- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးဝါး ရောင်းဝယ်ရေးအခြေအနေ (၂)
တရုတ်နိုင်ငံကဖော်ပြခဲ့တဲ့ ဆောင်းပါးတွေမှာဆိုရင်လည်း မြန်မာနိုင်ငံမှာ မူးယစ်မှောင်ခိုသမားတွေ များသထက်များလာနေပြီး အမျိုးအစားမတူတဲ့ မူးယစ်ဆေးတွေ သန်းပေါင်းရာနဲ့ချီ ရဲတပ်ဖွဲ့က မကြာခဏဆိုသလို ဖမ်းမိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
02 Apr 2023
တတိယအချက်က အစိုးရအုပ်ချုပ်ရေးစနစ် ဖြစ်ပါတယ်။ ကိုလိုနီအုပ်ချုပ်ရေး ပြီးဆုံးချိန်တည်းက မြန်မာနိုင်ငံမှာ လူတွေရဲ့ သတင်းအချက်အလက် ပေးပို့မှုကို ကန့်သတ်နိုင်တဲ့ စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေး စတင်ခဲ့ပါတယ်။ Financial Times က ဆောင်းပါးတစ်ပုဒ်မှာ မီးမောင်းထိုးပြ ထားတဲ့အတိုင်း အစိုးရဩဇာ မသက်ရောက်တဲ့နေရာတွေမှာ မူးယစ်စီးပွားရေးထွန်းကားနေပြီး အကျင့်ပျက်ခြစားမှုက ဘုံသဘောဆောင်နေပါတယ်။ အရာရှိတွေကို လာဘ်ထိုးနိုင်ပြီး လက်ရှိအခြေအနေတွေက အရင်ကထက် ပိုဆိုးလာနေပါတယ်။
စတုတ္ထအချက်ကတော့ စီးပွားရေးပါ။ မြန်မာနိုင်ငံရဲ့အုပ်ချုပ်သူ အဆက်ဆက်က စီးပွားရေးမူဝါဒတွေ ဖော်ဆောင်ခဲ့ရာမှာ အကြောင်းအမျိုးမျိုးကြောင့် မြေအောက်စီးပွားရေးစနစ်ဆီပဲ ဦးတည်သွားခဲ့ရပါတယ်။ ဒီမှောင်ခိုဈေးကွက်က နိုင်ငံသားအများစုလိုအပ်တဲ့ ပြည်တွင်းနဲ့ပြည်ပ ကုန်ပစ္စည်းတွေကိုရရှိနိုင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းပါပဲ။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုကတော့ ပဉ္စမမြောက်အချက်ပါ။ နှစ်ဆယ်ရာစုရဲ့အလယ်ပိုင်းမှာ CIA နဲ့ ပြင်သစ်ထောက်လှမ်းရေးတို့က ကွန်မြူနစ်တွေကို ဆန့်ကျင်နိုင်ဖို့တစ်ခုတည်းနဲ့ ရွှေတြိဂံဒေသမှာ ဘိန်း ထုတ်လုပ်ရေး ကြီးမားလာအောင်ကူညီခဲ့ပါတယ်။ နိုင်ငံတော်တော်များ ကလည်း ဘိန်းထုတ်လုပ်ရေး ပိုပြီးကျယ်ပြန့်လာအောင် ဝယ်လက်အဖြစ်နဲ့ ကူညီပေးခဲ့ပါတယ်။ အရင်ကဘိန်း၊ အခုစိတ်ကြွဆေးဝယ်လိုအားက မြန်မာနိုင်ငံကို ဝန်းရံနေတဲ့နိုင်ငံတွေအပြင် ထိုင်းကနေ နယူးဇီလန်၊ ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားအထိ အားကောင်းမောင်းသန်နဲ့ ကူးလူးဖြတ်သန်းနေပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကဒေသတွေမှာ မူးယစ်ဆေးဝါးဈေးကွက် မပေါ်ပေါက်သေးခင် ကာလကြာမြင့်စွာကတည်း အမေရိကန်နဲ့ ဥရောပအတွက် မြန်မာနိုင်ငံက အရေးကြီးတဲ့ မူးယစ်ဆေးဖောက်သည်နိုင်ငံ ဖြစ်နေခဲ့ပါတယ်။
ဘိန်းအတွက် အထူးအရေးအကြီးဆုံးနဲ့ ဆဋ္ဌမမြောက်အချက်က မြေယာနဲ့ ချေးငွေရရှိရေးကိစ္စတွေပါ။ အရိုးရှင်းဆုံးပြောရရင် မိသားစုအတွက် စားဝတ်နေရေးကိစ္စကို ဖြေရှင်းတဲ့နေရာမှာ ဘိန်းစိုက်ဝင်ငွေက အဓိက အကျဆုံးဖြစ်နေတဲ့ကိစ္စပါပဲ။ ဘိန်းက စိုက်ပျိုးရလည်းလွယ်ကူသလို မြန်မြန်ကြီးထွားတတ်တဲ့ သဘာဝရှိတဲ့အပြင် တခြားစိုက်ပျိုးရေးထုတ် ကုန်တွေထက် စိုက်ပျိုးစရိတ် သက်သာပါတယ်။ မြန်မာနိုင်ငံက မိသားစု ဝင်အများအပြားအနေနဲ့ ဘဝရှင်သန် ရပ်တည်နိုင်ရေးအတွက် ဘိန်းစိုက် လုပ်ငန်းအပေါ် မှီခိုနေရပြီး ဘိန်းစိုက်ပျိုးရေး ကျဆင်းနေပေမယ့် အမြတ်အစွန်းများတဲ့ လုပ်ငန်းဖြစ်နေတုန်းပါပဲ။ ထိုင်းနိုင်ငံထုတ် Manager Daily 360 Degree ရဲ့ဆောင်းပါးတစ်ပုဒ်မှာလည်း ဘိန်းစိုက်ပျိုးတဲ့လုပ်ငန်းက မကောင်းမှန်းသိပေမယ့် မိသားစုဝမ်းရေး အဆင်ပြေဖို့အတွက်ဆို နောက်ထပ်ရွေးချယ်စရာလည်း မရှိသေးတဲ့အတွက် ဒီလုပ်ငန်းကိုပဲ လုပ်ကိုင်နေရတယ်လို့ ဘိန်းစိုက်တောင်သူတစ်ယောက် ပြောကြောင်း ဖော်ပြထားပါတယ်။
■ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးလုပ်ငန်း
မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှုနှုန်း ကြီးမားပါတယ်။ ဒါပေမယ့် ပျမ်းမျှဝင်ငွေက ဆင်းရဲမွဲတေမှုမျဉ်း အထက်မှာရှိနေပါတယ်။ ဒါကြောင့်လည်း လူအများစုကို ဆင်းရဲတွင်းက လွတ်မြောက်နိုင်စေပေမယ့် နောက်ထပ် လူအစုလိုက်အပြုံလိုက်ကိုလည်း ဆင်းရဲတွင်းထဲ တွန်းပို့နိုင်ပါတယ်။ ကပ်ရောဂါနဲ့ အာဏာသိမ်းလိုက်တာက မြန်မာနိုင်ငံလူဦးရေရဲ့ တစ်ဝက်နီးပါး ၂၅ သန်းကို ဆင်းရဲတွင်းထဲ အမြန်ဆုံးနှုန်းနဲ့ တွန်းပို့လိမ့်မယ်လို့ ကုလသမဂ္ဂက ယူဆထားပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ကြုံနေရတဲ့ ပြည်သူတွေအနေနဲ့ ငွေရလွယ်တဲ့ မူးယစ်ဆေးလုပ်ငန်းဆီ ဦးလှည့်ကြပါ တော့တယ်။ တနည်းအားဖြင့်ကတော့ စီးပွားရေးနှေးကွေးနေတာကို တရားမဝင်ဝင်ငွေနဲ့ ပြန်ပြီးတုန့်ပြန်လိုက်တာပါပဲ။ ဒေသတွင်းက ရာဇဝတ်ဂိုဏ်းတွေကလည်း မူးယစ်ဆေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနေကြပါတယ်။
အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း ၂၀၁၄ ကစပြီး ဘိန်းထုတ်လုပ်ရေးကျ ဆင်းခဲ့ပေမယ့် ဆက်ပြီးလုပ်ကိုင်နေတုန်းပဲ ဖြစ်သလို စိတ်ကြွဆေး ဈေးကွက်ကလည်း ကြီးမားလာနေတုန်းပါပဲ။ ကပ်ရောဂါကြောင့်ဖြစ်ရတဲ့ အခက်အခဲကြောင့် ၂၀၂၀ အတွင်း ဓာတုဆေးဝါးထုတ်လုပ်မှုတွေ အမြင့်မားဆုံးဖြစ်ခဲ့ပါတယ်။ ကိုဗစ်နဲ့အာဏာသိမ်းမှုကြောင့် မြန်မာ့အနာဂတ်က ပြောင်းလဲသွားနိုင်ပြီး ဒီအခြေအနေတွေအတိုင်း ဆက်ဖြစ်နေရင်တော့ ဘိန်းထုတ်လုပ်ရေးက နောက်တစ်ဖန်ပြန်ပြီး မြင့်တက်နိုင်တယ်လို့ UNODC က ၂၀၂၁ ခုနှစ် မေလက သတိပေးခဲ့ပါတယ်။ အချက်အလက်မှန်တွေရဖို့ မလွယ်ကူတဲ့အတွက် လက်ရှိမြန်မာ့ မူးယစ်ဆေးအခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းဖို့ခက်နေပါတယ်။
အချက်အလက်မှန်တွေရဖို့အတွက် အကြမ်းဖျင်းအနေနဲ့ ထိုင်း၊ တရုတ်၊ လာအို စတဲ့နိုင်ငံတွေရဲ့ အွန်လိုင်းသတင်းစာဖော်ပြချက်တွေ၊ အစီရင်ခံစာတွေနဲ့ ဆောင်းပါးတွေအပြင် မူးယစ်ဆေးရောင်းဝယ်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်တွေ၊ ရဲအရာရှိတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ရ ကိုးကားခဲ့ရပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးရောင်းဝယ်မှုလုပ်ငန်းတွေ အရှိန်အဟုန်မြင့်လာခဲ့ပါတယ်။ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ရစ်ချက်ဟော်ဆေး က “မူးယစ်ဂိုဏ်းတွေ အတွက်တော့ စစ်အာဏာသိမ်းမှုက win-win ပဲ” လို့ပြောခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ ထုတ်လုပ်မှုကိုတိုးမြှင့်ဖို့ အာဏာသိမ်းတာကို အခွင့်ကောင်းယူမှာမို့ပါပဲ။
တရုတ်နိုင်ငံကဖော်ပြခဲ့တဲ့ ဆောင်းပါးတွေမှာဆိုရင်လည်း မြန်မာနိုင်ငံမှာ မူးယစ်မှောင်ခိုသမားတွေ များသထက်များလာနေပြီး အမျိုးအစားမတူတဲ့ မူးယစ်ဆေးတွေ သန်းပေါင်းရာနဲ့ချီ ရဲတပ်ဖွဲ့က မကြာခဏဆိုသလို ဖမ်းမိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်ဆောင်းပါး တစ်ပုဒ်မှာလည်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ မူးယစ်ဆေး ပိုပိုပေါများလာသလို ဒေသတွင်းအထွေထွေ လုံခြုံရေးနဲ့ပတ်သက်ရင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေမှာ စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။ မူးယစ်ဆေးရောင်း ဝယ်မှုတွေကို ခြေရာခံဖို့အတွက် ခိုင်မာတဲ့အရင်းအမြစ်တွေ မရှိဘူးလို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်အစောပိုင်းကစပြီး ဒေသတွင်းမူးယစ် ဆေးထုတ်လုပ်မှုနဲ့ သုံးစွဲမှုမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေ ပိုပိုပြီး များလာတယ်လို့ ဖော်ပြထားပါသေးတယ်။
အလားတူ ထိုင်းနိုင်ငံသတင်းဌာနတွေကလည်း “အာဏာသိမ်းပြီး နောက်ပိုင်း မဲခေါင်မြစ်တလျှောက် စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားမှု တိုးလာတယ်လို့ ဖော်ပြခဲ့ကြပါတယ်” (Thaiger 2021) ။ ဘန် ကောက်ပိုစ့်ရဲ့ ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေဖော်ပြခဲ့ကြတဲ့ ဆောင်းပါးပေါင်းများစွာတွေကလည်း ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက်လာတာကို မီးမောင်းထိုးပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခု နှစ်အတွင်း ထုတ်ဝေခဲ့တဲ့ဆောင်းပါးတွေမှာ မူးယစ်ဆေးလုပ်ငန်းတွေ အပေါ် အရေးယူဆောင်ရွက်တာမျိုးနဲ့ ပတ်သက်တဲ့ရေးသားချက်တွေ မတွေ့ခဲ့ရပါဘူး။
လာအိုသတင်းစာတွေကလည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလနှောင်း ပိုင်းမှာဖမ်းဆီးခဲ့တဲ့ လာအိုနိုင်ငံရဲ့ အကြီးဆုံးမူးယစ်ဆေးဖမ်းဆီးမှုကို ဖော်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံက မူးယစ်ဆေးနဲ့ အိမ်နီးချင်းနိုင်ငံ တွေကို ဝါးမြိုနေပြီး အရင်ဈေးကွက်ဟောင်းဆီပြန်ရောက်ဖို့ နည်းလမ်းသစ် တွေနဲ့ချဉ်းကပ်လာနေပါတယ်” (Duangdee 2021)။ ဒါ့အပြင် စိတ်ကြွဆေးတစ်ပြားရဲ့ဈေးနှုန်းက ဘတ် ၅၀ အောက် အနိမ့်ဆုံးဈေး နှုန်းအထိ ကျဆင်းနေပါတယ် (Thaiger 2021)။ ဒေသတွင်းမှာ ဈေးနှုန်းတွေ တည်ငြိမ်နေတာ ဒါမှမဟုတ် ကျဆင်းနေတာတွေရှိနေပေမယ့် ထုတ်လုပ်မှုက ဆက်ပြီးတိုးနေပါတယ်။ ဖမ်းဆီးတာတစ်ခုတည်းနဲ့ တော့ မူးယစ်ဆေးပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ (Reed 2021)
Reed ကပဲ “အာဏာမသိမ်းခင်အချိန် တုန်းကတော့ ကုန်တင်ကားတွေ ကို Scan ဖတ်ပြီး မူးယစ်ဆေး ရှာဖွေခဲ့ကြသလို အာဏာသိမ်းပြီးတော့လည်း အဲဒီနည်းလမ်းကို ကျင့်သုံးနေတုန်းပါပဲ။ ဒါပေမယ့် ကွာခြားချက် က တံစိုးလက်ဆောင်အဖြစ် ပိုက်ဆံပေးပြီး ဒီနည်းလမ်းကို ဖြတ်ကျော်နိုင်တာပဲ” လို့ ဖော်ပြခဲ့ပါတယ်။
ဒါကြောင့်လည်း မူးယစ်ဆေးစီးဆင်းမှုအပေါ် စစ်အာဏာသိမ်းမှုက အကျိုးသက်ရောက်နေပုံ ပေါ်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အတွက် စပြီးဖြစ်ပေါ်လာခဲ့တဲ့ ရှုပ်ထွေးမှုတွေထဲမှာ အရင်ကတည်းက အမြင့်ဆုံးအခြေအနေမှာ ရှိနေခဲ့တဲ့ မူးယစ်ဆေးထုတ်လုပ်မှုကို ပိုပြီး ဆိုးရွားလာစေခဲ့ပါတယ်။
■ နိဂုံး
ဖော်ပြခဲ့တဲ့ သုတေသနပြုလုပ်ချက်က ဒီကနေ့ကာလမှာရရှိနိုင်တဲ့ အချက်အလက်နဲ့ သတင်းတွေအပေါ် အခြေခံကျကျ ကိုင်တွယ်ပြီး မြန်မာနိုင်ငံတွင်းက မူးယစ်ဆေးစီးပွားရေး လုပ်ငန်းတွေရဲ့ အကြမ်းဖျင်းအခြေအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ဘယ်လိုပြောင်းလဲခဲ့သလဲဆိုတာကို ချဉ်းကပ်ကြည့်ခဲ့ခြင်းပါ။ အထူးသဖြင့်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပါတယ်။
အာရှ ၈ နိုင်ငံနဲ့ အနောက် ၄ နိုင်ငံက ဆောင်းပါးတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မူးယစ်ဆေးဖမ်းဆီးရမိခဲ့မှုတွေ မြင့်တက်နေပြီး မူးယစ်ဆေးကုန် သွယ်မှုအပေါ် စောင့်ကြည့်လေ့လာရာမှာ တိုက်ရိုက်ပါဝင် ပတ်သက်နေသူတွေရဲ့ ထင်မြင်ယူဆချက်ကတော့ “မြန်မာစစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း မူးယစ်ဆေးဖမ်းဆီးရမိခဲ့မှုတွေ ပိုပြီး မြင့်တက်လာခဲ့တယ် ဆိုတာပါပဲ။ အာဏာသိမ်းပြီး နောက်ပိုင်းလတွေမှာ ထိုင်းနိုင်ငံရဲ့နယ်စပ် တွေအပေါ် ပိုပြီးထိန်းချုပ်နိုင်ဖို့ အုပ်ချုပ်ရေးအပြောင်းအလဲတွေ ဆောင်ရွက်ခဲ့ရတဲ့အတွက် ကူးသန်းရောင်းဝယ်ရေး မြန်ဆန်ဖို့ လာအို ကတစ်ဆင့်လုပ်ကိုင်ဖို့ လမ်းကြောင်းပြောင်းခဲ့ပါတယ်။
ဒါ့အပြင် အဓိကရုဏ်းနှိမ်နင်းဖို့ ရဲတပ်ဖွဲ့တွေကို တာဝန်ပေးထားရတဲ့အတွက် မူးယစ်ဆေးကုန်သွယ်နေတဲ့ နယ်မြေတွေမှာ အင်အားလျော့သွားခဲ့ရပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ထွန်းကားလာတဲ့ လာဘ်ထိုးလိုက်ရင် Scan ဖတ်စက်တွေလည်း အလုပ် မလုပ်ကြတော့တဲ့ ကိစ္စမျိုးတွေပါ။
မူးယစ်ဆေးလုပ်ငန်းက အမြစ်ပြတ်ဖို့ခက်ပါတယ်။ မြန်မာနိုင်ငံမှာဆို မူးယစ်ဆေးပြန့်ပွားခဲ့ရတာ အကြောင်းအမျိုးမျိုးရှိနေပြီး အချိန်ကြာလာတာနဲ့အမျှ ပိုပြီးအားကောင်းလာပါတယ်။ ဥပမာ ဘိန်းသုံးစွဲတာနဲ့ ရိုးရာ အစဉ်အလာကို ရောနှောပစ်တာမျိုးပါ။ ဆိုလိုတာက မူးယစ်ဆေးသုံးစွဲ တာကို လူမှုဘဝပုံစံတစ်မျိုးအဖြစ် လက်ခံလိုက်ပြီး ကျန်းမာရေးအတွက် အသုံးပြုတယ်ဆိုတဲ့ ကိစ္စမျိုးပါ။ ဒါ့အပြင် မြန်မာစစ်တပ်က တိုင်းပြည်မှာ ဩဇာအရှိဆုံးလူတွေနဲ့ လက်တွဲပြီး မူးယစ်ဆေးလုပ်ငန်းမှာ ထဲထဲဝင်ဝင် ပတ်သက်နေတဲ့အတွက် မူးယစ်ဆေးလုပ်ငန်းကို စောင့်ကြည့်ဖို့က တကယ်ကိုခက်ခဲလွန်းပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး David Mathieson က “မြန်မာစစ်တပ်က မူးယစ်ဆေးဝါးပပျောက်ရေးကိစ္စနဲ့ ပတ်သက်ပြီး အလေးအနက်ထားသလိုမျိုး ဟန်ဆောင်နေပြီး အနောက်အုပ်စုကလည်း အဲဒါကို ယုံကြည်ချင်ယောင်ဆောင်နေတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လမှာတော့ မြန်မာအာဏာပိုင်တွေက မူးယစ်ဆေး တန်ချိန်ပေါင်းများစွာကို ဖျက်ဆီးပြခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စိတ်ကြွဆေးထုတ်လုပ်မှု စံချိန်တင်အဆင့်ကို ရောက်နေပြီလို့ သတိပေးထားပါတယ်။ ပညာရှင်တချို့ကတော့ အခုတောက်လောင်နေတဲ့ မီးတောက်တွေဟာ “စစ်တပ်အနေနဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အလေးမထားဘဲ ကာလရှည်ကြာ မီးနဲ့ကစားခဲ့တဲ့အတွက် ရောင်ပြန်ဟပ်ချက်တွေ” လို့ ယုံကြည်ထားကြပါတယ်။
■ ဘုန်းမောင်
“Maria Elena Sassaroli” ရေးသားသော “Myanmar's drug economy before and after the coup” ကို ဆီလျော်အောင် ရေးသားပါသည်။