မြန်မာ့ပြည်တွင်းစစ်တွင် ဘက်ပေါင်းစုံမှ ပါဝင်ကစားရန် ကြိုးပမ်းနေသည့် တရုတ် (၁)

မြန်မာနိုင်ငံ၏ တကျော့ပြန် ပြည်တွင်းစစ်သည် ဘေဂျင်းအတွက် ဒွိဟပွားစရာ ဖြစ်သည်။ ရပ်ဝန်းနှင့်လမ်း စီမံကိန်း၏ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်ရှိ ဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများအတွက် ခြိမ်းခြောက်မှု ဖြစ်နေသလို ချိနဲ့ပြီး မှီခိုအားကိုးရာ ရှာနေရသည့် စစ်ကောင်စီအပေါ် အခွင့်ကောင်းယူကာ စီးပွားရေးစီမံကိန်းများ အရှိန်အဟုန် မြှင့်တင်ရန် အခါကောင်းလည်း ဖြစ်နေသည်ဟု တရုတ်က ယူဆသည်။

By Admin 11 May 2024

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင် (Chen Hai) သည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် မြန်မာနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း အချို့နှင့် တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံး၏ We Chat စာမျက်နှာတွင် ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင် (Chen Hai) သည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် မြန်မာနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း အချို့နှင့် တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံး၏ We Chat စာမျက်နှာတွင် ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။

စောသန္တာအေး ဆီလျော်အောင် ဘာသာပြန်ပါသည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် မြန်မာ့ပြည်တွင်းစစ် အရှိန်အဟုန် မြင့်တက်လာချိန်၌ တရုတ်ရင်းမြစ် လက်နက်များကို နှစ်ဘက်လုံးတွင် မြင်တွေ့နိုင်သည်။ မြန်မာစစ်ကောင်စီ၏ လေတပ်တွင် တရုတ်ထောက်ပံ့ထားသည့် ဂျက်လေယာဉ်များ ပါဝင်နေသည့် တစ်ချိန်တည်း၌ စစ်ကောင်စီကို တော်လှန်နေကြသည့် ညီနောင်မဟာမိတ် သုံးဖွဲ့သည်လည်း နယ်စပ်တလျှောက်တွင် တရုတ်ကျောထောက်နောက်ခံ ပေးထားသည့် နောက်အဖွဲ့တစ်ခုထံမှ တရုတ်လုပ် လက်နယ်ငယ်များကို ဝယ်ယူတပ်ဆင်ထားကြသည်။ တရုတ်သည် နှစ်ဘက်လုံးကို တစ်ပြိုင်တည်း ကူညီအားပေးနေသလား။ အားပေးနေသည် ဆိုပါက အဘယ်ကြောင့်နည်း။

မြန်မာနိုင်ငံရှိ အတိုက်အခံအုပ်စု မျိုးစုံနှင့် ဘေဂျင်းက ပူးပေါင်းဆောင်ရွက်ခြင်းသည် အသစ်အဆန်းတော့ မဟုတ်ပါပေ။ မြန်မာ့အရေးတွင် တရုတ်၏ မူဝါဒသည် “စည်းခွထိုင်သည့်ဗျူဟာ” (Hedging Strategy) ဖြစ်သည်။ ဤဗျူဟာအရ ဘေဂျင်းနှင့် ယူနန်ရှိ အာဏာပိုင်များသည် မြန်မာ့နိုင်ငံရေး ဝင်္ကဘာရှိ ဆက်စပ်ပတ်သက်သူများနှင့် ဆက်ဆံရေး တည်ဆောက်ကာ သြဇာလွှမ်းမိုးထားကြသည်။ တရုတ်နယ်စပ် တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို ကျောထောက်နောက်ခံ ပေးထားခြင်း၊ ဒီမိုကရေစီအရေး တော်လှန်လှုပ်ရှားမှုနှင့် နောက်ကွယ်၌ ဆက်ဆံရေး ထူထောင်ထားခြင်းတို့ လုပ်ထားသည့် တစ်ပြိုင်တည်း၌ နေပြည်တော်ရှိ စစ်ကောင်စီကိုပါ ကူညီအားပေးထားခြင်းအားဖြင့် တရုတ်သည် မည်သို့ဖြစ်ရပ်များ ထွက်ပေါ်လာသည်ဖြစ်စေ အပေါ်စီးတွင် သေချာပေါက် ရှိနေမည်ကို လိုလားသည်။

သို့သော်လည်း ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဖြင့် တော်လှန်ရေးထိုးစစ်ကြီး ပေါ်ထွက်လာသည့်အခါ၌ စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းတွင် မြို့ပေါင်း ၃၀ ကျော်အထိ လက်လွတ်ဆုံးရှုံးသွားကာ ၎င်း၏ အာဏာတည်မြဲမှုမှာလည်း အကြီးအကျယ် ကိုင်လှုပ်ခံလိုက်ရသည်။ ၁၀၂၇ ထိုးစစ်သည် တရုတ်အတွက် ကောင်းကျိုးများနှင့်အတူ နောက်ကြောင်းပြန်ဆုံးရှုံးမှုများလည်း သယ်ယူလာခဲ့သဖြင့် တရုတ်သည် သံတမန်ရေးအရ ကြားဝင်စွက်ဖက်မှုများ အလောသုံးဆယ် ထလုပ်ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးတစ်ရပ် ညှိနှိုင်းပေးခဲ့ရသည်။

တရုတ်၏ စည်းခွထိုင်မဟာဗျူဟာသည် မြန်မာနိုင်ငံ၏ ဗဟိုချက်မရှိ စစ်ကောင်စီ၏ ငုံးတိတိ အသက်ရှင်ရပ်တည်ရေးကို ထောက်ခံအားပေး ထားခြင်းဖြင့် ပိုနေမြဲကျားနေမြဲ အခြေအနေအတိုင်း ဆက်လက်ရပ်တည်မည့် သဘောဖြစ်သည်။ သို့သော်လည်း ဤဗျူဟာသည် စီမံခန့်ခွဲမှုအလွဲ ဖြစ်လျက်သားရှိနေပြီ ဆိုသည်ကို ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်၏ လုပ်ရပ်များက မီးမောင်းထိုးပြလျက်ရှိသည်။ 

ယခုလက်ရှိ ဒီမိုကရေစီအရေး လှုပ်ရှားမှုသည် အနောက်တိုင်းဘက်ကို ယိမ်းသည့် လုပ်ရပ်ဟု တရုတ်က ယူဆထားသည်။ သို့သော်လည်း တရုတ်အနေဖြင့် ဤလှုပ်ရှားမှုနှင့် တိုးတိုးတိတ်တိတ် ညှိနှိုင်းဆောင်ရွက်ကာ ၎င်း၏ ပထဝီစီးပွားရေး အကျိုးကျေးဇူးများကို ရှောရှောရှူရှူ လိုလားသည့် သဘောရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထိန်းချုပ်ထားမည့် တည်ငြိမ်သည့် ကြားခံဇုန်တစ်ရပ်ကို ဖန်တီးနေသည့် သဘောကိုလည်း မြင်တွေ့ရသည်။

မြန်မာ့အနာဂတ်အတွက် စစ်အုပ်စုသည် အရေးပါသည့်နေရာတွင် ရှိနေဆဲဟု တရုတ်က ယုံကြည်ထားသည်။ သို့အတွက်ကြောင့် မြန်မာ့တော်လှန်ရေးသည် တရုတ်ဆန့်ကျင်ရေး မဟုတ်သော်ငြားလည်း တရုတ်သည် ၎င်း၏ အကျိုးစီးပွားနှင့် ယုံကြည်ချက်အတိုင်းသာ ဦးတည် ဆောင်ရွက်မည် ဖြစ်သည်။ လိုအပ်သည်ဟု ယူဆလျှင် တရုတ်သည် အင်အားစုများအားလုံး ပါဝင်သည့် ဖက်ဒရယ် ဒီမိုကရေစီတစ်ရပ် ထူထောင်ရေးအတွက် တော်လှန်ရေး လှုပ်ရှားမှုများနှင့် ကြားဝင်ညှိနှိုင်းလိမ့်မည်။ ဝါရှင်တန်အတွက်ကတော့ ဤအချက်သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေး ခုခံတော်လှန်ရေးကို  ထောက်ပံ့မှုများအား ပိုမိုတိုးချဲ့ ဆောင်ရွက်သင့်သည့်သဘော ဖြစ်သည်။ ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မဟာမိတ်အဖွဲ့အနေဖြင့် တရုတ်အပြင် ရွေးချယ်စရာ နောက်တစ်ခု ရှိလာမည်ဖြစ်ကာ ဆိုးဝါးသည့် (Malign) တရုတ်ဖိအားကို တွန်းလှန်နိုင်မည် ဖြစ်သည်။

■ မြန်မာဆိုင်ရာ တရုတ်မူဝါဒ ကောက်ကြောင်းများ

တင်စားပြောရမည် ဆိုလျှင်တော့ မြန်မာသည် မီးပိတ်၍မရဘဲ အပူရှိန်ကိုသာ အကန့်အသတ် တစ်ခုအတွင်း အတိုးအလျှော့ ကစား၍ရနိုင်သည့် မီးဖိုပေါ်တွင် ရှိနေသော ရေနွေးအိုးကြီးဟု တရုတ်က ရှုမြင်သည်။ အတော်အသင့် အိုးဆူရုံ ဆိုလျှင်တော့ ညှိ၍ရနိုင်သလို အကျိုးအမြတ်လည်း ရကောင်းရမည်။ သို့သော်လည်း အလွန်အကျွံ ဆူပွက်ပြီး တရုတ်၏ တည်ငြိမ်ရေးနှင့် အကျိုးစီးပွားများကိုပါ အန္တရာယ်ပြုလာသည့် မြန်မာ့ပြည်တွင်းစစ်ကတော့ ထိုသို့မဟုတ်တော့ပေ။ တကယ်တမ်းလည်း ကနဦးတွင် စိုးရိမ်ပူပင်ရသည်များ ရှိခဲ့လင့်ကစား ဘေဂျင်းသည် ၎င်း၏စီမံကိန်းများ ရှေ့ဆက်ရန်အတွက် သဘောတရာရေးရာ မတူကွဲပြားမှုများကို ဘေးဖယ်ကာ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၁ ဖေဖော်ဝါရီကြားကာလတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဒီမိုကရေစီ အစိုးရနှင့် ခိုင်မာအားကောင်းသော ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် တရုတ်သည် အပြင်ပန်း၌ စစ်ကောင်စီကို အားပေးအားမြောက် ရှိနေခဲ့သလို အတွင်းတွင်လည်း ဒီမိုကရေစီ လိုလားသည့် NUG အစိုးရနှင့်ပါ အဆက်အသွယ်များ  ရှိထားသည်။ တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် ကာလရှည်ကြာ ရှိလာခဲ့ကြသည့် ကြားခံအုပ်စုများ (Proxies) ကိုလည်း ဆက်လက်၍ လက်နက်ပံ့ပိုးပေးခဲ့သည်။ အရေးကြီးသည့်အချက်မှာ ဘေဂျင်းနှင့် အားအကောင်းဆုံး မဟာမိတ်ဖြစ်သော UWSA ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သည် တရုတ်ထံမှ ရရှိသည့် လက်နက်များအား စစ်အစိုးရဆန့်ကျင်ရေး အုပ်စုများ အပါအဝင် မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်း အများအပြားထံသို့ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သုံးနှစ်တာအတွင်း တိုက်ပွဲများသည် မှန်မှန်ကြီး အရှိန်မြင့်တက်လာခဲ့သည်။ စစ်ကောင်စီ၏ အရမ်းကာရော လက်တုံ့ပြန်မှုများနှင့် မကျွမ်းကျင်မှုများကြောင့် NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားကို ပေါင်းစည်းမိသွားစေပြီး ပိုပို၍စည်းလုံးလာနေသည့် တော်လှန်ရေးလှုပ်ရှားမှုတစ်ရပ် ပေါ်ထွက်လာစေခဲ့သည်။ အရေးပါသည်မှာ မြန်မာ့နိုင်ငံရေးကို ကာလရှည်ကြာ လက်ဝါးအုပ်လာခဲ့သည့် လူများစု ဗမာတိုင်းရင်းသားများသည် မြန်မာစစ်တပ်ကို တော်လှန်ရာတွင် အကြီးအကျယ် ပါဝင်နေကြပြီး လူနည်းစု တိုင်းရင်းသားအုပ်စုများနှင့်ပါ (တင်းမာမှုများ ရှိနေဆဲဖြစ်သော်လည်း) ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာသည့်အချက် ဖြစ်သည်။  

တစ်ချိန်တည်းတွင် မြန်မာ့အကျပ်အတည်းကြီးသည် ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့လာနေပြီး နယ်စပ်တလျှောက်ရှိ လုပ်ငန်းလည်ပတ်နေကြသည့် ရာဇဝတ်ဂိုဏ်း ကွန်ရက်များအတွက် အခြေအနေများ ဖန်တီးပေးလျက်ရှိသည်။ အချို့ဂိုဏ်းများကို မြန်မာစစ်ကောင်စီက အကာအကွယ် ပေးထားပြီး အချို့မှာ UWSA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအချို့၏ လက်အောက်တွင် ရှိသည်။ ထိုနေရာ၌ အုပ်စုများသည် ဝက်သတ်ရိုက်စားများ (Pig Butchering Scams) ဟု ခေါ်ကြသည့် လုပ်ငန်းများ လုပ်ကိုင်ကြသည်။ အဆိုပါ ဆိုက်ဘာမှုခင်းများ၌ မြန်မာနယ်စပ်တလျှောက်တွင် အထိုင်ချ လုပ်ကိုင်နေကြသည့် ငွေလိမ်လုပ်ငန်းများအတွက် လူထောင်ပေါင်းများစွာ မှောင်ခိုကူးသည့် ဖြစ်ရပ်များလည်း ပါဝင်သည်။ လူကုန်ကူးခံရသူများသည် မကြာခဏဆိုသလို တရုတ်လူမျိုးများ ဖြစ်နေသလို ငွေကြေးတန်ဖိုး အားဖြင့်လည်း ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံးနစ်နာမှု ရှိသဖြင့် ဘေဂျင်းအတွက် စိတ်မသက်သာစရာ အကြောင်းရင်းများ ဖြစ်နေသည်။ 

■ တရုတ်၏မြှားဦး စစ်ကောင်စီဘက်သို့ လှည့်လာသောအခါ

မြန်မာနိုင်ငံ၏ တကျော့ပြန် ပြည်တွင်းစစ်သည် ဘေဂျင်းအတွက် ဒွိဟပွားစရာ ဖြစ်သည်။ ရပ်ဝန်းနှင့်လမ်း စီမံကိန်း၏ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်ရှိ ဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများအတွက် ခြိမ်းခြောက်မှု ဖြစ်နေသလို ချိနဲ့ပြီး မှီခိုအားကိုးရာ ရှာနေရသည့် စစ်ကောင်စီအပေါ် အခွင့်ကောင်းယူကာ စီးပွားရေးစီမံကိန်းများ အရှိန်အဟုန် မြှင့်တင်ရန် အခါကောင်းလည်း ဖြစ်နေသည်ဟု တရုတ်က ယူဆသည်။ တစ်ချိန်တည်း၌ NUG သည် အမေရိကန်နှင့် ပိုနီးစပ်သည်ဟူသည့် အကောက်အယူကလည်း အမေရိကန်-တရုတ် အားပြိုင်မှု ပိုမိုပြင်းထန်လာချိန်၌ ဘေဂျင်းအတွက် စိတ်ပူစရာ ဖြစ်နေပြန်သည်။ ထိုထက်ပို၍ ရှုပ်ထွေးသည်များမှာ မြန်မာစစ်တပ်သည် လက်ရှိအချိန်အထိ အရည်အချင်းညံ့ဖျင်းမှုများကိုသာ ပြသနေသလို စီးပွားရေး ကသောင်းကနင်း ဖြစ်နေချိန်၌ တရုတ်နယ်စပ်တလျှောက်တွင် ဆိုက်ဘာငွေလိမ်ဂိုဏ်းများကို အရေးမယူဘဲ လုပ်ငန်းလည်ပတ်ခွင့် ပြုထားခြင်းများ ဖြစ်သည်။

တရုတ်သည် ထိုအခြေအနေကို ထိန်းချုပ်နိုင်စွမ်း မြန်မြန်ဆန်ဆန်ပင် ကင်းမဲ့လာနေသည့်အတွက် ၂၀၂၂ နှောင်းပိုင်းတွင် မြန်မာစစ်ကောင်စီကို ပိုမို၍ ပွင့်ပွင့်လင်းလင်း ထိတွေ့ဆက်ဆံခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် မေလအရောက်တွင် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ကျင်ကန်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံသို့ အဆင့်အမြင့်ဆုံး တရုတ်အရာရှိကြီးတစ်ဦး တရားဝင် ရောက်ရှိခဲ့ခြင်းဖြစ်သည့် အဆိုပါ ခရီးစဉ်၌ လက်တစ်ကမ်းအကွာမှ ဆက်ဆံသည့် သံတမန်ဆက်ဆံရေး မူဝါဒကို အဆုံးသတ်ခဲ့သလို စစ်ကောင်စီကိုလည်း ဆိုက်ဘာရာဇဝတ်သားများအား ထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးခဲ့သည်။

နောက်ခြောက်လအတွင်း တရုတ်သည် စစ်ကောင်စီကို တော်လှန်နေသော ညီနောင်မဟာမိတ် သုံးဖွဲ့တွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအား ဖိအားပေးနိုင်ရေးအတွက် နောက်ကွယ်၌ ကြိုးကိုင်စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း မြန်မာစစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးရန်အတွက် အတိအလင်း စစ်ခင်းလိုက်ခြင်းတော့ မဟုတ်ခဲ့သေးပေ။ စစ်ကောင်စီသည် ဆိုက်ဘာငွေလိမ်မှုများနှင့် ပတ်သက်လျှင် ခေါင်းမာနေဆဲ ဖြစ်သည်။ သို့သော်လည်း တရုတ်နှင့် အလွမ်းသင့်သည့် နယ်စပ် လက်နက်ကိုင် အုပ်စုများသည် သံသယတရားခံ ခေါင်းဆောင်များအား ဘေဂျင်းလက်သို့ လွှဲပြောင်းပေးအပ်မှုများ စလုပ်လာခဲ့သည်။

■ ၁၀၂၇ စစ်ဆင်ရေးနှင့် တရုတ်၏ အခန်းကဏ္ဍ

မြန်မာ့ပြည်တွင်းစစ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အသံအကျယ်လောင်ဆုံး အဆင့်သို့ ရောက်သွားခဲ့သည်။  တိုင်းရင်းသားလက်နက်ကိုင် အုပ်စုသုံးခု စုဖွဲ့ထားသည့် ညီနောင်မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်မြန်မာ နယ်စပ်တလျှောက်တွင် ရှိနေသော စစ်ကောင်စီပစ်မှတ်များအား ထိုးစစ်တစ်ရပ် ရုတ်ချည်း ဆင်နွှဲလိုက်သည်။ မြို့များကို မြန်မြန်ဆန်ဆန်ပင် သိမ်းပိုက်လိုက်ပြီး နယ်စပ်ကုန်သွယ်ရေးကို အဓိက ထောက်ပိုးထားသည့် ဗျူဟာမြောက် အဝေးပြေးလမ်းမများကိုလည်း ဖြတ်တောက်လိုက်သည်။ ဤသို့ဖြင့် စစ်ကောင်စီသည် ဆင့်ကဲအရှုံးများ ရင်ဆိုင်သွားရသလို တိုက်ပွဲများသည်လည်း မကြာမီပင် တစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့သည်။

ညီနောင်မဟာမိတ်သည် တရုတ်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံရေးများ ရှိထားသလို တရုတ်၏လက်နက်နှင့် စီးပွားရေးအပေါ် မှီခိုအားထားရသည့် အနေအထားတွင်ရှိသည်။ ယခုထိုးစစ်သည် ဆိုက်ဘာငွေလိမ်ဂိုဏ်းများကို ပစ်မှတ်ထားသည့် အရပ်ဘက်တရားစီရင်မှု လုပ်ရပ်တစ်ခု အဖြစ်လည်း မြင်သာထင်ရှားသည်ဖြစ်ရာ ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် ၎င်း၏ ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာ့အရေးတွင် ဘေဂျင်း၏ အခန်းကဏ္ဍအတွက် မေးခွန်းအများအပြား ထွက်ပေါ်လာစေခဲ့သည်။ တရုတ်သည် ၎င်း၏ နိုင်ငံသားများ ဒေါ်လာဘီလျံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် ငွေလိမ်ဂိုဏ်းများ၌ မြန်မာစစ်ကောင်စီလည်း ကြံရာပါဖြစ်နေခြင်းကို မကြေမလည် ဖြစ်ကာ မြန်မာစစ်တပ်ဘက်မှ စစ်ကောင်စီ တော်လှန်ရေးဘက်ဆီသို့ ဘက်ပြောင်းသွားသလား။ သို့မဟုတ်လျှင်လည်း အနည်းဆုံးအားဖြင့် စစ်ကောင်စီတော်လှန်ရေး အုပ်စု၏ အစိတ်အပိုင်း အချို့ဆီသို့ ဘက်လှည့်သွားသလား။

အပိုင်း (၂) ကို ဆက်ဆက်ဖော်ပြသွားပါမည်။

War on the Rocks ဝဘ်ဆိုက်တွင် ဖော်ပြထားသော ဆောင်းပါးရှင် Lucas Myers ၏ Mismanaging of the Unmanageable: China Tries to Play All Sides in Myanmar’s Metastasizing Civil War ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ 

ဗီဒီယိုများ