပက္ခ၏ အောက်တစ်ဆင့်တွင် ရှိသော ဒုတိယအဆင့် ပဋိပက္ခများကို အာရုံစိုက်ခြင်း၊ ခုခံတော်လှန်ရေးနှင့်အတူ တစ်ပါတည်း ပါလာသည့် ဖက်ဒရယ်ဒီမိုကရေစီအရေး ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုဘောင်အတွင်း၌ ရှိနေသော တိုင်းရင်းသားဆက်ဆံရေးများကို အာရုံစူးစိုက် ဆောင်ရွက်ခြင်းများက ပိုမိုထိရောက်မည်ဖြစ်သည်။ ဤဆောင်ရွက်မှုများတွင် ရှမ်းပြည်နယ်၌ ပူပူနွေးနွေးရှိနေသော နယ်မြေပိုင်နက် (Territory) နှင့် အမှတ်အသားသရုပ် (Identity) ဆိုင်ရာ အငြင်းပွားမှုများကို ကြည့်ရှုလေ့လာခြင်း၊ မြန်မာနိုင်ငံတွင်းရှိ ရှုပ်ထွေးမှု အများဆုံး တိုင်းရင်းသား အခင်းအကျင်းများ ရှိနေသည့် ဒေသတစ်ခုခုတွင် ဖက်ဒရယ်စနစ်ရေးရာ ခေါင်းစားစရာ ပဟေဠိများ မည်ကဲ့သို့ ရှိလာနိုင်သည်ကို အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ ပါဝင်နိုင်သည်။ ထိုကဲ့သို့ ချဉ်းကပ်မှုသည် တရားဝင်မှုအတွက် တောင်းဆိုနေကြသည့် နိုင်ငံရေးအင်အားစုများအကြား၊ နယ်မြေပိုင်နက်ရေးရာ အငြင်းပွားနေကြသူများ အကြား စိန်ခေါ်မှုများကိုပါ ကိုင်တွယ် အဖြေညှိနိုင်ရမည် ဖြစ်သည်။ မည်သည့် မဟာဗျူဟာမျိုးပင် ဖြစ်ပါစေ ထိပ်ဆုံးမှ အောက်သို့ဆင်းသည့် စနစ်ထက် အောက်ဆုံးမှ အပေါ်သို့ တက်သည့် စနစ်ဖြင့် ဆောင်ရွက်ခြင်းက ပိုမို အမြော်အမြင်ရှိရာ ရောက်မည်ဖြစ်ပေသည်။

ဘိရှော့အနေဖြင့် ခေါင်းထဲထည့်ထားသင့်သည့် နောက်ထပ် သင်ခန်းစာတစ်ခုမှာ ယုံကြည်မှု တည်ဆောက်ရန်အတွက် ကနဦး တွေ့ဆုံဆွေးနွေးမှုများ အစီအစဉ်တကျ ဆောင်ရွက်ခြင်း၏ အရေးပါမှု၊ သက်ဆိုင်ရာ အုပ်စုများ လူပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ထိတွေ့သည့် မဟာဗျူဟာများ၏ အရေးပါမှု ဖြစ်သည်။ 

အာဆီယံ ခေါင်းဆောင်များ၏ မကြာသေးခင်ကမှ အားထုတ်မှုများကို လေ့လာသင်ယူရလျှင် ကုလအထူးကိုယ်စားလှယ် အနေဖြင့် စစ်ကောင်စီနှင့် မြန်မာနိုင်ငံတွင် အလောတကြီး တွေ့ဆုံခြင်းမျိုး မပြုလုပ်ရန် အထူးအရေးကြီးသည်။ သူမအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဦးဆောင်ဦးရွက် ပြုနေသူများ၊ ဒေသတွင်း အင်အားစုများနှင့် နိုင်ငံပြင်ပတွင် ပထမဦးဆုံး တွေ့ဆုံသင့်သည်။ ၎င်းတို့ထဲတွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ မြန်မာ့ အရပ်ဘက် ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ အာဆီယံ ခေါင်းဆောင်များ၊ အနောက်နိုင်ငံများမှ ရာထူးတန်းတူ ပုဂ္ဂိုလ်များ၊ တရုတ်နှင့် ဂျပန်မှ အထူးသံတမန်များနှင့် ဒုက္ခသည်များ ပါဝင်သည်။ ဝါဒဖြန့်ချိရေး ဆောင်ရွက်ချက်များတွင် အသုံးချ မခံရစေရေးအတွက် ပဋိပက္ခနှင့် ဆက်စပ်နေသည့် အင်အားစုများနှင့် တွေ့ဆုံရာတွင် ဓာတ်ပုံရိုက်ခြင်းများကို ရှောင်ကြဉ်ရန် သတိပေးမှုတစ်ရပ်လည်း ရှိသည်။ အထူးသဖြင့် မြန်မာစစ်ကောင်စီနှင့် ဓာတ်ပုံတွဲရိုက်ခြင်းကို ရှောင်ကြဉ်ရန် ဖြစ်သည်။ ပြုလွယ်ပြင်လွယ်ရှိသည့် ကျောထောက်နောက်ခံ လမ်းကြောင်းများ ထူထောင်ထားခြင်းသည်လည်း ကုလသမဂ္ဂ အထူးသံတမန်ရုံးနှင့် ပတ်သက်သည့် ဆက်ဆံရေးများ၊ သတင်းအတု အန္တရာယ်များကို စီမံဆောင်ရွက်ရာတွင် အထူးရေးပါနိုင်သည်။

ဘိရှော့အနေဖြင့် အစိုးရမဟုတ်သည့် ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့များမှတစ်ဆင့် ဆောင်ရွက်ခြင်းမျိုး အပါအဝင် မြန်မာ့နိုင်ငံရှိ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေး စနစ်ကို ပိုမိုကောင်းမွန်အောင်လည်း နောက်ကွယ်မှ တိတ်တဆိတ် လုပ်ကိုင်ဆောင်ရွက်သင့်သည်။ 

မြန်မာ့ပဋိပက္ခသည် လတ်တလောတွင် အဆုံးသတ်ရန် မရှိသလို ၂၀၂၄ ဧပြီလအတွင်းက မြဝတီနယ်စပ်မြို့ကို တစ်ဘက်ကသိမ်းလိုက်၊ တစ်ဘက်က ပြန်သိမ်းလိုက် ဖြစ်ခဲ့သည့် ပုံစံမျိုးအတိုင်း ပဋိပက္ခများသည် ဗျူဟာမြောက် နေရာများတွင် ပိုဆိုးလာဖွယ်ရာသာ ရှိနေသည်။ ဌာနဆိုင်ရာ အဆင့်ဆင့်တွင် ရှိနေသည့် စိန်ခေါ်ချက်များကို ဖြေရှင်းရေး၊ ကုလသမဂ္ဂ စာနာမှုအကူအညီပေးရေး အခန်းကဏ္ဍ ပတ်ပတ်လည်တွင် ရှိနေသည့် နိုင်ငံရေး အခင်းအကျင်းများကို ဖြေရှင်းရေးသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ပေးနိုင်သည့် ရာထူးကြီးခေါင်းဆောင်မှုနှင့် ပဋိပက္ခဒဏ်သင့် အသိုင်းအဝိုင်းများသို့ ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့များမှတစ်ဆင့် ချဉ်းကပ်ဆောင်ရွက်မှု ပုံစံသစ်များ လိုအပ်သည်။ ဤသို့ ချဉ်းကပ်ဆောင်ရွက်ရာတွင် အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် နယ်မြေများတွင် ဝန်ဆောင်မှုများ ပေးအပ်နေကြသည့် တော်လှန်ရေးအုပ်စုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကိုပါ ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်သည်။

ကုလကိုယ်စားလှယ်သစ် အနေဖြင့် စစ်ကောင်စီကို ဆွေးနွေးညှိနှိုင်းရေး အခွင့်အလမ်းများ ကမ်းလင့်ပေးမှုတွင် ဘေးထွက်ရပ်နေခြင်းထက် ကျော်လွန်ပြီး သီးခြားချဉ်းကပ်မှုများ ဆောင်ရွက်နေသည့် တစ်ချိန်တည်း၌ အာဆီယံအဖွဲ့နှင့်ပါ အချိတ်အဆက်မိမိ ဆောင်ရွက်သင့်သည်။ 

ပွင့်လင်းမြင်သာမှု မရှိသည့် အပစ်အခတ် ရပ်စဲမှုများဖြင့် ဘောင်တစ်ခုတွင်းမှသာ ငြိမ်းချမ်းရေးအကျိုးအမြတ်ရရှိနိုင်ပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်ရေးကိုသာ ရည်ရွယ် ဆောင်ရွက်နေသည့် တရုတ်၏ လုပ်ဆောင်ချက်များနှင့် မတူဘဲ ကွဲပြားသည့် အခြေအနေတစုံတရာ ကူညီပံ့ပိုးပေးရေးသည်လည်း အထူးအရေးပါသည်။ ဘိရှော့အနေဖြင့် မြန်မာစစ်ကောင်စီသည် တည်ငြိမ်အေးချမ်းရေးအတွက် လမ်းစဖွင့်ပေးထားခြင်း မရှိကြောင်း အာဆီယံနှင့် တရုတ်မဟာမိတ်များ လက်ခံလာအောင် ဆွဲဆောင်ရန်လည်း အထူးလိုအပ်သည်။ ဖက်ဒရယ်ဒီမိုကရေစီအရေး လှုပ်ရှားမှုဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်သည့် ပိုကောင်းမွန်သော မဟာဗျူဟာ တည်ဆောက်ရေး၊ ပဋိပက္ခများ လျော့ပါးသက်သာရေးထက် ကျော်လွန်ဆောင်ရွက်မှုတို့ အတွက်  ယခုလို ဆွဲဆောင်နိုင်ရေးသည် အထူးအရေးပါသည်။

ဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် တိုးတက်ဖြစ်ထွန်းလျက်ရှိသည် ဆိုသော မြန်မာစစ်ကောင်စီက ထင်ယောင်ထင်မှား လုပ်ထားသည့် ဟန်ဆောင်မှုအတွက် ကုလသံတမန်ဘက်က အသက်ရှူပေါက် မပေးမိရန် လိုအပ်သည်။ ဤလုပ်ငန်းစဉ်သည် နိဋ္ဌိတံသွားပြီဖြစ်သည်။ 

ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်မီ နှစ်ပေါင်းများစွာကတည်းက ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေခဲ့ပြီး ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်သည့် အင်အားစုတစ်ခုဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းပြီး ထောင်ချခြင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်း၊ လွှတ်တော်အမတ်များကို ကွပ်မျက်ခြင်းများကို ကြည့်လျှင် ဤငြိမ်းချမ်းရေး လုပ်ငန်းစဉ် သေဆုံးသွားပြီ ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ အာဏာရှင်အစိုးရက ဦးဆောင်နေပြီး ဆက်လက်တည်ဆောက်သွားရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုသည်မှာ ရှိကိုမရှိပါပေ။ ရှိခဲ့လျှင်လည်း မဟာဗျူဟာမြောက် ချောက်နက်ကြီးသာ ဖြစ်ပြီး နိုင်ငံရေးအရ တပ်လန်သွားခြင်းမျိုးနှင့်သာ ရင်ဆိုင်ရဖွယ်ရှိသည်။

ဘိရှော့အနေဖြင့် စကားဝိုင်းဆွေးနွေးပွဲ လမ်းကြောင်းတစ်ရပ် စတင်နိုင်ရေးအတွက် ပဋိပက္ခတွင်းမှ သက်ဆိုင်ရာအုပ်စုများ အားလုံးကို ဘက်ပေါင်းစုံအပစ်ရပ်ရေး (multilateral ceasefire) ထဲသို့ ဆွဲသွင်းခြင်းမျိုး မလုပ်သင့်ပေ။ ဤချဉ်းကပ်မှုမျိုး အလုပ်မဖြစ်ခဲ့ကြောင်းကို ပြီးခဲ့သောကာလများအတွင်းက ကျရှုံးခဲ့သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် ဆွေးနွေးပွဲ အပါအဝင် ကျိုးပျက်သွားသည့် အပစ်ရပ်သဘောတူညီချက် အမြောက်အများကို ကြည့်လျှင် သိနိုင်သည်။ 

မြန်မာ့သမိုင်းတလျှောက် ရှိခဲ့သော အပစ်အခတ်ရပ်စဲမှုများနှင့် ၎င်းစာချုပ်စာတမ်းများအား အာဏာရှင်အစိုးရက သမိုင်းအစဉ်အဆက် မည်ကဲ့သို့ တလွဲအသုံးချခဲ့သည်ကို နားလည်သဘောပေါက်ထားရန် အရေးကြီးသည်။ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင် ဒုတိယအဆင့် (subnational) အပစ်ရပ်ညှိနှိုင်းမှုများ ယာယီရှိခဲ့သော်လည်း မြန်မာစစ်တပ် သိသိသာသာ အားနည်းသွားသည့် အချိန်၊ သို့မဟုတ် မြန်မာ့အကူးအပြောင်း တစ်ရပ်အတွက် နိုင်ငံရေး သဘောတူညီချက် ရလာသည့်အချိန်မျိုးအတွက် ပဋိပက္ခအတွင်းရှိ သက်ဆိုင်ရာ အုပ်စုများအကြားတွင် ထိရောက်သည့် အပစ်ရပ် မူဘောင်တစ်ရပ်ကို ဆွေးနွေးနိုင်မည် ဆိုလျှင် အကောင်းဆုံး ဖြစ်သည်။ 

နောက်ဆုံးအနေဖြင့် ပြောရလျှင် ကုလအထူးသံတမန် အသစ်သည် မြန်မာ့ပြည်တွင်းစစ်တွင် တတိယလူနေရာမှ ရပ်တည်မှုအသစ်ကို ရည်မှန်းချက် ကျယ်ကျယ်ထားကာ သတိဝီရိယကြီးစွာဖြင့် ပုံဖော်သင့်ပါသည်။ ဒေသတွင်းခေါင်းဆောင်များထက်၊ ထို့ထက်ပို၍ ပြောရလျှင် မြန်မာနိုင်ငံဆိုင်ရာ ယခင် ကုလသံတမန်ဟောင်းများထက် ကွဲပြားခြားနားသင့်ပါသည်။ 

ဖက်ဒရယ်ဒီမိုကရေစီ လှုပ်ရှားမှုထဲမှ လုပ်ပိုင်ခွင့်အာဏာ ကိုင်စွဲထားသူများနှင့် မြန်မာစစ်တပ်တို့သည် ရှေ့ပိုင်းတွင်လည်း ၎င်းတို့၏ ပြဿနာရပ်များထဲမှ ကောင်းနိုးရာရာကို ရွေးချယ်ပြီး အကန့်အသတ်ဖြင့် ဝင်ရောက်စွက်ဖက်ခွင့် ပေးခြင်းအားဖြင့် ပြည်ပအကူအညီများကို ထိထိရောက်ရောက် အသုံးချရန် ကြိုးပမ်းခဲ့ကြဖူးသည်။ သို့သော်လည်း အာဏာသိမ်းမှုနောက်ပိုင်း၌ ပြည်တွင်းစစ်ပွဲနှင့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် မြောက်များစွာသော ဖြစ်ရပ်ကြီးများသည် ဒေသတွင်းအထိ လျှံကျလာပြီဖြစ်ရာ ပြည်တွင်း၌ စီမံဖြေရှင်းနိုင်သည်ထက် အလွန်အမင်း ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ကျရှုံးခဲ့သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုများ၊ ကြားဝင်စေ့စပ်မှုများမှ လေ့လာသင်ယူထားသည့် ချဉ်းကပ်မှု ပုံစံသစ်တစ်ရပ်တော့ လိုအပ်နေပြီဖြစ်သည်။ ဤပုံစံသစ်နှင့်အတူ ရက်စက်ကြမ်းကြုတ်သော စစ်တပ်အုပ်ချုပ်မှု မပါဝင်သည့် အနာဂတ်သစ်တစ်ရပ်ကို ထုဆစ်ပုံဖော်နေကြသည့် မြန်မာပြည်သူလူထု အများစု၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးရမည်လည်း ဖြစ်ပေသည်။ 

East Asia Forum ဝဘ်ဆိုက်တွင် ဖော်ပြထားသော Can the new UN Envoy avoid past mediation failures in Myanmar? ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် နီကိုလာ အက်စ် ဝီလျံသည် သြစတြေးလျအမျိုးသားတက္ကသိုလ်ရှိ ခရောဖို့ ပြည်သူ့မူဝါဒကျောင်းတွင် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူ ဖြစ်သလို မြန်မာ့ရေးရာ သုတေသနစင်တာ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။