မြန်မာ့အရေးတွင် အကျပ်ရိုက်လျက်ရှိသော ပေါက်ဖော်တရုတ်

တရုတ်အစိုးရသည် ဆန္ဒပြမှုများအား နှိပ်ကွပ်ရာတွင် အသုံးပြုမည့် ထောက်လှမ်းရေးကိရိယာများနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို လျှို့ဝှက်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်နေကြောင်း စွပ်စွဲရေးသားမှုများလည်း ဆိုရှယ်မီဒီယာများပေါ်တွင် ရှိနေသည်။

By Foreign Desk 30 Mar 2021

 တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေကြသူများအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

DMG ၊ မတ် ၃၀
(ဘာသာပြန်ဆောင်းပါး)

အသက် ၁၇ နှစ်အရွယ် ဆေးကျောင်းသား ခန့်ငြားဟိန်းတစ်ယောက် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်း တာမွေမြို့နယ်၌ ဆန္ဒထုတ်ဖော်မှုတစ်ခုအတွင်း သေနတ်ထိမှန် ကျဆုံးခဲ့သည်။ များမကြာမီ၌ သူ၏မိခင်က မိမိတို့မိသားစုသည် လူမျိုးအရ တရုတ်အနွယ်ဖြစ်သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မထောက်ခံကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့သည်။

မန္တလေးတွင် မတ်လ ၃ ရက်နေ့က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး စနိုက်ပါဖြင့် ပစ်သတ်ခံရမှုတွင်လည်း လူမျိုးရေးကိစ္စ ပါဝင်လာသည်။ ကြယ်စင် သို့မဟုတ် တရုတ်အမည် တန်ကျားရှိ ဟုအမည်ရပြီး တရုတ်ကပြားတစ်ဦးဖြစ်သည့် သူမ မကျဆုံးမီ အချိန်ပိုင်း အလိုက ရိုက်ကူးထားသည့် ဓာတ်ပုံများ၌ “Everything will be OK” ဟု ရေးသားထားသည့် တီရှပ်တစ်ထည် ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

ကြယ်စင်အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံတွန်းလှန်မှုနှင့်အတူ ဒီမိုကရေစီ လိုလားသူများအား သေစေလောက်သည့် အင်အားသုံးဖြိုခွင်းမှုများအကြား ကျဆုံးသွားသော သူရဲကောင်းတစ်ဦးအဖြစ် တစ်နိုင်ငံလုံးက ရှုမြင်ကြသည်။ လက်ရှိအချိန်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၂၅၀ ထက်မနည်း (မတ်လ ၂၇ ရက်နေ့အထိ ၄၀၀ ကျော်) ရှိနေပြီဖြစ်သည်။

အာဏာသိမ်းမှုအပေါ် တရုတ်၏ တုံ့ပြန်မှုသည် အနောက်နိုင်ငံများနှင့် မတူဘဲ များသောအားဖြင့် ဆိတ်ဆိတ်သာ ရှိခဲ့သည်။ ဆန္ဒဖော်ထုတ်သူများသည် စစ်တပ်၏ အာဏာသိမ်းမှုကို “အစိုးရအဖွဲ့အား ပြန်လည်ဖွဲ့စည်းခြင်း” အဖြစ်သာ တရုတ်ကပုံဖော် ပြောကြားမှုကို အဓိကပစ်မှတ်ထားလာ ကြသည်။ ဆန္ဒပြသူ ထောင်ပေါင်းများစွာသည်လည်း တရုတ်သံရုံးရှေ့တွင် စုဝေးပြီး စစ်အုပ်စုအား တရုတ်၏ ထောက်ပံ့မှုရှိနိုင်ခြေကို မနှစ်သက်မှုများ ပြသခဲ့ကြသည်။

မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်မဲ့ဆန္ဒပြသူများအပေါ် သေစေနိုင်သည့်အထိ ဖြိုခွင်းမှုများအပေါ် အရေးယူရန် အနောက်နိုင်ငံများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ကြိုးပမ်းမှုအား တရုတ်သည် ရုရှားနှင့်အတူ တားဆီးပိတ်ပင်ခဲ့သည်။ ထိုလုပ်ရပ်သည် ယခုလအစောပိုင်းက ရန်ကုန်တွင် တရုတ်ပိုင်စက်ရုံ အများအပြားနှင့် ပစ္စည်းများ တိုက်ခိုက်မီးရှို့ခံရမှု ကိစ္စဖြစ်ပွားအောင် လှုံ့ဆော်ပေးသလို ဖြစ်စေခဲ့ကြောင်း အချို့က ယူဆကြသည်။

တိုက်ခိုက်မှုအတွက် တာဝန်ရှိသူများအား ပြင်းပြင်းထန်ထန် အရေးယူပေးရန် တရုတ်အာဏာပိုင်များက မြန်မာအာဏာပိုင်းများထံ တောင်းဆိုချက်များကလည်း လူမှုကွန်ရက်တွင် တရုတ်အပေါ် အမျက်ထွက်မှုများ ပိုမို ပေါ်ထွက်လာစေခဲ့သည်။ ဘေဂျင်းသည် ဆန္ဒပြသူများ၏ အသက်ထက် ၎င်းတို့၏ ပိုင်ဆိုင်မှုများအတွက်သာ ပိုမိုစိုးရိမ်နေကြောင်း ပြောကြသည်များလည်း ရှိသည်။တရုတ်အစိုးရအပေါ် ဆန့်ကျင်ရေးအမြင်များမှတစ်ဆင့် တရုတ်လူမျိုးများအား ဆန့်ကျင်သည့်ပုံစံသို့ အသွင်ပြောင်းမလာစေရေးအတွက် အမြော်အမြင်ရှိသူများသည် ဆိုရှယ်မီဒီယာများတွင် ထုတ်ဖော်ပြောလာကြသည်များ ရှိသည်။ ခန့်ငြားဟိန်းနှင့် ကြယ်စင်တို့သည် ဒေသခံတရုတ်များ ဖြစ်ပြီး CDM လှုပ်ရှားမှုကိုလည်း ထောက်ခံခဲ့ကြသူများ ဖြစ်သည်ဟု သူတို့က အလေးထား ထောက်ပြကြသည်။

သက်ကြီးပိုင်း မြန်မာတရုတ် အများစုသည် ၁၉၆၇ ဇွန်လဖြစ်ရပ်ကို အမှတ်ရနေကြဆဲ ဖြစ်သည်။ ထိုအချိန်က ဒေါသထွက်နေသော လူအုပ်များသည် ရန်ကုန် တရုတ်တန်းသို့ အုံလိုက်ကျင်းလိုက် ဝင်ရောက်ပြီး မြန်မာတရုတ်များကို သတ်ဖြတ်ခြင်း၊ သူတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို လုယူခြင်းများ ပြုလုပ်ခဲ့ကြသည်။ တရုတ်တန်း အဓိကရုဏ်းသည် စစ်တပ်ထိန်းချုပ်ထားသည့် အစိုးရ၏ ဆိုရှယ်လစ်နိုင်ငံရေး စနစ်ကြောင့် မြန်မာ့စီးပွားရေး အကြီးအကျယ် ကပ်ဆိုက်နေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က နိုင်ငံတွင်း အကြီးအကျယ် ဖြစ်ထွန်းနေသည့် မှောင်ခိုဈေးကွက်တွင် ပါဝင်ပတ်သက်နေသူ အများအပြား ပါဝင်သည့် တရုတ်များသည် ထွက်ပေါက်အဖြစ် ထိုးကျွေးခံရပြီး ဓားစာခံ ဖြစ်ခဲ့ကြရသည်။ ဤဖြစ်ရပ်ဆိုးကြီး၏ နောက်ခံ အကြောင်းပြချက်မှာ မြန်မာတရုတ်အသိုင်းအဝိုင်းရှိ လူငယ်အများစုသည် တရုတ်အစိုးရကို အားပေးထောက်ခံသူများ ဖြစ်ကာ သူတို့သည် တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းပုံပါသည့် ရင်ထိုးများ တပ်ဆင်ကြသည် ဟူသည့်အချက်ဖြစ်သည်။ ထိုအကြောင်းပြချက်မှာလည်း ထိုစဉ်က အာဏာပိုင်များထံမှ ထွက်လာခြင်းသာ ဖြစ်မည်ဟု ယူဆရသည်။

လက်ရှိအချိန်ကို ကြည့်လိုက်မည်ဆိုပါက ရန်ကုန်ရှိ အတော်အတန်များပြားသော ဒေသခံတရုတ် အသိုင်းအဝိုင်းက မိမိတို့သည် ဆန္ဒဖော်ထုတ်မှုများကို ထောက်ခံပြီး တရုတ်အစိုးရနှင့် လုံးဝ ပတ်သက်မှုမရှိကြောင်း ကြေညာချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

သို့သော် မြန်မာစစ်တပ်ကို ဆန့်ကျင်နေကြသူများနှင့် CDM ကို ထောက်ခံကြသူများ၏ လက်ရှိ တရုတ်အစိုးရ ဆန့်ကျင်ရေး အမြင်သည် မြန်မာစစ်တပ်ကို တရုတ်အစိုးရက ထောက်ပံ့ထားသည် ဟူသော ယူဆချက်သက်သက်ဖြင့် ထွက်ပေါ်လာခြင်းတော့ မဟုတ်ပေ။ ထို့အစား မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ အထူးသဖြင့် တန်ဖိုးကြီးသစ်များအား တရုတ်နိုင်ငံက လုယက်ယူငင်နေသည် ဟူသော အမြင်နှင့်အတူ ဆယ်စုနှစ်ပေါင်းများစွာ ပေါင်းစုလာသည့် မကျေနပ်ချက်များမှ ပေါက်ဖွားလာခြင်းသာ ဖြစ်သည်။

(ဓာတ်ပုံ - AFP)

တရုတ်အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများသည် ၂၀၁၁ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က တရုတ်-မြန်မာ ဖက်စပ်စီမံကိန်းတစ်ခု ဖြစ်သည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ကန့်ကွက်ဆန္ဒပြကြခြင်း ဖြစ်သည်။ ထိုစီမံကိန်းသည် ထွက်ရှိသည့် လျှပ်စစ် ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်သို့ တင်ပို့ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းအား သမ္မတဟောင်း ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ဆိုင်းငံ့ခဲ့သည်။ လူထု၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရန် မိမိတို့တွင် တာဝန်ရှိသည်ဟု ထိုစဉ်က သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ ထို့နောက်တွင် နောက်ထပ် တရုတ်-မြန်မာ ဖက်စပ်စီမံကိန်းတစ်ခုအား ဆန့်ကျင်ကန့်ကွက်မှု ပေါ်ထွက်လာသည်။ ယခုတစ်ကြိမ်၌ မန္တလေးတိုင်း အနောက်မြောက်ဘက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် ပတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်စီးမှုများ ဖြစ်ပေါ်စေပြီး ဘာသာရေး အဆောက်အအုံများ အတွက်ပါ အန္တရာယ်ရှိခဲ့သည်။ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒထုတ်ဖော်သူ ကျေးရွာသား အများအပြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တရုတ်တောင်ပိုင်း ယူနန်ပြည်နယ်ကို ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ ဆက်သွယ်ပေးမည့် အမြန်ရထားလမ်း အပါအဝင် ဘေဂျင်းက အထောက်အပံ့ပေးထားသည့် မဟာစီမံကိန်းကြီးများသည်လည်း သဘာဝပတ်ဝန်းကျင်နှင့် လယ်ယာမြေ ပြဿနာများကြောင့် ဒေသခံများ၏ ဝေဖန်ကန့်ကွက်မှုများ ရင်ဆိုင်နေရသည်။

စစ်တပ်က ကြိုးကိုင်မှုများလည်း တစ်ခါတစ်ရံ ပါဝင်နေသည့် ဤလုပ်ငန်းများသည် တရုတ်အစိုးရအား အာရှတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း ကြားတွင် မဟာဗျူဟာကျကျ တည်ရှိနေသည့် မြန်မာနိုင်ငံ၏ သယံဇာတများကို ဒေသခံမြန်မာများ၏ အကျိုးကို ဂရုမစိုက်ဘဲ အမြတ်ထုတ်နေသူအဖြစ် ပုံဖော်လျက်ရှိသည်။

လက်ရှိ ဆန္ဒပြမှုများအား ဖြိုခွင်းမှုကို ကူညီရန်အတွက် စနိုက်ပါ အထူးတပ်ဖွဲ့ဝင်များကအစ ပါဝင်သော တရုတ်ပညာရှင်များသည် ရန်ကုန်တိုင်း မင်္ဂလာဒုံလေဆိပ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ရေးသားထားသည့် သတင်းများနှင့် ကောလာဟလများလည်း ဆိုရှယ်မီဒီယာများတွင် အများအပြား ပေါ်ထွက်ခဲ့သည်။

တရုတ်အစိုးရသည် ဆန္ဒပြမှုများအား နှိပ်ကွပ်ရာတွင် အသုံးပြုမည့် ထောက်လှမ်းရေးကိရိယာများနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို လျှို့ဝှက်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်နေကြောင်း စွပ်စွဲရေးသားမှုများလည်း ဆိုရှယ်မီဒီယာများပေါ်တွင် ရှိနေသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဓာတ်ပုံ - Twitter)

ဤကဲ့သို့သော အတည်မပြုနိုင်သည့် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုရေးသားချက်များကြောင့် ရန်ကုန်ရှိ တရုတ်သံရုံးသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ တရုတ်အစိုးရသည် နည်းပညာကျွမ်းကျင်သူများ စေလွှတ်ပြီး မြန်မာနိုင်ငံ၌ အင်တာနက်စောင့်ကြည့်ရေး လမ်းကြောင်း ကူညီ တည်ဆောက်နေသည် ဆိုသော အချက်ကို ငြင်းဆိုထားသည်။

သို့သော်လည်း ကောလာဟလ အများစုသည် ကောလဟလ အဆင့်တွင်သာ ရှိသည်။ ထိုကဲ့သို့သော အရေးပါသည့် ကိရိယာများကို သယ်ဆောင်လာသည့် လေယာဉ်များသည် မင်္ဂလာဒုံလေဆိပ်ကဲ့သို့ လူတိုင်းသိနိုင်သည့် နေရာများတွင် ဆင်းသက်မည့်အစား မန္တလေးအနီးရှိ မိတ္ထိလာလေဆိပ်တွင်သာ သိုသိပ်စွာ ဆင်းသက်မည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောသည်။

ဥပမာအားဖြင့် သက္ကရာဇ် ၂၀၀၀ အစောပိုင်းနှစ်များအတွင်း စစ်အစိုးရက မြောက်ကိုရီးယားနှင့် နီးကပ်သောဆက်ဆံရေး ရှိစဉ်က မြောက်ကိုရီးယားလေယာဉ်များ ဆင်းသက်မှုမျိုး ဖြစ်သည်။ သို့သော်လည်း မြန်မာအများစုက ကောလာဟလဟု ယူဆကြသော်လည်း ထိုသတင်းများသည် လက်ရှိတွင် နိုင်ငံတစ်ဝန်း မြင့်တက်လာနေသည့် တရုတ်ဆန့်ကျင်ရေး အမြင်များကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။

အတည်ပြုနိုင်သည်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ ရှေ့ရက်များ၌ မြန်မာ-ယူနန် နယ်စပ်ဧရိယာတွင် ပုံမှန်မဟုတ်သည့် တရုတ်တပ်လှုပ်ရှားမှုများ ရှိခဲ့သည် ဆိုသောအချက် ဖြစ်သည်။ တရုတ်အစိုးရ၏ လုံခြုံရေးဌာနများသည် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်စဉ်အား ကြိုသိထားသည်ကို ဤအချက်က ဖော်ပြနေသည်။

တရုတ်အစိုးရက ကနဦး သိထားသည့် အချက်အလက်များသည် မြန်မာနိုင်ငံအတွင်း ရှိနေသည့် တရုတ်ထောက်လှမ်းရေး ကွန်ရက်များထံမှ သို့မဟုတ် မြန်မာစစ်တပ်က သူတို့၏ အစီအစဉ်အား သံတမန်နားလည်မှုအရ အသိပေးထားခြင်းကြောင့် ဖြစ်နိုင်သည်။

လွတ်လပ်သော အသံလွှင့်ဌာနတစ်ခု ဖြစ်သည့် ထိုင်ဝမ်မီဒီယာ အရှေ့ဖျားအသံလွှင့်ဌာန (EBC) ၏ ဖော်ပြချက်အရ ဆိုလျှင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) သည် ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ ရက်များအတွင်း တရုတ်-မြန်မာ နယ်စပ်သို့ တပ်ဖွဲ့ဝင်အင်အား ၁၂၀၀၀ ခန့် စေလွှတ်ပြီး နေရာချထားခဲ့သည်ဟု ဆိုသည်။ EBC သည် သူတို့၏ အသံလွှင့်ချက်များအား ထိုင်ဝမ် ထောက်လှမ်းရေး အဖွဲ့များ ထံမှ ရရှိသော သတင်းအချက်အလက်များကို ကိုးကားပြီး တင်ဆက်ခြင်း ဖြစ်သည်။

PLA လေတပ်သည်လည်း J-10 တိုက်လေယာဉ် ရှစ်စီးအား နယ်စပ်အနီး လင်ကန်း လေဆိပ်တွင် နေရာချထားခဲ့သည်။ ဤကဲ့သို့ ကြိုတင်ပြင်ဆင်မှုများသည် မြန်မာဘက်မှ ထွက်ပြေးလာနိုင်သည့် ဒုက္ခသည်များအရေး သို့မဟုတ် အနာဂတ်တွင် ဖြစ်ကောင်းဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်းစစ်အရေး အထိ တွက်ချက်ပြီး ဆောင်ရွက်ခြင်းဟု EBC က ဖော်ပြသည်။
ထိုကဲ့သို့ အချက်အလက်များ ကြိုသိထားဟန် ရှိသော်လည်း တရုတ်သည် မြန်မာနိုင်ငံအတွင်း ရှိနေသည့် တရုတ်စီးပွားရေး များကို ခြိမ်းခြောက်ခံရမှု ဖြစ်ပွားစေသည်အထိ အငြင်းပွားဖွယ်ရာ ခြေလှမ်းများ ထပ်မံကျူးလွန်မိခဲ့သည်ကို တွေ့ရသည်။

ဥပမာအားဖြင့် မတ်လ ၁၆ ရက်နေ့က လှိုင်သာယာရှိ ရှင်းကျာ ဖိနပ်စက်ရုံ၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဆိုးမျိုး ဖြစ်သည်။ စက်ပိုင်ရှင် တရုတ်သည် ထိုနေ့က လစာကိစ္စ မပြေလည်မှုကို ဖြေရှင်းရန် စက်ရုံအလုပ်သမားများအား ခေါ်ယူခဲ့သည်။ သူ၏ ဝန်ထမ်းများက လုပ်ခလစာကို မကျေနပ်သဖြင့် ဆန္ဒပြသည့်အခါ စက်ရုံပိုင်ရှင်သည် စစ်တပ်ကို ခေါ်ယူပြီး ဖြေရှင်းခိုင်းခဲ့ရာမှ လူခြောက်ယောက်ထက် မနည်း သေဆုံးပြီး ၇၀ ဖမ်းဆီးခံခဲ့ရသည်။

မကြာမီပင် ထိုဖြစ်ရပ်အကြောင်း သတင်းဖော်ပြချက်များသည် ဆိုရှယ်မီဒီယာ၌ ပျံ့နှံ့သွားပြီး ဒေါသတကြီးဖြင့် ရေးသားထားသည့် တရုတ်ဆန့်ကျင်ရေး မှတ်ချက်များ လှိုင်းထခဲ့သည်။

တရုတ်အစိုးရသည် ပြည်ပ သံတမန်ခရီးစဉ်များတွင် တိဘက်ပြည်ပြေးများ၏ ဆန္ဒပြမှုများအား မြင်တွေ့နေကျ ဖြစ်သော်လည်း ယခုကဲ့သို့ ဧရာမလူအုပ်ကြီးက ရန်ကုန် တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ပြီး ဘေဂျင်းအစိုးရ၏ ပေါ်လစီအား ရှုတ်ချခြင်းမျိုးကို ကမ္ဘာ့ မည်သည့်နေရာတွင်မှ ရင်မဆိုင်ဖူးသေးပေ။

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေကြသူများ။ (ဓာတ်ပုံ - Facebook)

တရုတ်သည် အစောပိုင်း ထုတ်ပြန်ခဲ့သည့် အသက်မပါသော ကြေညာချက်များနှင့် မတူတော့ဘဲ မသိမသာ ကွဲပြားသည့် အရိပ်လက္ခဏာများ ရှိလာနေပြီဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ လက်ရှိ တရုတ်သံအမတ် ချန်းဟိုင်က မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်၌ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေသည် “တရုတ်က မြင်တွေ့လိုသည့်ပုံစံ လုံးဝမဟုတ်” ကြောင်း ထည့်သွင်း ပြောကြားထားသည်။

သို့သော်လည်း အလုံးစုံ ခြုံကြည့်ရမည်ဆိုပါက မြန်မာကို ကျရှုံးနိုင်ငံတစ်ခု အဖြစ်သို့ တွန်းပို့နေသည့် လက်ရှိဖြစ်ရပ်များအား ဘေဂျင်းအစိုးရက လူသိရှင်ကြား သို့မဟုတ် နောက်ကွယ်မှ မည်ကဲ့သို့ ပါဝင်ဆောင်ရွက်လိုစိတ် ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ တရုတ်သည် မြန်မာအပေါ် ထို့ထက်ပို အသေးစိတ်ပြောရလျှင် မြန်မာစစ်တပ်အပေါ် ကြီးမားသောသြဇာ ရှိနေသည်။ ထို့ကြောင့် တရုတ်အစိုးရက မည်ကဲ့သို့ ဆောင်ရွက်လိုသည် ဆိုသော အချက်သည် အထူးအရေးပါသည်။

လက်ရှိအချိန်အထိတော့ တရုတ်သည် မြန်မာ့သယံဇာတများအား လက်ဝါးကြီးအုပ်ပြီး အမြတ်ထုတ်လိုသည့် ၎င်း၏ မူဝါဒဟောင်းကို ပြန်လည်သုံးသပ်နေကြောင်း ညွှန်ပြသည့် အချက်အလက် တစ်စုံတစ်ရာ မရှိသေးပေ။ ဤအချက်ကို မူဆယ်တွင် တွေ့နိုင်သည်။ မူဆယ်သည် ယူနန်နှင့် ဆက်စပ်နေသည့် အဓိက ကုန်သွယ်ရေးမြို့ ဖြစ်သည်။ မူဆယ်၌ မကြာသေးမီကမှ တင်းကြပ်သော ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ညဉ့်အချိန် အိမ်ပြင်ထွက်သူကို ပစ်မိန့်ပါ ထုတ်ထားသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်များ အရဆိုလျှင် ညဉ့်အချိန် တွေ့မြင်နိုင်သည့် တစ်ခုတည်းသော လှုပ်ရှားမှုမှာ အသစ်စက်စက် ခုတ်လှဲထားသော သစ်လုံးများကို တင်ဆောင်လာပြီး တရုတ်နယ်စပ်ကို ဖြတ်ကျော်ကာ ရွှေလီမြို့မှတစ်ဆင့် တရုတ်ပြည်ထဲသို့ ဝင်ရောက်သွားသည့် ဧရာမလော်ရီကားကြီးများသာ ဖြစ်ပေသည်။

(မူရင်း - China’s Myanmar dilemma grows deep and wide by Bertil Lintner, ASIA TIMES)