အာဏာသိမ်းမှုအလွန် မြန်မာ့နိုင်ငံရေး ကစားပွဲသစ်

ဂျာကာတာပို့စ် သတင်းဌာန အယ်ဒီတာ Kornelius Purba က ဇွန်လ ၉ ရက်နေ့တွင် “အာဆီယံသည် မြန်မာလူထု ရင်ဆိုင်နေရသည့် ဘေးဒုက္ခကြီးကို ဖြေရှင်းနိုင်ခြင်း မရှိရုံမက အဖွဲ့ကိုယ်တိုင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျော့ကွင်းတွင် သက်ဆင်းမိနေသဖြင့် နိုင်ငံတကာ မျက်နှာစာတွင် ရယ်စရာအုပ်စု ဖြစ်နေသည်” ဟု ရေးသားဖော်ပြခဲ့သည်။

By စောသန္တာအေး 27 Jul 2021

သရုပ်ဖော်ပုံ - (Nikkei Asia)

DMG ၊ ဇူလိုင် ၂၇
စောသန္တာအေး ဘာသာပြန်သည်။

တရုတ်နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖွဲ့စည်းထားသည့် စစ်တပ်ဦးဆောင်သောအစိုးရကို အားပေးထောက်ခံကြောင်း ကြေညာခဲ့သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်း ဒဏ်ခတ်အရေးယူမှုများ ချမှတ်ကာ အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့် လူထုလှုပ်ရှားအား ထောက်ခံကြောင်း ပြသလိုက်ကြသည်။

အိန္ဒိယနှင့် ဂျပန်တို့ကမူ မြန်မာကို တရုတ်လက်တွင်းသို့ ထပ်မံ တွန်းမပို့လိုကြသဖြင့် နှုတ်ဆိတ်နေကြသည်။ ထိုင်းနိုင်ငံသည် မြန်မာ့သဘာဝဓာတ်ငွေ့ တင်ပို့မှုကို အလွန်အမင်း မှီခိုနေရသဖြင့် အာဏာသိမ်းမှုကို ရှုတ်ချရန်ကိုထားဦး၊ ဝေဖန်သည့်လေသံပင် မဟရဲပေ။

အခြားသော အရှေ့တောင်အာရှနိုင်ငံများ တဖြစ်လဲ အာဆီယံအဖွဲ့ကြီးလည်း ဒေသတွင်းပြဿနာကို ပါဝင် ဖြေရှင်းနိုင်စွမ်း လုံးလုံးမရှိကြောင်း ထပ်မံပြသလိုက်ပြီဖြစ်သည်။
ခြုံကြည့်ရမည်ဆိုလျှင် မြန်မာ့အရေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ သစ္စာတော်ခံများ ဝင်ရောက်ခြယ်လှယ်ပြီး ဖန်တီးလိုက်သည့် ကသောင်းကနင်း ဖြစ်စဉ်ကြီးကို ပြည်ပမှ အဓိကအင်အားစုများ၏ တုံ့ပြန်ပုံများသည် ဤမျှသာ ဖြစ်သည်။

ကြားလူများဖြင့် ကစားပွဲကြီး မည်သို့ ပေါ်ထွက်လာမည်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ သို့သော် ဒေသတွင်းပဋိပက္ခ အဖြစ်သို့ အရှိန်မြင့်တက်လာသည့် အကျပ်အတည်းကြီးတွင် တရုတ်သည် အမေရိကန်ကို အံတု ပြိုင်ဆိုင်နေသည်မှာ သိသာနေသည့်အချက် ဖြစ်သည်။

မဟာအင်အားကြီးပြိုင်ဘက် ဂျပန်ကို ကျော်လွန်ကြည့်လျှင် အိန္ဒိယနှင့် ဒေသတွင်း အခြားနိုင်ငံများသည် ထင်ရာစိုင်းနေသော မြန်မာအပေါ် တရုတ်၏ သြဇာ ကြီးထွားလာမည်ကို မလိုလားကြပေ။
မြန်မာနိုင်ငံ၏ ထင်ရာစိုင်းမှုများသည် ပိုမိုကြီးထွားလာနေသည်။ မြန်မာ့နယ်စပ် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယသို့ ဒုက္ခသည်လှိုင်းလုံးကြီးများ စတင် ဝင်ရောက်လာနေသည်။ ဤဖြစ်ရပ်သည် မြန်မာနိုင်ငံ၌ ယခင်ဖြစ်ခဲ့ဖူးသည့် မွတ်ဆလင် သိန်းပေါင်းများစွာ ထွက်ပြေးခဲ့ရသည့် ဖြစ်ရပ်ဆိုးကြီးနှင့် အပြိုင် ပေါ်ထွက်လာမည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသစ် တစ်ရပ်၏ ရှေ့ပြေးခြေရာလည်း ဖြစ်သည်။

စီးပွားရေးနှင့် ဘဏ္ဍာရေးပိုင်းအရဆိုလျှင် နိုင်ငံသည် ပြိုလဲလုနီးနီး အခြေအနေတွင် ရှိနေပြီး ဒီမိုအရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက်ဖြင့် ပြည်တွင်းသို့ ဝင်ခဲ့ကြသည့် အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူ အများအပြားသည် နိုင်ငံကို စွန့်ခွာနေကြပြီဖြစ်သည်။ သို့သော် အခြားတစ်ဘက်တွင်မူ မြန်မာ့အကျပ်အတည်းတွင် တရုတ်က အခွင့်အလမ်းကောင်းများ မြင်တွေ့နေသည့် အရိပ်လက္ခဏာများလည်း ပေါ်ထွက်နေသည်။

ချုံကင်းတွင် ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့သည့် ဒေသတွင်း အစည်းအဝေးတစ်ခုတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား သူ့အဆို ‘မြန်မာ့ပြည်တွင်းနှင့် ပြည်ပအခြေအနေ အပြောင်းအလဲများ’ ကြောင့် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း အာမခံပြောကြားခဲ့သည်။

ဇွန်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူး Lim Jock Hoi တို့သည် အာဆီယံ အဖွဲ့ကိုယ်စား မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ သို့ရာတွင် စစ်တပ်ဘက်မှ ကိုယ်စားလှယ်များနှင့် စကားစမြည် ပြောရုံထက် ပိုသည်ဆိုရုံမျှသာ ရှိခဲ့ပုံပေါ်သည်။

အာဆီယံအထွေထွေအတွင်းရေးမှူး၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ကြေညာချက်၌ အစည်းအဝေးတွင် ရောက်ရှိခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားသူများအား  အစိုးရခေါင်းဆောင်ပိုင်း ရာထူးများဖြင့် ဖော်ပြခဲ့သည်ကို တွေ့ရသည်။ ဤအချက်သည် မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ အာဏာသိမ်းမှုအား အာဆီယံက တရားဝင် အသိအမှတ်ပြုသည့် သဘောလည်း သက်ရောက်လျက်ရှိသည်။ အဆိုပါစာအား နောက်ပိုင်းတွင် ဝက်ဘ်ဆိုက်ပေါ်မှ ပြန်လည် ဖယ်ရှားခဲ့သည်။

ဂျာကာတာပို့စ် သတင်းဌာန အယ်ဒီတာ Kornelius Purba က ဇွန်လ ၉ ရက်နေ့တွင် “အာဆီယံသည် မြန်မာလူထု ရင်ဆိုင်နေရသည့် ဘေးဒုက္ခကြီးကို ဖြေရှင်းနိုင်ခြင်း မရှိရုံမက အဖွဲ့ကိုယ်တိုင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျော့ကွင်းတွင် သက်ဆင်းမိနေသဖြင့် နိုင်ငံတကာ မျက်နှာစာတွင် ရယ်စရာအုပ်စု ဖြစ်နေသည်” ဟု ရေးသားဖော်ပြခဲ့သည်။

တခါတရံ၌ သတိမမူဘဲ မေ့လျော့နေတတ်ကြသည်မှာ အာဆီယံသည် ဥရောပသမဂ္ဂ (အီးယူ) နှင့် ထပ်တူကျသည့် အရှေ့တောင်အာရှ အဖွဲ့မဟုတ် ဟူသည့်အချက် ဖြစ်သည်။ တကယ်တမ်း၌ အာဆီယံသည် ဒီမိုကရေစီမဆန်သည့် အုပ်ချုပ်သူအများစု စုဖွဲ့ထားပြီး ပြည်တွင်းရေး ဝင်မစွက်ရန်နှင့် ဘုံသဘောတူညီချက် ရယူရန် ဟူသည့် အခြေခံအကျဆုံး မူနှစ်ရပ်ကို ကိုင်စွဲထားသည့် အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။ ဤအချက်ကြောင့်ပင်လျှင် အာဆီယံသည် ဒေသတွင်း အကျပ်အတည်းများကို မည်သည့်အခါမျှ ဖြေရှင်းနိုင်စွမ်း မရှိခြင်း ဖြစ်သည်။

မြန်မာ့ပြဿနာများနှင့် ထိုပြဿနာများ ဒေသတွင်းနိုင်ငံများအပေါ် ပိုမိုကျယ်ပြန့်စွာ သက်ရောက်မှု ရှိလာနေသည်ကို စိတ်လိုလက်ရ ပြောကြားနေသည်မှာ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှား တစ်နိုင်ငံသာ ရှိသည်။

အီးယူ နိုင်ငံခြားရေးဌာန အကြီးအကဲ ဂျိုးဆက်ဘော်ရဲနှင့် ဇွန်လ ၂ ရက်နေ့က ဂျာကာတာတွင် ဆွေးနွေးမှုများအပြီး၌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာနိုင်ငံအတွင်း သတ်ဖြတ်မှုများ ချက်ချင်း ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသား လေးထောင်ကျော် ပြန်လွှတ်ရေးအတွက် တောင်းဆိုရန် အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံဥက္ကဌ ဘရူနိုင်းနိုင်ငံအပါအဝင် အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိသည်ဟု ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ရုရှား ကာကွယ်ရေးဒုတိယဝန်ကြီး အယ်လက်ဇန်းဒါးဖိုမင်။ (ဓာတ်ပုံ - Ministry of Defence of the Russian Federation)

အာဆီယံ၏ အလုပ်မဖြစ်မှုသည် တရုတ်အတွက် ခံတွင်းတွေ့စရာ ဖြစ်ပုံရသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနှင့် ပြည်တွင်းစစ်အရှိန် မြင့်တက်လာခြင်းအပေါ် စိုးရိမ်ပူပန်မှု ရှိကောင်းရှိမည်။ သို့သော် ၎င်းတို့အနေဖြင့် မြန်မာဗိုလ်ချုပ်ကြီးများနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ကြောင်း ထပ်မံပြသထားပြီး ဖြစ်သည်။

တရုတ်သည် မြန်မာနိုင်ငံ၌ အကာအကွယ်ပေးစရာ ပထဝီမဟာဗျူဟာကျသည့် အကျိုးအမြတ်များ ရှိသည်။ တရုတ်အစိုးရသည် အပေါ်စီးက အာဏာကိုင်စွဲထားနိုင်သူများနှင့် အမြဲတမ်းဆိုသလို ပူးပေါင်းဆောင်ရွက်ခဲ့သည်သာ ဖြစ်သည်။ လက်ရှိအချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာကိုင်စွဲထားသူ ဖြစ်သည်။

မြန်မာသည် တရုတ်ကို အိန္ဒိယသမုဒ္ဒရာနှင့် တိုက်ရိုက်လမ်းကြောင်း ဖန်တီးပေးမည့် တစ်ခုတည်းသော အိမ်နီးချင်းနိုင်ငံ ဖြစ်သည်။ တရုတ်သည် လောင်စာနှင့် အခြားအရေးပါသည့် ကုန်သင်္ဘောများအား တောင်တရုတ်ပင်လယ်နှင့် မလက္ကာရေလက်ကြားတို့ကို ရှောင်ရှားပြီး ဤလမ်းကြောင်းမှတစ်ဆင့် သယ်ဆောင်နိုင်မည် ဖြစ်သည်။ အမေရိကန်နှင့် ပဋိပက္ခ ဖြစ်ပါက တောင်တရုတ်ပင်လယ်နှင့် မလက္ကာရေလက်ကြားတို့ အပိတ်ခံရမည်ကို တရုတ်က စိုးရိမ်မှုရှိသည်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြားတစ်ဘက်သော မျက်နှာစာ၌ အမေရိကန်နိုင်ငံ ရှိနေသည်။ ကမ္ဘာ့မီဒီယာဆိုင်ရာ အမေရိကန်အေဂျင်စီ (US Agency for Global Media – USAGM) က ၎င်း၏ မီဒီယာကွန်ရက် နှစ်ခုဖြစ်သော VOA နှင့် RFA တို့သည် မြန်မာနိုင်ငံအတွက် ၂၄ နာရီပတ်လုံး အသံလွှင့်ပေးမည့် ချန်နယ်အသစ်တစ်ခုကို ဇွန်လတွင် စတင်တော့မည်ဟု ကြေညာခဲ့သည်။

USAGM က ဇွန်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ဆိုလျှင် ရုပ်သံလိုင်းကို ဂြိုလ်တုစလောင်း နှစ်မျိုးမှတစ်ဆင့် ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း လွတ်လပ်သော သတင်းမီဒီယာများကို ပိတ်ဆို့မှုနှင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုများအား ကန့်သတ်ဖြတ်တောက်မှုများ ပြုလုပ်နေသည့် စစ်တပ်အုပ်စုအား တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်ပ၌ ခိုလှုံနေကြသူများသည်လည်း အမေရိကန်၏ အထောက်အပံ့များ ရရှိမည် ဖြစ်သည်။ သို့သော် အမေရိကန်၏ လုပ်ရပ်သည် မြန်မာ ပြည်သူအများစု၏ မျှော်လင့်ချက်ကို ဆွဲဆန့်ပေးထားနိုင်သည် မှလွဲလျှင် အာဏာဆက်လက် ထိန်းချုပ်နိုင်ရေးအတွက် အရပ်သားများအပေါ် ဖိနှိပ်လျက်ရှိသည့် စစ်တပ်အုပ်စုအပေါ် အကျိုးသက်ရောက်နိုင်ခြေမှာ မမြင်ရသလောက် ဖြစ်သည်။

ဖေဖော်ဝါရီမှ ဇွန်လ ၁၁ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိပ်ကွပ်မှုကြောင့် သေဆုံးသူ ၈၆၁ ဦးခန့် ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ အေအေပီပီသည် ရဲနှင့် စစ်တပ်၏ နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူ ၂၁ ဦး၏ အမည်များကိုလည်း ထုတ်ပြန်ထားသည်။

လုံခြုံရေးနှင့် အခြားသော လေ့လာသူများက CDM သော်လည်းကောင်း လက်နက်ကိုင် ထိပ်တိုက် ရင်ဆိုင်မှုသော်လည်းကောင်း မြန်မာစစ်တပ်ကို ဖြုတ်ချနိုင်မည့်ပုံ မရှိဟု စောဒကတက်ကြသည်။

စစ်တပ်အတွင်း အကွဲအပြဲကသာလျှင် စစ်တပ် ပြိုလဲမည် ဖြစ်သည်။ သို့သော် အရာရှိများအတွင်း ထိုကဲ့သို အကွဲအပြဲ ဖြစ်သည့် အရိပ်လက္ခဏာ မှာလည်း မမြင်ရသလောက်သာ ဖြစ်သည်။
တရုတ်အပေါ် မှီခိုအားထားနေရသည့် နိုင်ငံ တစ်ကျော့ပြန် ဖြစ်လာခြင်းကို ရှောင်ကြဉ်နိုင်ရန်အတွက် မြန်မာစစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်နေသည့် အုပ်စုများအား အားဖြည့်ပေးခြင်းရန် အမေရိကန်အစိုးရသည် မဟာဗျူဟာအရ စိတ်ပါဝင်စားမှု ရှိနေဆဲ ဖြစ်သည်။

မြန်မာစစ်တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများအား Asia Times သတင်းဌာနက လေ့လာမှုများအရ သိရသည်မှာ တရုတ်အပေါ် မှီခိုအားထားမှုများကို စိတ်ပူပန်မှု ရှိလာသဖြင့် အပြန်အလှန် ထိန်းကျောင်းနိုင်ရန် အနောက်အုပ်စုနှင့် ဆက်ဆံမှုများ မြှင့်တင်ရာမှ ၂၀၁၁-၂၀၁၂ တွင် ပိုမိုပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်လာသည်အထိ ဦးတည်စေခဲ့သည်မှာ မြန်မာစစ်အုပ်စု ထိပ်တန်းခေါင်းဆောင်များပင် ဖြစ်သည်။

အနောက်အုပ်စုနှင့် ဆက်ဆံရေးသည် မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးကြောင့် မွတ်ဆလင် သိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရမှုနှင့် ဤလုပ်ရပ်ကိုရှုတ်ချရန် ဒီမိုကရေစီသင်္ကေတ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်မှု မတိုင်မီအထိ တိုးတက်နေခဲ့သည်။

အမေရိကန်နှင့် အီးယူတို့က မြန်မာ့ဒီမိုကရေစီ နောက်ပြန်ဆုတ်မှုကို ပွင့်ပွင့်လင်းလင်း ရှုတ်ချထားသော်လည်း ဂျပန်နှင့် အိန္ဒိယတို့ကမူ မယ်မယ်ရရ ဝေဖန်တုံ့ပြန်မှုများ မရှိကြပေ။ အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်များကို ဂျပန်က ပူးပေါင်းပါဝင်ခြင်း မရှိသည့်အပြင် မြန်မာစစ်တပ်အုပ်စုအပေါ် အတိုက်အခံများ၏ သတ်ဖြတ်မှုနှင့် နှိပ်စက်မှုများကိုပါ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

တစ်ပုံစံတည်းသော အကြောင်းရင်းကြောင့် အိန္ဒိယသည်လည်း ယခုအခါ အကြီးအကျယ် တွေဝေနေရပြီဖြစ်ကာ တရုတ်ကို တုံ့ပြန်နိုင်ရေးအတွက် မြန်မာနှင့် ကူးလူးဆက်ဆံမှု ပိုမို လုပ်ဆောင်နေရသည်။ နယူးဒေလီအစိုးရသည် မြန်မာစစ်တပ်အပေါ် ရန်မူလိုစိတ် မရှိပေ။ မကြာသေးမီ ကာလကမှ ရေငုပ်သင်္ဘောတစ်စီး ပေးအပ်မှုနှင့်အတူ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးများ တိုးမြှင့်ထားသည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည် အများအပြားကို လက်ရှိအချိန်အထိ လက်ခံလျက်ရှိသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်သည်။

ဒေသတွင်း သတင်းရင်းမြစ်များအရ အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည် ၂၁၀၀၀ ခန့် လက်ခံထားသလို မဏိပူရပြည်နယ်ရှိ နေရာအချို့တွင်လည်း အရေအတွက် မခန့်မှန်းနိုင်သည့် ဒုက္ခသည်များ ရှိနေသည်။

ထိုပြည်နယ် နှစ်ခုလုံးသည် မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေပြီး မီဇိုရမ်ဆိုလျှင် ချင်းပြည်နယ်နှင့် နီးကပ်စွာ တည်ရှိနေသည်။ အိန္ဒိယဗဟိုအစိုးရက မြန်မာဒုက္ခသည်များကို လက်မခံရန် တောင်းဆိုထားသော်လည်း ပြည်နယ်နှစ်ခုလုံးရှိ အစိုးရများက ငြင်းပယ်ထားသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် တပ်မတော်နှင့် ဒေသခံ လက်နက်ကိုင် ခုခံရေး တပ်ဖွဲ့များ ပဋိပက္ခ ဖြစ်ပွားမှု မြင့်တက်နေသည့် ဒေသများအနက် တစ်ခုဖြစ်သည်။

တရုတ်နှင့်စာလျှင် ဒီမိုကရေစီနိုင်ငံ ဖြစ်သလို မဟာဗျူဟာ အကျိုးစီးပွားအရ တူညီသောသဘောထား ရှိကြသည့် အိန္ဒိယနှင့် အမေရိကန် နှစ်နိုင်ငံလုံးသည် မြန်မာ့အရေးတွင် သဘာဝကျကျ မဟာမိတ် ဖြစ်သင့်သည်။ သို့သော် ထိုသို့ ဖြစ်လာနိုင်ခြေ မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် နယ်စပ်တစ်လျှောက် ခိုလှုံနေပြီး ရံဖန်ရံခါဆိုသလို အိန္ဒိယသို့ ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည့် အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များကို တရုတ်ဘက်က အကူအညီများ ပေးလာနိုင်သောကြောင့် ဖြစ်သည်။

အတိတ်ကာလက တရုတ်သည် နာဂ၊ မဏိပူရနှင့် အာသံရှိ လက်နက်ကိုင် အုပ်စုများကို အကူအညီများ ပေးခဲ့ဖူးသည်။ ယမန်နှစ် အောက်တိုဘာတွင် အိန္ဒိယနှင့် ထိုင်ဝမ်တို့ ကုန်သွယ်ရေး သဘောတူညီချက် ချုပ်ဆိုခဲ့ချိန်တွင်လည်း တရုတ်က ထိုလက်နက်ကိုင်များကို ပြန်လည် အသက်သွင်းပြီး လက်တုံ့ပြန်နိုင်စွမ်း ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာ့အာဏာသိမ်းမှု လေးလအကြာ၌ ထွက်ပေါ်လာသော အကျပ်အတည်းသည် ပြည်တွင်းရေးသက်သက် မဟုတ်တော့ပေ။ မြန်မာနိုင်ငံ၏ နောင်လာမည့် အဖြစ်အပျက်များသည် နိုင်ငံကျော် နက္ခတ်ဗေဒင် ကဝိပညာရှင်များ သာမက အနောက်နိုင်ငံများ၏ နိုင်ငံရေး စစ်ရေး လေ့လာသုံးသပ်သူများပင်လျှင် မှန်းဆခြင်းငှာ မဝံ့သာသည့် မေးခွန်းများ ဖြစ်သည်။

တခုတည်းသော သေချာသည့်အချက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီမိုကရေစီကို ဆိုင်းငံ့လိုက်သော ၎င်း၏ လုပ်ရပ်အား တုံ့ပြန်မှုများ၏ အတိုင်းအတာ၊ ဖြန့်ကျက်နိုင်စွမ်းနှင့် ကြာမြင့်နိုင်သည့် အချိန်ကာလကို ကြိုတင်တွက်ချက်မှု မရှိခဲ့သည့်အချက် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး၏ လုပ်ရပ်သည် ၎င်းဖန်တီးခဲ့သည့် ကသောင်းကနင်း ဖြစ်စဉ်ကြီးအား မငြိမ်းသတ်နိုင်ဘဲ မီးလောင်ရာလေပင့် ဖြစ်စေမည့် အင်အားကြီးနိုင်ငံများ၏ အာဏာ စက်ပုန်းခုတ်မှုနှင့် ဝင်ရောက်စွက်ဖက်မှု ကစားပွဲအသစ်ဆီသို့ မြန်မာနိုင်ငံကို မောင်းသွင်းလိုက်ခြင်းပင် ဖြစ်ပေသည်။

စောသန္တာအေး
(Asia Times တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Bertil Lintner ၏ ‘New Great Game rages in post-coup Myanmar’ ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ပါသည်။