ကော့ဘဇားတွင် အာဆာ ထိပ်တန်းခေါင်းဆောင်တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်ငါးဦး ဖမ်းဆီးရမိ

အူပါဇီလာရှိ ဒုက္ခသည်စခန်း အမှတ် (၄) ကို တနင်္လာနေ့က ဝင်ရောက်စီးနင်းရာတွင် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ရင်း ၁၅ ၏ အကြီးတန်း လက်ထောက်ညွှန်ကြားရေးမှူး အဘူဆာလမ်ချောင်ဒရီက ပြောကြားသည်။

By Admin 11 Jun 2024

ဓာတ်ပုံ - BDNews 24
ဓာတ်ပုံ - BDNews 24

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဝင်ရောက်စီးနင်းမှုတစ်ရပ် ပြုလုပ်ခဲ့ရာ၌ အာဆာတပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ရင်း (RAB) ၏ ပြောကြားချက်ကို ကိုးကားပြီး BDNews24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အူပါဇီလာရှိ ဒုက္ခသည်စခန်း အမှတ် (၄) ကို တနင်္လာနေ့က ဝင်ရောက်စီးနင်းရာတွင် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ရင်း ၁၅ ၏ အကြီးတန်း လက်ထောက်ညွှန်ကြားရေးမှူး အဘူဆာလမ်ချောင်ဒရီက ပြောကြားသည်။

“အာဆာထိပ်တန်းခေါင်းဆောင် တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်တွေ ရှိနေတယ်ဆိုတဲ့ သတင်းပေးချက်အရ RAB တပ်ဖွဲ့က စခန်းအမှတ် ၄ ကို ဝင်စီးခဲ့တာ ဖြစ်ပါတယ်။ ရဲတွေရောက်လာတာကို သိသွားပြီးနောက်မှာ အာဆာ လက်နက်ကိုင်တွေကလည်း ပြန်လည်ခုခံ ပစ်ခတ်ခဲ့ကြပါတယ်” ဟု ဆာလမ်ချောင်ဒရီက ပြောသည်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်တွင် ငါးဦးကို ဖမ်းမိကာ ၈ ဦးနှင့် ၁၀ ဦးကြားခန့်မှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သူက ပြောသည်။

ဖမ်းမိသူများထဲတွင် အာဆာထိပ်တန်းခေါင်းဆောင် မိုလာဗီအာကစ်ဆိုသူလည်း ပါဝင်ပြီး ၎င်းသည် ဒုက္ခသည်ခေါင်းဆောင်တစ်ဦးဖြစ်သော မိုဟာမက်မိုဟစ်အူလာအား သတ်ဖြတ်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့သူ ဖြစ်သလို လူသတ်မှု ခုနစ်မှုနှင့် ဆက်စပ်၍ အလိုရှိနေသူလည်း ဖြစ်ကြောင်း RAB က ပြောကြားသည်။ မိုလာဗီအာကစ်သည် လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် လက်နက်မှုများ အပါအဝင် အမှုပေါင်း ၂၁ မှုအတွက် အလိုရှိနေသူ ဖြစ်သည်။

ယခုကဲ့သို့ ဖမ်းဆီးမှုအတွင်း လက်နက်များ၊ ခဲယမ်းများနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်များလည်း ဖမ်းမိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်း၌ ရာဇဝတ်မှုများ ထူပြောလာသည့်အတွက် အထူးရဲတပ်ရင်း RAB သည် သတိထားစောင့်ကြည့်ကာ ဖမ်းဆီးမှုများလည်း ခပ်စိတ်စိတ် ပြုလုပ်လာနေသည်။ 

ပြီးခဲ့သော မေလ ၁၅ ရက်နေ့ကလည်း ဒုက္ခသည်စခန်း အမှတ် ၂၀ အနီးတွင် ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်စဉ် အာဆာခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက်ရှာနားနှင့် လက်ထောက်တစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့သည်။