- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဒေါ်အောင်ဆန်းစုကြည်အတွက် နားဝင်မချိုသည့်အမှန်တရားနှင့် မြန်မာ့အာဏာသိမ်းမှု၏ မူလရင်းမြစ်
မြန်မာနိုင်ငံသားများသည် ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်သော်လည်း ဆန္ဒပြပွဲများ၏ အရှိန်အပြင်းဆုံး ကာလကိုတော့ ကျော်လွန်ခဲ့ပြီဖြစ်သည်။ စစ်တပ်ကလည်း ဤအချက်ကို ကိုင်ကာ သူတို့၏ မဟာဗျူဟာ ထွက်ပေါက်တစ်ခုဖြစ်သည့် ၂ နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို စတင်ဆောင်ရွက်နေဟန် ရှိသည်။
07 Jun 2021
DMG ၊ ဇွန် ၇
စောသန္တာအေး ဘာသာပြန်သည်။
မြန်မာနိုင်ငံ၏ သြဇာကြီးမားသည့် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာ၌ ရှိနေသည်ကို လေးလအတွင်း ပထမဆုံးအဖြစ် ယခုတစ်ကြိမ်သာ အတည်ပြုနိုင်သည်။
ဤဖြစ်ရပ်သည် နေပြည်တော်ရှိ တရားခွင်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံး မြင်တွေ့ရသည့် မေလ ၂၄ ရက်နေ့တွင် စတင်ခဲ့သည်။ နိုင်ငံတော်ပိုင် မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံ၌ သူမကို နှားခေါင်းစည်းတပ်ပြီး ခါးမတ်မတ်ထားလျှက် ထိုင်နေသည်ကို မြင်ရသည်။ နိုင်ငံတော်အတိုင်ပင်ခံ အဖြစ် သူမ ဦးဆောင်ခဲ့စဉ်က အစိုးရအဖွဲ့၌ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်မြင့်နှင့်အတူ အခြားသူများလည်း သူမဘေးတွင် ရှိသည်။
မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထို့နောက်တွင် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနှင့် ရေဒီယို ကိရိယာများ တရားမဝင်တင်သွင်းမှု အပါအဝင် ရာဇဝတ်မှု ၆ ခုဖြင့် သူမကို တရားစွဲသည်။ သမားရိုးကျ ကြားနာစစ်ဆေးမှုများအား အွန်လိုင်းဖြင့်သာ ပြုလုပ်ခဲ့ပြီး ခုခံချေပပေးမည့် ရှေ့နေများနှင့် လူချင်းတွေ့ဆုံခွင့်ကိုလည်း တားမြစ်ထားသည်။ တရားခွင်သို့ မရောက်မီ NLD ပါတီအတွက် အမှာစကား ပြောခွင့်ရချိန်၌ “ပါတီကို ပြည်သူက ထူထောင်ထားခြင်း ဖြစ်သဖြင့် ပြည်သူလူထု ရှိနေသရွေ့ ပါတီလည်း ဆက်လက်တည်ရှိနေမည်” ဟု သူမက ပြောကြားခဲ့သည်။
နိုင်ငံ၏ ဒီမိုကရေစီသမားများအတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်သွင်ကို ခဏမျှ မြင်ရခြင်း၊ သူမ၏အသံကို ခေတ္တကြားရခြင်းမျှဖြင့်ပင် စိတ်အားတက်ရန် လုံလောက်သည်။
မြန်မာစစ်တပ်သည် ဤအချက်ကို အထူးသတိထားသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စကားပြောခွင့် ပြုသနည်း။ ဤအချက်ကို ရှေ့ရက်များတွင် တစ်စွန်းတစ်စ မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
မြန်မာစစ်တပ်က ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်သည် မေလ ၂၁ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီ ၉၁ ဖွဲ့ ရှိသည့်အနက် ၅၉ ဖွဲ့ တက်ရောက်သည့် ဤတွေ့ဆုံပွဲ၌ ကော်မရှင်သည် NLD ပါတီအား ဖျက်သိမ်းနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။ နောက်နေ့တွင် ဟောင်ကောင်ရုပ်သံတစ်ခုက ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းခန်း၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အရပ်သားအုပ်ချုပ်မှုဘက်သို့ လွှဲပြောင်းပေးရေး” မူဝါဒတစ်ရပ်ကို ဆွေးနွေးခဲ့သည်။ ဤတွေ့ဆုံမေးမြန်းမှုသည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူပြီးနောက် ပြည်ပမီဒီယာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသားများသည် ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်သော်လည်း ဆန္ဒပြပွဲများ၏ အရှိန်အပြင်းဆုံး ကာလကိုတော့ ကျော်လွန်ခဲ့ပြီဖြစ်သည်။ စစ်တပ်ကလည်း ဤအချက်ကို ကိုင်ကာ သူတို့၏ မဟာဗျူဟာ ထွက်ပေါက်တစ်ခုဖြစ်သည့် ၂ နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို စတင်ဆောင်ရွက်နေဟန် ရှိသည်။
ဒီမိုကရေစီအရေး ထောက်ခံသော အင်အားစုများသည် ဧပြီလလယ်တွင် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ တစ်ရပ် ဖွဲ့စည်းသည်။ ဤအဖွဲ့တွင် ယခင် NLD အစိုးရလက်ထက်ကအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံ၊ ဦးဝင်းမြင့်ကို သမ္မတအဖြစ် ခန့်အပ်ထားသည်။ သို့သော် ဝန်ကြီးများမှာ ရှောင်ပုန်းနေရသလို သတင်းများကိုလည်း ဖေ့စ်ဘုတ်မှတစ်ဆင့်သာ ထုတ်ပြန်နေရသည်။
NUG သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖွဲ့စည်းထားကြောင်းလည်း ကြေညာသည်။ သို့သော် PDF ၏ အမိန့်ပေးကွင်းဆက်များကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။ မြန်မာစစ်တပ်နှင့် အစိုးရအဆောက်အအုံများကို ဗုံးဖောက်ခွဲမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂျီနာက မြန်မာလူထုသည် ကိုယ်တိုင် လက်နက်တပ်ဆင်လျက်ရှိသလို ဆန္ဒပြသူများသည်လည်း လက်လုပ်လက်နက်များ အသုံးပြုခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များထံတွင် စစ်သင်တန်းများ တက်ရောက်ခြင်းဖြင့် ခံစစ်မှသည် ထိုးစစ်သို့ ပြောင်းလဲနေကြပြီဟု ပြောသည်။
လက်နက်ကိုင်ပဋိပက္ခသည် ဒေါ်အောင်ဆန်းစုကြည် တစိုက်မတ်မတ် ပြောဆိုလာသည့် အကြမ်းမဖက်ရေးမူနှင့် မကိုက်ညီပေ။ အစိုးရအရာရှိများနှင့် ကြံ့ခိုင်ရေးပါတီဝင်များကို သတ်ဖြတ်ခြင်းများသည်လည်း ခပ်စိတ်စိတ် ဖြစ်လာနေသည်။ ဤဖြစ်ရပ်များနှင့် PDF အကြား ဆက်စပ်မှုကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း အကုန်သိမ်းကြုံး တိုက်ခိုက်မှုများကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုများအပေါ် နိုင်ငံတကာ၏ စာနာမှုများ အားလျော့သွားနိုင်သည်။
ခေါင်းဆောင်ကင်းမဲ့သည့် ဤအခြေအနေများကြောင့် မကြာသေးမီက မြန်မာ့သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ အဆိုးအကောင်းကို ဆန်းစစ်စရာ ဖြစ်လာနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ တွင် ကျောင်းသားများဦးဆောင်သည့် ဒီမိုကရေစီအရေး ဆန္ဒပြမှုများနှင့်အတူ ရှေ့တန်းသို့ ရောက်လာကာ NLD ပါတီ ဖွဲ့စည်းရာ၌ ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်သည့်အတွက် ဒေါ်စုသည် စကတည်းက လူထု၏ စိတ်ဝင်တစား ထောက်ခံမှုကို ရရှိခဲ့သည်။
၁၉၈၉ တွင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် ချုပ်နှောင်ခံရသည်။ တစ်နှစ်အကြာ၊ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက ၈၀ ရာခိုင်နှုန်း အနိုင်ရပြီး စစ်တပ်ကြိုးဆွဲသည့် ပါတီလည်း မရှုမလှ ရှုံးနိမ့်ခဲ့သည်။ သို့သော် မြန်မာစစ်တပ်သည် အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။ ၁၉၉၁ တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုအချိန်မှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ကြာ နေထိုင်ခဲ့ရကာ သက်ဆိုးမရှည်သည့် မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ သင်္ကေတတစ်ရပ် ဖြစ်လာခဲ့သည်။
နှစ်ပေါင်း ၂၀ ကြာပြီးမှ ပထမဆုံးကျင်းပသည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို NLD ပါတီ သပိတ်မှောက်သည်။ ယခင်စစ်အစိုးရ၏ အရိုက်အရာကို ဆက်ခံထားသည့် USDP ပါတီသည် ထိုရွေးကောက်ပွဲတွင် နေရာ ၈၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ မမျှော်လင့်ဘဲ ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။ NLD သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ထပ်မံ၍ နေရာ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရပြီး အာဏာရလာသလို ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရာခိုင်နှုန်း ထပ်တူ အနိုင်ရသည်။ ထို့နောက်တွင်မူ မြန်မာစစ်တပ်သည် “ရွေးကောက်ပွဲ မဲမသမာမှု အများအပြားရှိသည်” ဟု စွပ်စွဲကာ NLD အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာရယူခဲ့သည်။
ဆယ်စုနှစ် သုံးခုအတွင်း ရွေးကောက်ပွဲ လေးကြိမ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို လေ့လာကြည့်ပါက တိုးတက်မှု ဆိတ်သုဉ်းသည့်ကာလ၊ မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲသည့် ကာလနှင့် နောက်ပြန်ဆုတ်သွားသည့် ကာလဟူသည့် ပုံစံတစ်ရပ်ကို တွေ့မြင်ရသည်။ “၈၀ ရာခိုင်နှုန်း” သည် NLD ဖြစ်စေ၊ ကြံ့ခိုင်ရေး ဖြစ်စေ ရွေးကောက်ပွဲတွင် အကြီးအကျယ် အနိုင်ရခဲ့သည့် ရာခိုင်နှုန်း ဖြစ်နေသည်ကို ထူးခြားစွာ မြင်ရသည်။
ဤသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ မဲဆန္ဒနယ်တစ်ခုတွင် တစ်ဦးကိုသာ အနိုင်ပေးသည့်စနစ် ကြောင့်ဖြစ်သည်။ နိုင်သူအကုန်ယူစနစ် ကျင့်သုံးခြင်းဖြစ်ရာ ရှုံးနိမ့်သော ကိုယ်စားလှယ်လောင်းများလည်း မဲအများအပြား ရထားနိုင်သည့် စနစ်ဖြစ်သည်။ ၁၉၉၀ တွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့သော စစ်တပ်သည် ၂၀၀၈ အခြေခံဥပဒေတွင်လည်း ပုံစံတူ စနစ်ကိုပင် ထည့်သွင်းထားခဲ့သည်။ NLD က ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီသည် အကြီးအကျယ် အောင်နိုင်မှုရခဲ့သည်။ ၂၀၁၅ တွင်မူ မဲ ၂၈ ရာခိုင်နှုန်းသာ အနိုင်ရပြီး ကိုယ်စားလှယ်နေရာ ၈ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ဤအချက်ကြောင့် အာဏာပိုင်များသည် အချိုးကျ PR စနစ် ကျင့်သုံးရန် ရိပ်ဖမ်းသံဖမ်း အသံပေးလာကြသည်။
ဤဖြစ်စဉ်ကို ရွေးကောက်ပွဲစနစ် တစ်ခုတည်းဖြင့် မရှင်းပြနိုင်ပေ။ တတိယမြောက်ရွေးစရာ မရှိခြင်းကလည်း နောက်ထပ် အကြောင်းရင်းတစ်ခု ဖြစ်သည်။
“မြန်မာ့ဖြစ်ထွန်းပြောင်းလဲမှုတွင် စနစ်အရရှိနေသော အဟန့်အတားမှာ စစ်တပ်ဘက်လည်း မယိမ်းသလို ဒီမိုကရေစီအရေး လှုံ့ဆော်သူများဘက်သို့လည်း မယိမ်းဘဲ နှစ်ခုကြား တစ်နေရာရာတွင် ရှိနေသည့် ရှေးရိုးအစဉ်အလာ ဝါဒီအုပ်စုများ နိုင်ငံရေးအင်အားစုအဖြစ် ပြောင်းလဲမလာခြင်း ဖြစ်သည်။” ဟု ကျိုတိုတက္ကသိုလ်မှ တွဲဘက်ပါမောက္ခ ယိုရှီဟီရိုနာကာနီရှီ က ပြောသည်။
မဲဆန္ဒရှင်များအတွက် တတိယမြောက် ရွေးချယ်စရာ ပါတီများတော့ ရှိသည်။ ထိုပါတီများတွင် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ၊ ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ဦးကိုကိုကြီး ထူထောင်သည့် ပြည်သူ့ပါတီနှင့် လူထုရှေ့ဆောင်ပါတီ (PPP) တို့ ပါဝင်သည်။ NDF သည် ၂၀၁၀ တွင် NLD မှ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်ခဲ့သည့် ပါတီဖြစ်သလို PPP ပါတီသည်လည်း NLD မှ နုတ်ထွက်သွားသည့် စီးပွားရေးလုပ်ငန်းရှင် ဒေါ်သက်သက်ခိုင်က ၂၀၁၉ တွင် ထူထောင်ခဲ့သော ပါတီ ဖြစ်သည်။
သို့သော် ဆိုခဲ့ပါ ပါတီသုံးခုလုံးသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မည်သည့်မဲဆန္ဒနယ်တွင်မှ အနိုင်မရခဲ့ကြပေ။
“မဲရုံများတွင် မဲဆန္ဒရှင်အများ ချမှတ်လိုက်သော ဆုံးဖြတ်ချက်သည် မည်သည့်ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ကြက်လှုပ်ရှားနိုင်သနည်း၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေး ကတိကဝတ်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်စွမ်း ရှိသနည်း ဟူသောအချက်ပေါ်တွင် မူတည်နေဆဲ ဖြစ်သည်။” ဟု စင်္ကာပူအခြေစိုက် ISEAS Yusof Ishak Institute မှ သုတေသီ ဒေါ်မိုးသူဇာက ဆိုသည်။
ဤသို့ဖြစ်ရခြင်း၏ နောက်ခံအကြောင်းရင်း တစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖယ်ရှားရှင်းလင်းရေးမူ ကြောင့်ဖြစ်သည်။ NLD သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရပြီး ရုံးထိုင်နိုင်ခြင်း မရှိသဖြင့် ဝင်မပြိုင်ခဲ့ပေ။ သို့သော် NLD မှ ခွဲထွက်သွားသည့် NDF ပါတီကမူ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဝင်ပြိုင်သင့်သည်ဟု စောဒကတက်သည်။ ဒေါ်စုသည် NDF ကို ထောက်ခံခြင်းမရှိဘဲ မဲမပေးကြရန်လည်း သူမကို ထောက်ခံသူများအား တောင်းဆိုသည်။ ဦးကိုကိုကြီးသည် ၂၀၁၅ တွင် NLD ပါတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသော်လည်း ခွင့်ပြုချက် မရခဲ့ပေ။ ဒေါ်သက်သက်ခိုင်ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အများနှင့် မတိုင်ပင်ဘဲ ကိုယ်ထင်သလို လုပ်ကိုင်သည်ဟု ဝေဖန်ကာ ပါတီမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏နေရာကို ဆက်ခံမည့်သူ မွေးထုတ်ခြင်း မရှိသလို အခြား ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်လည်း သူမထံတွင် မမြင်ရပေ။ NLD သည် သူမ၏ နိုင်ငံရေးအာဏာ စုစည်းချုပ်ကိုင်နိုင်စွမ်းကြောင့် အနိုင်ရခဲ့သည်။ သို့သော် ထိုဧရာမအောင်မြင်မှုကြီးက စစ်တပ်ကို အကျပ်အတည်းကြီးတစ်ရပ် ခံစားမိစေကာ အာဏာသိမ်းမှုဆီ ဦးတည်ခဲ့သည်။
အာဏာသိမ်းမှုကို လည်ပြန်ကြည့်မည် ဆိုပါက လူတိုင်းအတွက် အံ့သြစရာအချက်တစ်ခုကို မြင်ရသည်။ ရွေးကောက်ပွဲ မသမာမှုရှိ မရှိ စစ်ဆေးလိုသည့် စစ်တပ်၏ တောင်းဆိုချက်ကို ဒေါ်စု အဘယ်ကြောင့် ငြင်းဆန်ခဲ့သနည်း ဟူသောအချက်ဖြစ်သည်။ အာဏာမသိမ်းမီ လေးရက်အတွင်း NLD နှင့် အကြိမ်ကြိမ် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာတွင် မြန်မာစစ်တပ်သည် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များကို ပြောင်းလဲခန့်အပ်ရန်၊ စည်းကမ်းနှင့်မညီညွတ်သည်များကို စုံစမ်းစစ်ဆေးရန်နှင့် လွှတ်တော်ခေါ်ယူမှုကို ဆိုင်းငံ့ရန် တောင်းဆိုခဲ့သည်ဟု ပြောကြသည်။ NLD သည် ထိုတောင်းဆိုမှုတိုင်းကို ပယ်ချခဲ့သည်။
ဤအတွက် ဆီလျော်သည့် ဖြေရှင်းချက် နှစ်ရပ်သာရှိသည်။ ရွေးကောက်ပွဲတွင် အမှားအယွင်း မရှိဟု NLD ခေါင်းဆောင်များ လက်ခံယုံကြည်ထားခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးရန် သဘောတူလိုက်ပါက ပြဿနာတစ်စုံတစ်ရာ ပေါ်လာနိုင်သည်ဟု ပါတီခေါင်းဆောင်များ ယူဆထားခြင်း ဟူသည့်နှစ်ချက်ဖြစ်သည်။ အာဏာသိမ်းမှု အချိန်မရွေး ပေါ်ပေါက်နိုင်ကြောင်း သူတို့ သိထားပြီးဖြစ်သည်ကတော့ သေချာသည်။ ကသောင်းကနင်း ဖြစ်ဖြစ်ချင်းတွင် ဒေါ်အောင်ဆန်းစုကြည် ကြိုတင်ပေးအပ်ထားသည့် စာတစ်စောင်ကို NLD က ထုတ်ပြန်သည်။ အာဏာသိမ်းမှုကို ခုခံကြရန် ထိုစာတွင် ဖော်ပြထားသည်။ ဒေါ်စုသည် သူမ၏ မိုဘိုင်းဖုန်းကို စစ်တပ်က မသိမ်းဆည်းနိုင်အောင် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဖျက်ဆီးလိုက်ကြောင်း သူမနှင့် နီးကပ်သူတစ်ဦး ထံမှ သိရသည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
အာဏာသိမ်းမှု ဖြစ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း တွက်ဆထားပြီး ဖြစ်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် အဘယ်ကြောင့် ရှောင်ရှားရန် မကြိုးစားခဲ့သနည်း။ စစ်တပ်၏ တောင်းဆိုချက်များအား ငြင်းပယ်လျှင် ဖြစ်လာနိုင်သည့် အန္တရာယ်ကိုတော့ သူမအနေဖြင့် သေချာပေါက် သိခဲ့သင့်သည်။ အရပ်သားအစိုးရကို ဖြုတ်ချကာ ဆန္ဒပြသူများကို အင်အားသုံး နှိပ်ကွပ်သော မြန်မာစစ်တပ်၏ လုပ်ရပ်များသည် လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သို့သော် သေဆုံးသူ ၈၃၀ ထက်မနည်း ရှိနေပြီဖြစ်သော လက်ရှိအနေအထားများအတွက် ဒေါ်အောင်ဆန်းစုကြည်တွင် လုံးလုံး တာဝန်မရှိဟု ပြော၍တော့ မရနိုင်ပေ။
NLD သို့ ဝင်ရောက်ခွင့် ငြင်းပယ်ခံရပြီးနောက် သီးခြားပါတီ ထူထောင်ခဲ့သော ဦးကိုကိုကြီးသည် ယခင်စစ်အာဏာရှင် လက်ထက်တွင် ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရသည်။ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌဖြစ်သလို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်အစိုးရ၏ ကိုယ်စားလှယ်လည်း ဖြစ်သူ ယိုဟိဆာဆာကာဝါက ၂၀၁၇ ခုနှစ်တွင် ဂျပန်သို့ အလည်အပတ် ရောက်ရှိခဲ့သည့် ဦးကိုကိုကြီးအကြောင်းကို သူ့ဘလော့တွင် ရေးသားထားသည်။
“၈၈ မျိုးဆက်ဟာ တောအုပ်ကို ရှင်းလင်းခဲ့တဲ့ သစ်ခုတ်သမားတွေဖြစ်တယ်။ သူတို့ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီ၊ ၈၈ မျိုးဆက် ရှင်းလင်းခဲ့တဲ့ လမ်းကြောင်းကို သူမ ဆက်လျှောက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို သူမေ့သွားပြီဆိုတာ တွေးမိတော့ ကျွန်တော် အရမ်း စိတ်ပျက်သလို စိတ်မကောင်းလည်းဖြစ်တယ်” ဟု ဦးကိုကိုကြီးက သူ့ကိုပြောကြောင်း ဆာဆာကာဝါက ဆိုသည်။
ဒီမိုကရေစီဖော်ဆောင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ အဆုံးသတ်ချိန်သို့ ရောက်ကောင်း ရောက်လာနိုင်သည်။ ဒီမိုကရေစီ ဖြစ်ထွန်းမှုသို့ လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ချည်းသာ ဆောင်ရွက်နေခြင်း မဟုတ်ပေ။
ဒီမိုကရေစီအရေး လှုပ်ရှားမှုသည် လူတစ်ဦးတစ်ယောက်၏ သြဇာတိက္ကမတစ်ခုတည်းအပေါ် မှီခိုနေ၍ မရတော့ပေ။ ထိုကဲ့သို့ စဉ်းစားတွေးခေါ်ပုံကိုသာ မပြောင်းပါက ဒီမိုကရေစီအရေး လှုပ်ရှားသူများသည် သူတို့၏ အန္တိမပန်းတိုင်သို့ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
စောသန္တာအေး
(Nikkei Asia တွင်ဖော်ပြထားသော ‘Suu Kyi's inconvenient truth and the origins of Myanmar's coup’ by TORU TAKAHASHI ကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။