မြန်မာ့ပြည်တွင်းစစ်တွင် ဘက်ပေါင်းစုံမှ ပါဝင်ကစားရန် ကြိုးပမ်းနေသည့် တရုတ် (၂)

လုံးချာလည်နေသည့် မြန်မာ့အခြေအနေအား တရုတ်က ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုများသည် နောက်ထပ် သတိပြုစရာ အချက်တစ်ရပ် ပေါ်ထွက်လာစေသည်။ မြန်မာ့အရေးတွင် တရုတ်သည် ပြည်ပနိုင်ငံများအနက် သြဇာအလွှမ်းမိုးဆုံး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘက်ယိမ်းဦးစားပေး ပြဿနာ (double-sided ‘principal-agent’ problem) က ဖြစ်ရပ်များအပေါ် ၎င်း၏ ထိန်းချုပ်နိုင်စွမ်းကို ကန့်သတ်ထားသည်။

15 May 2024

ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

စောသန္တာအေး ဆီလျော်အောင် ဘာသာပြန်ပါသည်။

ဘေဂျင်း၏ လုပ်ရပ်နှင့် ရည်ရွယ်ချက်များသည် သာမန်ကာလျှံကာ အမြင်ဖြင့် နားလည်ရခက်လှသည်။ တရုတ်သည် တဘက်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ကို နားလည်မှုဖြင့် ကျောထောက်နောက်ခံ ပေးထားပုံပေါ်သည်။ ဘေဂျင်း၏ “ငွေလိမ်လုပ်ငန်းများကို ထိုးဖောက်တိုက်ဖျက်လိုသည့် ဆန္ဒက တရုတ်၏ သမားရိုးကျ နယ်စပ်လုံခြုံရေး ပူပန်မှုများထက် အသာစီးရသွားပုံပေါ်သည်” ဟု အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က မှတ်ချက်ပြုသည်။

လေ့လာသူအချို့ကလည်း စစ်ကောင်စီနှင့် နားလည်မှုယူထားသည့် ငွေလိမ်ဂိုဏ်းမှ ထွက်ပြေးရန် ကြိုးပမ်းသည့် တရုတ်၏ အသွင်ယူ ထောက်လှမ်းရေးသမားများ အပါအဝင် တရုတ်နိုင်ငံသား အများအပြား အသတ်ခံရသည့် ဖြစ်စဉ်ကို ၁၀၂၇ စစ်ဆင်ရေးအား တရုတ်က ခွင့်ပြုလိုက်ခြင်းနှင့် ဆက်စပ်သုံးသပ်ကြသည်များ ရှိသည်။ ၁၀၂၇ စစ်ဆင်ရေးသည် ဆိုခဲ့ပါ အသတ်ခံရမှု ဖြစ်စဉ်အပြီး ၇ ရက်အကြာတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ 

တရုတ်အတွက် အခြားသော ပြင်ပတွန်းအားများလည်း ရှိနေသည်ကို သက်သေအထောက်အထားများက ဖော်ပြနေသည်။ ထိုအထဲ၌ NUG နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား လပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုလည်း ပါဝင်သည်။ အရေးကြီးသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် ဒီမိုကရေစီ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ ရည်ရွယ်ချက်များ မည်သို့ပင် ရှိနေစေကာမူ စစ်ကောင်စီ အကြီးအကျယ် ထိခိုက်နေပြီဖြစ်ရာ ဤအခွင့်အရေးကို ယူကာ သူ့ကို တွန်းလှန်ရမည့် အချိန် ဖြစ်သည်ကို သိနားလည်ခဲ့ကြဖွယ် ရှိသည် ဆိုသောအချက် ဖြစ်သည်။

သပွတ်အူလိုက်နေသည့် အခြေအနေနှင့် နပန်းလုံးခြင်း

ကိုင်တွယ်မရနိုင်သည်ကို တလွဲစီမံခန့်ခွဲရာ၌ ဘေဂျင်း၏မူဝါဒက မည်မျှအထိ ပါဝင်ပတ်သက်ခဲ့သည်ကို တရုတ်၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ နောက်ပိုင်းလများအတွင်းက လုပ်ရပ်များက ထပ်မံ၍ မီးမောင်းထိုးပြနေသည်။ ၁၀၂၇ စစ်ဆင်ရေး ကနဦးရက်များတွင် တရုတ်သည် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဆန့်ကျင်ဖိအားပေးမှုများ မရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ထိုအခြေအနေတွင် သူ၏သြဇာကို ထည့်သွင်းအသုံးချရန်တော့ တရုတ်က မျှော်လင့်ခဲ့မည်မှာ သေချာသည်။

ထိုးစစ်၏ ရှေ့ပိုင်းသီတင်းပတ်များအတွင်း တရုတ်အဆင့်မြင့် အရာရှိများသည် စစ်ကောင်စီနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ တစ်ချိန်တည်း၌ အပစ်အခတ် ရပ်စဲကြရန်လည်း တောင်းဆိုသလို တရုတ်ပိုင်နက်ထဲသို့ ပဋိပက္ခလျှံကျလာနိုင်ခြေ မည်သည့်အနေအထားမျိုး ကိုမဆို “အကြီးအကျယ် မကျေနပ်ကြောင်း” ပြသခဲ့သည်။ တရုတ်အရာရှိများသည် တည်ငြိမ်ရေးနှင့် ရာဇဝတ်ဂိုဏ်း ကွန်ရက်များ အရေးတို့နှင့် ပတ်သက်ပြီး ၎င်းတို့ဘက်က စိုးရိမ်ပူပန်မှုများကို ချပြကာ နယ်စပ်လုံခြုံရေး အရေးပါမှုကို အလေးထား ပြောကြားခဲ့ကြသည်။

ရာဇဝတ်မှုကွန်ရက်များ ပြိုလဲသွားခြင်းအပေါ် တရုတ်အနေဖြင့် ကျေနပ်မှုရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၏ မှတ်ချက်အရ ခန့်မှန်းရသည်။ တစ်ဆက်တည်း၌ ဘေဂျင်းသည် ယခုအနေအထားဖြင့် တော်လောက်ပြီဟု ဒီဇင်ဘာလ အစောပိုင်းတွင် ဆုံးဖြတ်ခဲ့သည်မှာ မြင်သာသည်။ ထိုအချိန်တွင်ကား ညီနောင်မဟာမိတ် သုံးဖွဲ့သည် မြို့ပေါင်း တစ်ဒါဇင်နီးပါးနှင့်အတူ သိသိသာသာကြီးမားသည့် နယ်မြေပမာဏ တစ်ခုအထိ သိမ်းပိုက်မိသွားပြီဖြစ်သည်။ ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သော အာရက္ခတပ်တော် (အေအေ) သည်လည်း ရခိုင်ပြည်နယ်၌ တရုတ်၏ အရေးပါသည့် စီမံကိန်းများ တည်ရှိရာ အနီးတဝိုက်တွင် သီးခြား တိုက်ခိုက်မှု တသီတန်းကို စတင်ဆင်နွှဲနေခဲ့ပြီ ဖြစ်လေသည်။ 

စစ်ကောင်စီ၏ တပ်ဖွဲ့များသည် နိုင်ငံတစ်ဝန်းရှိ မဟာဗျူဟာမြောက် ဧရိယာများတွင် တောက်လျှောက် ပြိုလဲနေပြီး ၎င်းအသာစီးရထားသည့် လေကြောင်းနှင့် လက်နက်ကြီးစွမ်းရည် အင်အားမှာလည်း အလွန်အမင်း ဖြန့်ကြက်ထားရသည် ဖြစ်ရာ နည်းဗျူဟာအဆင့်တွင် အောက်ခြေမြေပြင်ကို အပိုင် ထိန်းချုပ်ထားနိုင်သည့် အနေအထား၌ မရှိတော့ပေ။

ဤသို့ဖြင့် တရုတ်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ ထိုစဉ်က ဘေဂျင်းက အပစ်ရပ်ရေး သဘောတူညီချက်တစ်ရပ် အောင်မြင်စွာ ရယူပေးနိုင်ခဲ့သည်ဟု ဖော်ညွန်းခဲ့သည့် ညှိနှိုင်းဆွေးနွေးပွဲများကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် စီစဉ်ပေးခဲ့သည်။ သို့သော်လည်း နှစ်ဘက်လုံးက ဆက်လက် တိုက်ခိုက်ခဲ့ကြသည်ဖြစ်ရာ ဘေဂျင်း၏ သြဇာလွှမ်းမိုးနိုင်စွမ်း အကန့်အသတ်မှာ မြန်မြန်ဆန်ဆန်ပင် ပေါ်လွင်လာခဲ့သည်။ ညီနောင်သုံးဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း အပိုင်းအခြားတလျှောက်တွင် ထိန်းချုပ်နယ်မြေများ ပိုမိုရယူထားလိုသည်မှာ မြင်သာနေသည်။ ၎င်းတို့က အပစ်အခတ်ရပ်စဲရေး တစ်ရပ် ရှိထားသည် ဆိုသည်ကို ငြင်းဆိုသည့်အပြင် “မိမိတို့၏ ရည်ရွယ်ချက်သည် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်” ဟုပင် ပြောလိုက်သေးသည်။ စစ်ကောင်စီဘက်က ဆိုလျှင်လည်း အပစ်အခတ် ရပ်စဲရေးတစ်ရပ် လိုလားသည်မှာ သိသာထင်ရှားနေလင့်ကစား မြန်မာစစ်တပ်သည် အရေးပါသည့် လောက်ကိုင်မြို့ကိုလည်း ဖြစ်နိုင်လျှင် ထိန်းချုပ်ထားလိုသေးသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ တပ်များသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အစောပိုင်းအရောက်တွင် လောက်ကိုင်မြို့ကို ပိတ်ဆို့ဖြတ်တောက်လိုက်သည်။ ဘေဂျင်းကလည်း လောက်ကိုင်မှ စစ်ကောင်စီ၏ လက်ကျန်တပ်များ လက်နက်ချကြရန် ကြားဝင်စေ့စပ်ပေးခဲ့သည်ဟု သိရသည်။ ၎င်း၏ နယ်စပ်တလျှောက် မတည်ငြိမ်မှု၊ နှစ်နိုင်ငံကုန်သွယ်ရေး ရှေ့မဆက်နိုင် ဖြစ်နေရမှုတို့အပေါ် မကျေမနပ် ဖြစ်နေသည်ဟု ယူဆရသည့် တရုတ်သည် ကူမင်းမြို့တွင် ထပ်မံ၍ မအောင်မြင်သည့် ဆွေးနွေးပွဲများ ကျင်းပဖို့ ဖိအားပေးခဲ့ပြန်သည်။ နှစ်ဘက်အကြား အပစ်ရပ်ရေး သဘောတူညီချက်ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရရှိခဲ့သည်။

ဤဆွေးနွေးပွဲတွင် နှစ်ဘက်လုံးက ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်ရန် သဘောတူညီခဲ့ကြသလို နယ်စပ်ဒေသ၊ တရုတ်စီမံကိန်းများနှင့် မြန်မာပြည်တွင်း၌ ရှိနေကြသည့် တရုတ်လူမျိုးတို့၏ လုံခြုံရေးကို လက်လွတ်စပယ် မလုပ်ရန်လည်း ကတိပေးခဲ့ကြသည်။ သတိပြုရမည်မှာ ဤသဘောတူညီချက်သည် တရုတ်နယ်စပ်နှင့် ဆက်စပ်၍သာ ညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်ကာ မြန်မာပြည်တွင်း တရုတ်လွှမ်းမိုးမှု ပိုနည်းသည့် အခြားသော တိုက်ပွဲဧရိယာများ မပါဝင်သည့်အချက် ဖြစ်သည်။

ကြေညာချက် ထုတ်ပြန်ပြီး နောက်ရက်များတွင် ပြတ်တောင်းပြတ်တောင်း တိုက်ပွဲငယ်များ ဖြစ်ခဲ့သေးသည်။ သို့သော်လည်း ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်အပတ် ရပ်စဲရေးသည် ဇန်နဝါရီလမှ စတင်၍ အခိုင်အမာရှိခဲ့ပြီ ဖြစ်သည်။ တရုတ်က ကြားဝင်ဖျန်ဖြေထားသည့် သဘောတူညီချက်ဖြင့် အသက်ရှူပေါက်ရသွားသည့် စစ်ကောင်စီသည် အခြားနေရာများတွင် အာရုံစိုက်ရန် အခွင့်အရေး ပြန်ရလာခဲ့သည်။ ဥပမာဆိုရလျှင် စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ကို ပြန်သိမ်းလိုက်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။ သို့သော်လည်း (အပစ်ရပ် သဘောတူညီချက်သည်) အေအေကိုတော့ လွှမ်းမိုးမှု မရှိသလောက်သာ ဖြစ်သည်။ အေအေသည် ရခိုင်တွင် ထိုးစစ်များ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ရပ်ဆိုင်းသွားခြင်းနှင့်အတူ နောက်ထပ် သဘောတူညီချက် တစ်ရပ်လည်း မတ်လ ၃ ရက်နေ့တွင် အများပြည်သူကြား၌ ပျံ့နှံ့ပေါ်ထွက်လာခဲ့သည်။ အရေးပါသည့် သတ်မှတ်ချက်များအနက် အကောက်အခွန်ခများကို ညီနောင်မဟာမိတ်အဖွဲ့က ၇၀ ရာခိုင်နှုန်းနှင့် စစ်ကောင်စီက ၃၀ ရာခိုင်နှုန်း အချိုးကျ ခွဲယူကြမည် ဟူသောအချက်၊ ကိုးကန့်ကို မဟာမိတ်အဖွဲ့ဝင် တစ်ဖွဲ့က ထိန်းချုပ်မည်ကို စစ်ကောင်စီက အသိအမှတ်ပြုသည် ဟူသောအချက်၊ ထုံးစံအတိုင်းပင် တရုတ်၏ အကျိုးစီးပွားနှင့် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်မည် ဆိုသောအချက်များ ပါဝင်သည်ကို တွေ့ရသည်။ သို့သော်လည်း ဤအချက်များသည် တရုတ်ဘက်မှ ပေါက်ကြားလာခြင်း ဖြစ်ဟန်ရှိသလို ညှိနှိုင်းမှုများသည်လည်း သိပ်အောင်မြင်ပုံမရဟု ကြားသိရသည်။ နှစ်ဘက်လုံးကလည်း ပေါက်ကြားလာသော သဘောတူညီချက်များကို အရေးမပါသယောင် လျှော့ပေါ့ပြောဆိုခဲ့သလို စစ်ကောင်စီဘက်က ဆိုလျှင် လုံးလုံးပင် ငြင်းပယ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အခြားနေရာများတွင်တော့ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ပြီး ဇန်နဝါရီလတွင် သဘောတူညီခဲ့သည့် အပစ်အခတ်ရပ်စဲရေးမှာလည်း ၂၀၂၄ မတ်လအရောက်တွင် ခပ်လှုပ်လှုပ် ဖြစ်လာခဲ့သည်။ ညီနောင်မဟာမိတ် အဖွဲ့ဝင်တစ်ဖွဲ့ ထိန်းချုပ်ထားသည့် ရှမ်းမြို့သုံးမြို့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာသည်။ ညီနောင်မဟာမိတ်ကလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း သတိပေးချက်တစ်ရပ် ထုတ်ပြီး တုံ့ပြန်သည်။ 

တရုတ်အတွက် ပိုဆိုးသွားစေသည်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သီးခြားထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲရာမှ အမြောက်ကျည်များ တရုတ်ပိုင်နက်တွင်းသို့ ကျရောက်စေခဲ့သည့် ကိစ္စဖြစ်သည်။ တရုတ်နယ်စပ်တလျှောက်တွင် ရှိနေသည့် KIA သည် NUG ၏ အရေးပါသော မဟာမိတ်ဖြစ်သလို ဘေဂျင်းဖိအားလည်း ပိုနည်းသည့် အဖွဲ့ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံတွင်းမှ စစ်ပွဲကို မထိန်းချုပ်နိုင်တော့ပေ။

တရုတ်သည် နယ်စပ်ရှိ ရာဇဝတ်ကွန်ရက်များအား ညီနောင်မဟာမိတ် သုံးဖွဲ့က တိုက်ထုတ်သည်ကို နားလည်မှုဖြင့် ခွင့်ပြုကောင်း ခွင့်ပြုခဲ့နိုင်သည်။ အထူးသဖြင့် စစ်ကောင်စီကပါ ယခုအခါ အကြီးစား ဒုစရိုက်သမားကြီးများအား သုတ်သင်ရှင်းလင်းခြင်း သို့မဟုတ် တရုတ်လက်သို့ လွှဲပြောင်းပေးခြင်း စသဖြင့် ဆောင်ရွက်ပြကာ ပါဝင်လှုပ်ရှားလာစေသည့် အနေအထားမျိုးသို့ ရောက်လာသည့်အတွက် ဖြစ်သည်။ သို့သော်လည်း ၁၀၂၇ စစ်ဆင်ရေးက စစ်ကောင်စီအား ချာလပတ်လည်ကာ ထိန်းမရသိမ်းမရ ဖြစ်သွားစေသည့် အနေအထားမှာမူ တရုတ်၏ အစီအစဉ်မဟုတ်သည်မှာ သေချာသလောက်ရှိသည်။

တရုတ်သြဇာ၏ အကန့်အသတ်

လုံးချာလည်နေသည့် မြန်မာ့အခြေအနေအား တရုတ်က ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုများသည် နောက်ထပ် သတိပြုစရာ အချက်တစ်ရပ် ပေါ်ထွက်လာစေသည်။ မြန်မာ့အရေးတွင် တရုတ်သည် ပြည်ပနိုင်ငံများအနက် သြဇာအလွှမ်းမိုးဆုံး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘက်ယိမ်းဦးစားပေး ပြဿနာ (double-sided ‘principal-agent’ problem) က ဖြစ်ရပ်များအပေါ် ၎င်း၏ ထိန်းချုပ်နိုင်စွမ်းကို ကန့်သတ်ထားသည်။

ဘေဂျင်းအနေဖြင့် မြန်မာစစ်ကောင်စီနှင့် နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအပေါ် သြဇာလွှမ်းမိုးထားသည်ကတော့ အသေအချာပင် ဖြစ်သည်။ နှစ်ဘက်ဆက်ဆံရေး ရှုပ်ထွေးပြီး အပြန်အလှန် ယုံကြည်မှုပါ အားနည်းကြသည် ဆိုသော်ငြားလည်း တရုတ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ဆက်ဆံရေး၊ တရုတ်နှင့် စစ်ကောင်စီအကြား ဆက်ဆံရေးတို့သည် ခေါင်းပုံဖြတ်အမြတ်ထုတ်သော ဦးစားပေးပြဿနာ (principal-agent) တစ်ရပ်၏ အငြင်းပွားဖွယ် ဖြစ်လောက်အောင် ခြားနားသည့် အရသာအမျိုးမျိုး ဖြစ်နေသည်။ နှစ်ဘက်လုံးသည် လက်နက်နှင့် နိုင်ငံရေးအကူအညီအတွက် အချိန်ကာလအမျိုးမျိုး၌ အတိုင်းအဆပမာဏ အမျိုးမျိုးဖြင့် တရုတ်အပေါ် မှီခိုနေရသည်။ တရုတ်သည်လည်း ၎င်း၏ အကူအညီအတွက် အပြန်အလှန်အဖြစ် ဖိအားနှင့် သြဇာများ ရရှိသည်။ ဤသည်တို့ကို အသုံးပြုကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ရှေ့ဆက် ဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် လျှံကျလာသည့် ပြဿနာများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို သက်သာလျော့ပါးစေရန် ကိုင်တွယ် ဆောင်ရွက်နိုင်မည် ဖြစ်လေသည်။

အပိုင်း (၃) ကို ဆက်ဆက်ဖော်ပြသွားပါမည်။

War on the Rocks ဝဘ်ဆိုက်တွင် ဖော်ပြထားသော ဆောင်းပါးရှင် Lucas Myers ၏ Mismanaging of the Unmanageable: China Tries to Play All Sides in Myanmar’s Metastasizing Civil War ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

ဗီဒီယိုများ