ကိုရိုနာက အသက်သွင်းလိုက်သော တပ်မတော်၏ တစ်ကျော့ပြန်အာဏာစက်

တပ်မတော်သည် လက်ရှိအချိန်၌ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍတွင် ပြည်သူများအတွက် မားမားမတ်မတ်ရပ်တည်ပေးသည့် နေရာကို ဝင်ရောက်လာခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရသည်လည်း ၂၀၁၅ အာဏာရလာချိန်တည်းက ပထမဆုံးအကြိမ်အဖြစ် လက်နက်ကိုင်တပ်မတော်အား အရေးပါသော လိုက်လျောမှုများ ပေးလိုက်ရသည့် အခြေအနေသို့...

By စောသန္တာအေး 06 Apr 2020

(ဓာတ်ပုံ - APF)

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပျံ့နှံ့နေသည့် COVID-19 ရောဂါပိုးသည် မြန်မာနိုင်ငံသို့လည်း ရောက်ရှိလာပြီဖြစ်သည်။

နိုင်ငံတွင်း သက်တမ်းမကြာသေးသည့် ဒီမိုကရေစီရပိုင်ခွင့်များသည် မီဒီယာများအပေါ် ထိန်းချုပ်မှုများနှင့်အတူ နောက်ပြန်ဆုတ်လာလျှက်ရှိသည်။ ပြည်သူများသည်လည်း တပ်မတော်၏ နိုင်ငံရေးဦးဆောင်မှု ပုံစံသစ်တစ်မျိုးနှင့် မကြာမီ ကြုံတွေ့လာရဖွယ် ရှိနေပေသည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၁ ဦး စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူ တစ်ဦးရှိကြောင်း အစိုးရက ကြေညာထားသည်။ သို့သော်လည်း ဗိုင်းရပ်ရှိ မရှိ စစ်ဆေးမှုမှာ ရာဂဏန်းမျှသာ ရှိသေးသလို နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာလည်း လိုအပ်ချက်များစွာ ရှိနေသဖြင့် လက်ရှိရလဒ်များသည် အမှန်တကယ်ဖြစ်ပျက်နေသည့် အနေအထားနှင့် ကွာဟမှုရှိနိုင်ကြောင်း ကျန်းမာရေးအရာရှိများကိုယ်တိုင်က လက်ခံထားကြသည်။

မတ်လအလယ်ပိုင်း၌ အစိုးရသည် COVID-19 အရေးကို စီမံခန့်ခွဲရန်အတွင် အဖွဲ့ဝင် ၂၁ ဦးပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ အဆိုပါကော်မတီအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်မည်ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့အရောက်တွင် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဆိုသည့် အဖွဲ့တစ်ခု ထပ်မံဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့၏ လုပ်ဆောင်ချက်များ၌ ရောဂါပိုးကူးစက်သူများ၊ ၎င်းနှင့်ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်ရန်၊ ပြည်သူများ အလန့်တကြားဖြစ်အောင် သတင်းမှားဖြန့်ဝေနေသူများအား ရှာဖွေဖမ်းဆီးပြီး အရေးယူရန် စသည့်အချက်များ ပါဝင်သည်။

အသစ်ဖွဲ့စည်းလိုက်သော ကော်မတီ၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်းမာရေးဝန်ကြီးကအစ ပါမလာတော့ပေ။

ကော်မတီသစ်ကို ဦးဆောင်သူမှာ ဒုတိယသမ္မတဦးမြင့်ဆွေ ဖြစ်သည်။ ဦးမြင့်ဆွေသည် မြန်မာ့တပ်မတော်၌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ယူခဲ့သူဖြစ်သလို ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းကို ဦးဆောင်နှိမ်နင်းခဲ့သူအဖြစ်လည်း ထင်ရှားသည်။ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အရပ်သားဝန်ကြီး ငါးဦးတို့လည်း ကော်မတီသစ်၏ အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

မြန်မာအစိုးရသည် နိုင်ငံတွင်း အရေးပေါ်အခြေအနေ မကြေညာသေးသော်လည်း ကော်မတီသစ်သည် လုပ်ပိုင်ခွင့်များနှင့်အတူ ဝင်ရောက်တာဝန်ယူနေပြီဖြစ်သည်။ ကော်မတီသစ်ကို ဦးဆောင်သူသည် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်နေသဖြင့်လည်း တပ်မတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့အပေါ် ထားရှိသည့် အာဏာချိန်ခွင့်လျှာညှိမှုမျိုး ထားရှိစရာ မလိုဘဲ အပြည့်အဝ ထောက်ခံမှုပေးမည့်အခြေအနေတွင် ရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားခဲ့သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ မအောင်မြင်ခဲ့ပေ။ သို့သော်လည်း နိုဝင်ဘာတွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက်မူ NLD ပါတီအနေဖြင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းအား လျှော့ချရန် ကြိုးစားခဲ့သည်ဟူသည့် အသိအမှတ်ပြုမှုတစ်ခု ရရှိသွားပြီဖြစ်သည်။

NLD ၏ မအောင်မြင်သော အခြေခံဥပဒေပြင်ဆင်ရေး အပြီးတွင် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အာမခံပေးနိုင်ရန်အတွက် လွှတ်တော်တွင်း ရှိနေဖို့လိုအပ်သည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆိုသော အသုံးအနှုန်းသည် COVID-19 ကာလတွင် အဓိပ္ပာယ်အသစ်တစ်မျိုးဖြင့် ပေါ်ထွက်လာခဲ့သည်။ ရက္ခိုင့်တပ်တော် (အေအေ) နှင့် ပတ်သက်နေသည်ဟု တပ်မတော်ကယူဆထားသည့် လွတ်လပ်သောသတင်းဌာနများအား ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုနှင့်အတူ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းရေးသားခွင့်တို့သည် တစ်ကျော့ပြန် တိုက်ခိုက်ခံနေရပြီ ဖြစ်သည်။

ယခုလုပ်ဆောင်ချက်များသည် ကိုရိုနာဗိုင်းရပ်စ်အရေးနှင့် တိုက်ရိုက်ဆက်စပ်မှု မရှိသော်လည်း အကြောက်တရားနှင့် မလိုလားမှု နိုင်ငံရေးအနေအထားကို တပ်မတော်အနေဖြင့် ရှောင်ရှားနိုင်စွမ်းရှိကြောင်း ဖော်ပြနေပေသည်။

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားသည့် Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ် နေလင်းသည် မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။ အေအေ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြခဲ့သည့်အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည့် ဥပဒေဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာအစိုးရသည် အေအေအား အကြမ်းဖက်အဖွဲ့အဖြစ် မတ်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုဥပဒေအရ အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။

နောက်ထပ်သတင်းဌာန သုံးခုဖြစ်သည့် နိရဉ္စရာ၊ Mandalay Indepth News နှင့် Mekong News သတင်းဌာနတို့သည်လည်း ပစ်မှတ်ထားခံခဲ့ရပြီး ၎င်းတို့၏ ဝက်ဘ်ဆိုက်များသည်လည်း မြန်မာပြည်တွင်း၌ ဝင်မရအောင် ပိတ်ခံထားရသည်။

မြန်မာ့တပ်မတော်သည် နိုင်ငံတွင်း လူအများလေးစားသည့် အထင်ကရ သတင်းဌာနများ၏ ထောက်ပံ့ငွေရရှိသည့် လမ်းကြောင်းများကိုလည်း စုံစမ်းနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါသတင်းဌာနများတွင် ယခင်က ပြည်ပတွင် အခြေစိုက်ခဲ့ပြီး ၂၀၁၂ နောက်ပိုင်းမှ ပြည်တွင်းသို့ ဝင်လာသည့် သတင်းဌာနများလည်း ပါဝင်သည်။

ထိုသတင်းဌာနများအားလုံးသည် မကြာသေးမီအချိန်အထိ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် အေအေ ခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းချက်များ ဖော်ပြမှုများ ရှိခဲ့ကြသည်။

ဧရာဝတီသတင်းဌာန၏ အယ်ဒီတာရဲနည်ကိုလည်း မတ်လတွင် ပုဒ်မ ၆၆(ဃ) ဖြင့် တပ်မတော်က အမှုဖွင့်ခဲ့သည်။ အေအေနှင့် တပ်မတော်ကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် အရပ်သားများသေဆုံးရမှုကို ရေးသားထားသည့် သတင်းဆောင်းပါးတစ်ပုဒ်ကြောင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

အခြေစိုက်စခန်း အတည်တကျမထားဘဲ ရွေ့လျားနေသည့် အေအေအဖွဲ့အား အပြတ်တိုက်ရန် မလွယ်ကူသည့် အနေအထား ကြုံလာရသော တပ်မတော်သည် နောက်ပိုင်းတွင် အေအေ၏ လူထုဆက်ဆံရေး ကွန်ရက်ဟု ၎င်းတို့ယူဆသည့် မီဒီယာနှင့် ဘဏ္ဍာရေးအထောက်အပံ့များဘက်သို့ မြားဦးလှည့်လာခဲ့သည်။

မကြာသေးမီကမှ ရှမ်းပြည်မြောက်ပိုင်းတွင် အလုံးအရင်း ဖမ်းဆီးမိခဲ့သည့် မူးယစ်ဆေးဝါးများအရေးသည် ထိုအမြင်ဖြင့် ကြည့်ရမည်ဖြစ်ကြောင်း ထောက်လှမ်းရေးရင်းမြစ်များက ပြောကြသည်။

မေလတွင် အေအေအဖွဲ့၏ မူးယစ်ဆေးဝါး ထုတ်လုပ်ရာနေရာများဟု သံသယဖြစ်ဖွယ် နေရာကြီးသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး မက်သာဖက်တမင်းဆေးပြား ၄၃ သန်း ဖမ်းဆီးရရှိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

မရှေးမနှောင်းမှာပင် စင်္ကာပူသည်လည်း ၎င်း၏နိုင်ငံတွင်း၌ ရှိနေသော ရခိုင်လူမှုရေးအသင်းနှင့် ပတ်သက်ဆက်နွယ်နေသူများအား နှိမ်နင်းခဲ့သည်။ ထိုင်းနိုင်ငံတွင်လည်း အေအေနှင့် ပတ်သက်နေသည်ဟု ယူဆရသူ ရခိုင်များအား အရေးယူမှုများရှိခဲ့သည်။

အင်တာနက်ပိတ်ဆို့မှုနှင့် မီဒီယာများ အရေးယူခံရမှုအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူအုပ်စုများက ဝိုင်းဝန်းကန့်ကွက်မှုများ ရှိနေသော်လည်း ပြည်သူအများမှာ ကိုရိုနာဗိုင်းရပ်စ် အရေးကိုသာ အာရုံစိုက်နေရသဖြင့် တပ်မတော်၏ ထိုကဲ့သို့ လုပ်ဆောင်ချက်များအပေါ် သတိမပြုမိဘဲ ဖြစ်နေကြပေသည်။

တပ်မတော်သည် လက်ရှိအချိန်၌ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍတွင် ပြည်သူများအတွက် မားမားမတ်မတ်ရပ်တည်ပေးသည့် နေရာကို ဝင်ရောက်လာခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရသည်လည်း ၂၀၁၅ အာဏာရလာချိန်တည်းက ပထမဆုံးအကြိမ်အဖြစ် လက်နက်ကိုင်တပ်မတော်အား အရေးပါသော လိုက်လျောမှုများ ပေးလိုက်ရသည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဂယက်ကို ရင်ဆိုင်နေရပြီဖြစ်ကာ ရှေ့လျှောက် မည်ကဲ့သို့သော အခြေအနေမျိုး ကြုံလာနိုင်သည်ကို မခန့်မှန်းနိုင်သေးပေ။ COVID-19 အရေးသည် ဝင်မိလျှင် ပြန်ထွက်ရန် မလွယ်ကူလှသည့် တပ်မတော်အုပ်ချုပ်မှု ပုံစံသစ်တစ်ခုကို ခင်းကျင်းပေးနေသကဲ့သို့ ဖြစ်လျက်ရှိပေသည်။

စောသန္တာအေး
(Asia Times သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် Bertil Lintner ၏ Covid-19 restores Myanmar military's lost powers ကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။)

ဆက်စပ်ဖတ်ရှုရန် -