စစ်အာဏာရှင်အုပ်စုကို တရုတ်ကျောခိုင်းတော့မလား
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC) ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားချက်အပေါ် တရုတ်နိုင်ငံက ဘာမှမတုံ့ပြန်ခဲ့တဲ့အတွက် နိုင်ငံတကာအလယ်မှာ အထီးကျန်နေတဲ့ မြန်မာ စစ်ကောင်စီကို ပိုပြီး အထီးကျန်ဖြစ်စေခဲ့ပါတယ်။
21 Jan 2023
ဓာတ်ပုံ - AP
မြန်မာနိုင်ငံမှာကျင်းပမယ့် ဒေသဆိုင်ရာအစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခေ့ချန်ကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဖိတ်ကြားချက်အပေါ် ဘေဂျင်းက ဆိတ်ဆိတ်နေခြင်းနဲ့ တုန့်ပြန်ခဲ့ပြီး ဖိတ်ကြားချက်ကိုလက်ခံကြောင်း ပြောဆိုဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။ ဘေဂျင်းရဲ့အပြုအမူက နေပြည်တော်က မြန်မာစစ်အာဏာရှင်တွေ အနေနဲ့ သူတို့ကိုထောက်ခံပံ့ပိုးပေးနေတဲ့ ဩဇာအာဏာအရှိဆုံး နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်တာခံလိုက်ရတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါတယ်။
ကျင်းပဖို့စီစဉ်ထားတဲ့ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC) ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားချက်အပေါ် တရုတ်နိုင်ငံက ဘာမှမတုံ့ပြန်ခဲ့တဲ့အတွက် နိုင်ငံတကာအလယ်မှာ အထီးကျန်နေတဲ့ မြန်မာ စစ်ကောင်စီကို ပိုပြီး အထီးကျန်ဖြစ်စေခဲ့ပါတယ်။ ခုလို တရုတ်ဘက်က ဘာမှ မတုန့်ပြန်ရတဲ့ အကြောင်းရင်းက စစ်ကောင်စီအနေနဲ့ ပြည်တွင်းလက်နက်ကိုင် တော်လှန်ရေးအရှိန် လျော့ကျသွားအောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့သလို နိုင်ငံတကာမှာ စစ်ကောင်စီတရားဝင်ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း မရှိတော့တဲ့အတွက်ကြောင့် ပါပဲ။
"ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေး" တွေကိုမြှင့်တင်ဖို့ရည်ရွယ်ပြီး တရုတ်နိုင်ငံက ဦးဆောင်တည်ထောင်ထားတဲ့ LMC မှာ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်တယ်။ မဲခေါင်မြစ်က တိဘက်ကုန်းပြင်မြင့်ကနေ မြစ်ဖျားခံစီးဆင်းလာပြီး တရုတ်နိုင်ငံထဲ ဖြတ်သန်းစီးဆင်းသွားတဲ့ အပိုင်းကိုတော့ လန်ချန်းမြစ်လို့လည်း လူသိများထင်ရှားပါတယ်။
၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံဟာ LMC ရဲ့အလှည့်ကျဥက္ကဌဖြစ် ဆောင်ရွက်ရပါတယ်။ ဒါကြောင့်လည်း အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းလောက်က မြန်မာနိုင်ငံမှာ လက်ခံကျင်းပဖို့ မျှော်လင့်ထားခဲ့တယ်လို့ အစည်းအဝေးစီစဉ်သူနဲ့ နီးစပ်သူ နှစ်ယောက်က အယ်လ်ဂျားဇီးရား သတင်းဌာနကိုပြောပါတယ်။ LMC ထိပ်သီးအစည်းအဝေးကို မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တရုတ်နိုင်ငံရဲ့ဝန်ကြီးချုပ် မစ္စတာလီနဲ့ အရှေ့တောင်အာရှ ၅ နိုင်ငံက တက်ရောက်လာကြဖို့ မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားချက်ကို တရုတ်နိုင်ငံက တုန့်ပြန်ဖို့ ပျက်ကွက်လိုက်တဲ့အတွက် ထိပ်သီးအစည်းအဝေးက ဘယ်တော့မှ ဖြစ်မလာတော့ပါဘူး။
"ဘေဂျင်းက စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကို တုံ့ပြန်တာမျိုးမရှိသလို တက်ရောက်မယ့်ရက်စွဲနဲ့ ဘယ်သူတွေ တက်ရောက်မယ်ဆိုတာကိုလည်း မသတ်မှတ်ရသေးပါဘူး" လို့ အရှေ့တောင်အာရှမှာ သံတမန်ရေးအရ အဆက်အသွယ်ရှိတဲ့ ဟောင်ကောင်အစိုးရအရာရှိဟောင်း မိုက်ကယ်အမ်း ကပြောပါတယ်။
မိုက်ကယ်အမ်းက ဘန်ကောက်မှာရှိတဲ့ ဟောင်ကောင်စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးမှာ မကြာသေးခင်အချိန် အထိ လက်ထောက်အကြီးအကဲတစ်ယောက် ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်းက လက်ရှိ အချိန်အထိ တရုတ်နိုင်ငံရဲ့ ဘယ်လိုအကြီးတန်း အရာရှိတစ်ယောက်မှ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ လူချင်းတွေ့ဆုံတာမျိုး မရှိသေးဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
LMC ထိပ်သီးအစည်းအဝေး ဖိတ်ကြားချက်အပေါ် တုံ့ပြန်တာမျိုးမလုပ်ခဲ့တာက ရိုးရိုးသားသားနဲ့ မှားယွင်းပေါ့ဆမိတာမျိုး မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
"ဝန်ကြီးချုပ်လီနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံမှုက စစ်အာဏာရှင်တွေကို တရားဝင်ထောက်ခံမှုအပြည့်အဝ ပေးလိုက်တာမျိုးပဲ ဆိုတဲ့ ယူဆချက်ကြောင့် တရုတ်က အေးတိအေးစက်နဲ့ မျက်နှာလွှဲနေလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်" လို့ အမ်းကပြောပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံ၊ ပုဂံမှာကျင်းပခဲ့တဲ့ LMC ဝန်ကြီးတွေရဲ့ အစည်းအဝေးကို တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယီတက်ရောက်ခဲ့ပြီး စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ထိပ်သီးအစည်းအဝေး ဘာကြောင့် မကျင်းပခဲ့ရတာလဲဆိုတာနဲ့ ပတ်သက်ပြီး အယ်လ်ဂျားဇီးရားသတင်းဌာနက ဘေဂျင်းမြို့မှာရှိတဲ့ LMC ရဲ့ တရုတ်အတွင်းရေးမှူးချုပ်ရုံးနဲ့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးတွေဆီ အီးမေးနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်ပြီးဖြေကြားတာမျိုး မရှိခဲ့ပါဘူး။
မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံကချမှတ်ထားတဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ဘက်က ပျက်ကွက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဖွဲ့ဝင် ၁၀ နိုင်ငံပါရှိတဲ့ အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံဝန်ကြီးတွေ တက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့အချိန်မျိုးမှာ စစ်ကောင်စီက အဆိုပြုထားတဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဘေဂျင်းက ပျက်ကွက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု(USIP) က မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင် တာဝါ ကလည်း စစ်တပ်ရဲ့ဖိတ်ကြားချက်ကို ဘေဂျင်းဘက်က တုန့်ပြန်မှုမရှိခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
"၂၀၂၂ ခုနှစ်မကုန်ခင် မြန်မာနိုင်ငံမှာ LMC ခေါင်းဆောင်တွေရဲ့ အစည်းအဝေးခေါ်ဖို့ အဆိုပြုချက်ကို တရုတ်က မလိုက်နာခဲ့ပါဘူး" လို့ တာဝါ က အယ်လ်ဂျားဇီးရားကိုပြောပါတယ်။
အခုလို ဝေးဝေးရှောင်နေလိုက်တာက တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်စုနဲ့ဆက်ဆံရေးကို အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးထက် ပိုပြီး ဦးစားပေးမှာမဟုတ်ဘူးဆိုတာ တရုတ်က အချက်ပြလိုက်ပုံပါပဲ လို့လည်း တာဝါ ကပြောပါတယ်။
"ဒေသတွင်း စစ်အုပ်စုတရားဝင်ဖြစ်ဖို့အတွက် တည်ဆောက်ရာမှာ LMC ကိုအသုံးချဖို့ မြန်မာစစ်ခေါင်းဆောင်က အင်တိုက်အားတိုက် ကြိုးစားနေပေမယ့် မအောင်မြင်ခဲ့ပါဘူး။ LMC ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကျင်းပဖို့ သူ့တောင်းဆိုချက်အပေါ် လိုက်လျောခဲ့မယ်ဆိုရင် အာဆီယံရဲ့ ဗဟိုကျအရေးပါမှုအပေါ် ထိခိုက်စေမှာဖြစ်သလို အာဆီယံနိုင်ငံတွေရဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ တရုတ်ဘက်က သဘောပေါက်ထားတယ်" လို့လည်း ပြောပါတယ်။
"အဆင့်မြင့်အစည်းအဝေးတွေမှာ တရားမဝင်စစ်အုပ်စုကို မဖိတ်ဖို့ အာဆီယံက ဆုံးဖြတ်ထားတယ်။ ဒီလိုအချိန်မှာ စစ်အုပ်စုရဲ့ဖိတ်ကြားချက်ကို ဘေဂျင်းကလက်ခံခဲ့ရင် အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို ထိခိုက်စေတယ်လို့ ဘေဂျင်းက ရှုမြင်ထားတယ်။ တရုတ်နိုင်ငံအပေါ် အာဆီယံနိုင်ငံတွေရဲ့ ပြင်းထန်တဲ့ထိုးနှက်ချက်တွေ ဖြစ်လာအောင် လှုံ့ဆော်ပေးတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ ဘေဂျင်းရဲ့ စိုးရိမ်ပူပန်တွေပါဝင်နေတာ သေချာပါတယ်" လို့ တာဝါ က အယ်လ်ဂျားဇီးရားကို ပြောပါတယ်။
"အခုချိန်ထိ တရုတ်ရဲ့မဟာဗျူဟာမြောက် စီးပွားရေးအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နိုင်စွမ်းမရှိဘူးလို့ သက်သေပြခဲ့တဲ့ စစ်အာဏာရှင်တွေကိုထောက်ပံ့ဖို့အတွက် အာဆီယံနဲ့ဆက်ဆံရေးကို တရုတ်က လဲမှာမဟုတ်ဘူး။ ဒီလိုလုပ်ဖို့ တရုတ်တွေမှာ ဆန္ဒလည်းမရှိဘူး" လို့ တာဝါက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
■ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများ
နိုင်ငံတွင်းကြီးထွားလာနေတဲ့ ပဋိပက္ခတွေဟာ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ထိခိုက်စေတဲ့အတွက် ဘေဂျင်းရဲ့စိုးရိမ်မှုက သံတမန်ဆက်ဆံရေးကဏ္ဍ တစ်ခုတည်းတင် မဟုတ်တော့ပါဘူး။ မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာအဖွဲ့ ISP -Myanmar ရဲ့ အဆိုအရ မြန်မာနိုင်ငံတစ်ဝှမ်း အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့အတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အနေနဲ့ ရင်ဆိုင်ရမယ့်အန္တရာယ်တွေ ကြီးမားလာနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း တိုက်ပွဲပေါင်း ၇၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အနည်းဆုံးတိုက်ပွဲပေါင်း ၃၀၀ လောက်က တရုတ်ရဲ့ အဓိကစီမံကိန်းတွေ တည်ရှိတဲ့နေရာတွေ ဒါမှမဟုတ် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအတွက် အလားအလာရှိတဲ့ စီမံကိန်းနေရာတွေအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ISP – Myanmar ရဲ့အချက်အလက်တွေအရ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွေ တည်ရှိတဲ့ မြို့နယ်ပေါင်း ၁၉ မြို့နယ်မှာ တိုက်ပွဲ ပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး နိုင်ငံမြောက်ဘက် ကြေးနီစီမံကိန်းအနီးမှာတော့ အနည်းဆုံးတစ်ဒါဇင်နီးပါး တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလို့လူသိများတဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ်ကနေ အိန္ဒိယသမုဒ္ဒရာကို မြန်မာနိုင်ငံကို ဖြတ်ပြီးဆက်သွယ်ပေးမယ့် မီးရထားလမ်းတွေ၊ အဝေးပြေးလမ်းတွေနဲ့ ရေနက်ဆိပ်ကမ်းတစ်ခုပါဝင်တဲ့ စက်မှုလုပ်ငန်းနဲ့ အခြေခံ အဆောက်အဦစီမံကိန်းနဲ့ တခြားအဓိကကျတဲ့ စီမံကိန်းတွေက ရှမ်းပြည်နယ်အတွင်း တည်ရှိနေပါတယ်။
၂၀၁၅ ခုနှစ်ကတည်းကစပြီး နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မြန်မာစစ်တပ်က ထိုးစစ်ဆင်မှုတွေ မတွေ့ခဲ့ပေမယ့် လက်ရှိထိုးစစ်ဆင်မှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်လို့ USIP က တာဝါကပြောပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်မှာ အခြေစိုက်နေတဲ့ တရုတ်စကားပြော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ MNDAA ကို မြန်မာစစ်တပ်က မကြာသေးခင်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကို တာဝါက ရည်ညွှန်း ပြောဆိုခဲ့တာပါပဲ။
MNDAA က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ လောက်ကိုင်မြို့တွေကို မြန်မာစစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တဲ့ ၂၀၀၉ ခုနှစ်အထိ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် အရပ်သား ၃၀၀၀ ကျော် တရုတ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရပါတယ်။ လက်ရှိ မြန်မာစစ်တပ်ရင်ဆိုင်နေရတဲ့ လုံခြုံရေးပြဿနာတွေအပေါ် အခွင့်အရေး ယူပြီး MNDAA က လောက်ကိုင်ကို ပြန်ပြီးသိမ်းပိုက်ဖို့ ရည်ရွယ်ချက်ရှိနေပုံ ပေါ်ပါတယ်။
မကြာသေးတဲ့အချိန်အထိ မြန်မာနိုင်ငံမှာ အခြေစိုက်ခဲ့တဲ့ သုတေသီတစ်ယောက်ကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အတွက်သာမက နိုင်ငံတွင်းနေ့စဉ် လှုပ်ရှားသွားလာသူတွေ အတွက်ပါ အခြေအနေ မကောင်းဘူးလို့ အယ်လ်ဂျားဇီးရားကို ပြောပါတယ်။
လုံခြုံရေးအရ မလုံခြုံမှုအန္တရာယ်တွေ တိုးလာတဲ့အတွက် တရုတ်နိုင်ငံက သူတို့စီစဉ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်တဲ့ အပိုင်းမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း အမည်မဖော်လို့တဲ့ ဒီသုတေသီကပြောပါတယ်။
တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ စစ်တပ်လက်အောက်က တရုတ်စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်တဲ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအပေါ် ထိခိုက်နစ်နာလာမှာနဲ့ ပတ်သက်ပြီး ဒေသခံလူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။ တရုတ်တွေအနေနဲ့ သူတို့ရင်းနှီးမြှုပ်နှံမှုတွေကို ခဏဖြစ်ဖြစ် ရပ်ထားပြီး "တရားဝင်အစိုးရတစ်ရပ် ပြန်လည်ထူထောင်ပြီးမှ ပြန်စသင့်တယ်လို့" သုတေသီက ဆက်ပြောပါတယ်။
■ မြန်မာစစ်တပ်ကို ပြစ်တင်ရှုတ်ချဖို့ ငြင်းပယ်နေကြခြင်း
လွန်ခဲ့တဲ့ ၂ နှစ်နီးပါး မြန်မာစစ်တပ် အာဏာသိမ်းပြီးချိန်ကတည်း တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းနိုင်ငံတို့ဟာ မြန်မာစစ်တပ်နဲ့ တရားဝင်ဆက်ဆံရေးရှိကြတဲ့ နိုင်ငံအနည်းငယ်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
ဖော်ပြခဲ့တဲ့နိုင်ငံတွေဟာ အရပ်သားအစိုးရကို ဖြုတ်ချပြီး အရပ်သားတွေအပေါ် သွေးထွက်သံယိုဖြစ်စေခဲ့တဲ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်ဗိုလ်ချုပ်တွေကို ရှုတ်ချဖို့ ဒါမှမဟုတ် အရေးယူဖို့ကို ငြင်းဆန်ခဲ့ကြပါတယ်။ လက်ရှိအချိန်ထိ ခန့်မှန်းခြေလူပေါင်း ၂၆၀၀ ကျော်သေဆုံးခဲ့ပြီး နိုင်ငံရေးပြစ်မှုအရ စွဲချက်တင်ခံထားရသူပေါင်း ၁၆၅၀၀ ကျော်ရှိနေတယ်လို့ AAPP ရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် အရေးမယူနိုင်အောင် ဘေဂျင်းနဲ့မော်စကိုက ကန့်ကွက်တားမြစ်ထားပါတယ်။
ပြီးခဲ့တဲ့လအတွင်း လုံခြုံရေးကောင်စီ (UNSC) က ၇၄ နှစ်တာကာလအတွင်း ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့တောင်းဆိုချက် အပေါ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ နေခဲ့ကြပါတယ်။ ကျန်တဲ့အင်အားကြီး ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံတကာဥပဒေပြု အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ဘေဂျင်းနဲ့ မော်စကိုရဲ့ မြန်မာစစ်တပ်အပေါ် မစုံစမ်းမစစ်ဆေးဘဲ ထောက်ခံနေတာတွေက မြန်မာစစ်တပ်ကို ကိုယ့်ဘာသာ ရပ်တည်စေနိုင်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ပြီးလုပ်ဆောင်နိုင်စေ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်တွေကို ဘေဂျင်းရဲ့ ဖက်လှဲတကင်းဆက်ဆံရေး ကြောင့်နဲ့တော့ အတိုက်အခံအင်အားစုတွေက တရုတ်ကို ကိုယ့်ရန်သူလို့ သတ်မှတ်တာမျိုး မဟုတ်ပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ NUG က တရုတ်ရင်းနှီးမြှုပ်နှံမှု တွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာ မျိုးကို ဆန့်ကျင်ခဲ့ပါတယ်။ PDF တွေကလည်း တရုတ်စီမံကိန်းတွေနဲ့ ဝေးဝေးနေကြဖို့ NUG ကတောင်းဆိုခဲ့ပါတယ်။ ဒီမိုကရေစီလိုလားတဲ့ မြန်မာ့နိုင်ငံရေးသမားတွေ အနေနဲ့ တရုတ်လိုလားတဲ့ ရပ်တည်ချက်က အံ့ဩစရာတော့ လည်းမဟုတ်ပါဘူး။
NLD အနေနဲ့ "တရုတ်တစ်ပြည်" မူဝါဒဆုပ်ကိုင်ခဲ့ပြီး ဟောင်ကောင်ရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေအပေါ် တရုတ်ရဲ့ဖြိုခွဲမှုတွေနဲ့ပတ်သက်ပြီး ရှုတ်ချတာမျိုး မရှိခဲ့ပါဘူး၊
ပြီးခဲ့နှစ်ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၂၀ ကြိမ်မြောက်ညီလာခံမှာ NLD နဲ့ NUG က သမ္မတ ရှီကျင့်ဖျင့်ဆီ သီးခြားဂုဏ်ပြုစာတွေ ပေးပို့ခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။ ဒါပေမယ့် တရုတ်ကွန် မြူနစ်ပါတီရဲ့ နိုင်ငံတကာရေးရာဌာန (CPCID) က NLD ရဲ့စာကိုသာ အသိအမှတ်ပြုခဲ့ပါတယ်။ ဘာကြောင့်လဲဆို တော့ NLD ကမြန်မာနိုင်ငံရဲ့ တရားဝင်နိုင်ငံရေးပါတီ ဖြစ်ပေမယ့် NUG ကတော့ သူ့ရဲ့တရားဝင်မှုနဲ့ နိုင်ငံရေးအနေ အထားတွေက တရုတ်ကိုပါ ထိခိုက်စေတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် Stimson Center က တရုတ်အစီအစဉ် ညွှန်ကြားရေးမှူး ယွန်းဆန်း က အယ်လ်ဂျားဇီးရားကို ပြောပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်တွေကလည်း တရုတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် လူသိရှင်ကြား ကြိုးစားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်ဝမ်ကို လာရောက်လည်ပတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်ကျောထောက်နောက်ခံပြု USDP ကပြစ်တင်ခဲ့ပါတယ်။ စစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးလည်း ပြီးခဲ့တဲ့မတ်လနဲ့ ဧပြီလတွေမှာ တရုတ်နိုင်ငံကို တရားဝင် အလည်သွားခဲ့ပြီး ချုံကင်းမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယီနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
LMC အစည်းအဝေးနဲ့ပတ်သက်ပြီး တရုတ်က သိမ်သိမ်မွေ့မွေ့နဲ့ ငြင်းပယ်ခဲ့တာက မြန်မာစစ်ဗိုလ်ချုပ်တွေကို အနေရခက်စေခဲ့ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ ဘေဂျင်းက ဩဇာရှိသူတွေများ သူတို့ဆီ နောက်ထပ် လာလေဦးမလားလို့ မျှော်လင့်နေခဲ့ရတာပါ။
ပြီးခဲ့တဲ့လအတွင်း ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် ဘေဂျင်းနဲ့မော်စကိုက ကြားနေဖို့ရွေးချယ်ခဲ့ပါ တယ်။ တရုတ်နဲ့ရုရှားက မဲမပေးဘဲ ကြားနေခဲ့ပြီးနောက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က Louis Charbonneau က ခုလိုပဲပြောခဲ့ပါတယ်။
"တရုတ်နဲ့ရုရှား မဲမပေးဘဲကြားနေလိုက်တာဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ် ပေးပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းပြန်စွပ်ရမယ့် ကိစ္စမျိုးမှာ စိတ်ဝင်စားနေမှာမဟုတ်ဘူး ဆိုတာကို အချက်ပြလိုက်တာပါပဲ။"
■ ဘုန်းမောင်
"အယ်လ်ဂျားဇီးရား" တွင်ဖော်ပြထားသော "Did China deliver a snub to Myanmar's military regime?" ကို ဆီလျော်အောင်ရေးသားပါသည်။
ဆက်စပ်ဖတ်ရှုရန် -