ရှေ့လည်းတိုးမရ၊ နောက်လည်းဆုတ်မရတော့တဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ဒုက္ခသည်တွေ

မြန်မာနိုင်ငံရဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာက အသစ်အဆန်းတစ်ခု မဟုတ်တော့သလို မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်အများဆုံး ထုတ်လုပ်နေသောနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ထူးကြီးကို ပိုင်ဆိုင်ထားပါတယ်။

By Admin 07 Jan 2023

ရှေ့လည်းတိုးမရ၊ နောက်လည်းဆုတ်မရတော့တဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ဒုက္ခသည်တွေ

ဓာတ်ပုံ - AFP / AP

DMG (ဘာသာပြန်ဆောင်းပါး)

လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ဒေသတွင်းနဲ့ ဒေသပြင်ပက လာရောက်တဲ့ ရွှေ့ပြောင်းဒုက္ခသည်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေခဲ့ရပါတယ်။ ဒီလိုရွှေ့ပြောင်းလာကြတဲ့ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံကဖြစ်ပြီး ကရင်၊ ချင်၊ ကရင်နီနဲ့ ရှမ်းစတဲ့ တိုင်းပြည်ရဲ့တိုင်းရင်းသားလူမျိုးစုတွေ အများဆုံးပါဝင်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံမှာ အိုးမဲ့အိမ်မဲ့အရေအတွက် များပြားလာခဲ့သလို အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးကြခဲ့ကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒုက္ခသည်အသစ် ထပ်ပြီးရောက်ရှိလာတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အိမ်နီးချင်းတွေအတွက် ပိုပြီးကံဆိုးတဲ့အချက်က အရင်ရှိပြီးဒုက္ခသည်တွေနဲ့ အသစ်ထပ်မံရောက်ရှိလာတဲ့ မြန်မာနိုင်ငံရဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ရေတိုနေထိုင်ဖို့အတွက် မဟုတ်သလို လက်ရှိပြည်တွင်း အခြေအနေတွေအရ အိမ်ပြန်နိုင်ခြေလည်း မရှိသလောက်ပါပဲ။

အမှန်တကယ်တမ်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာက အသစ်အဆန်းတစ်ခု မဟုတ်တော့သလို မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်အများဆုံး ထုတ်လုပ်နေသောနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ထူးကြီးကို ပိုင်ဆိုင်ထားပါတယ်။ ဗြိတိသျှကိုလိုနီတွေ လက်အောက်က လွတ်မြောက်လို့ လွတ်လပ်ရေးရပြီးတဲ့ နှစ်တွေအတွင်း အိမ်နီးချင်းနိုင်ငံတွေဆီကို လူပေါင်းသိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရပါတယ်။ လွတ်လပ်ရေးရပြီးချိန် ကစလို့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ လူမျိုးရေးနဲ့ဘာသာရေး ပဋိပက္ခတွေမှာ အစိုးရရဲ့ ကျယ်ပြန်တဲ့ဖိနှိပ်မှုတွေကြောင့် လူနည်းစု တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ဘဝဘေးကင်း လုံခြုံဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြရပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၁,၀၅၅,၀၀၀ နီးပါး ဒေသအနှံ့ ပြန့်ကျဲနေပြီး မွတ်ဆလင် မဟုတ်တဲ့ ဒုက္ခသည်ပေါင်း ၂၀၀,၀၀၀ နီးပါးရှိနေပါတယ်။ (အယ်ဒီတာမှတ်ချက် - မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထားသည်)

အာရှတိုက်အတွင်းမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် များပြားလာနေပေမယ့် ကာကွယ်ရေးပိုင်းကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးပါဘူး။ အိန္ဒိယ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတစ်ဝှမ်း ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာသဘောတူစာချုပ်ကို လက်မှတ်မရေးထိုးထားသလို အိမ်တွင်းကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေပိုင်းဆိုင်ရာမှာလည်း အားနည်းမှုတွေရှိနေပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ အခြား အခြေခံဝန်ဆောင်မှုတွေကိုလည်း လက်လှမ်းမမှီနိုင် ဖြစ်နေဆဲပါ။ 

ဒုက္ခသည်အများစုက နေရပ်မပြန်နိုင်တော့တဲ့ အနေအထားမှာ ပိတ်မိနေကြပြီး အများစုကတော့ သူတို့ဇာတိမှာ ပြန်ပြီးအခြေချနေထိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးထိန်းသိမ်းတာနဲ့ နေရပ်ပြန်ပို့တဲ့ အပိုင်းမှာတော့ မလေးရှားနိုင်ငံရဲ့ ခြိမ်းခြောက်မှုက ကြီးမားပါတယ်။ 

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ကတော့ လက်ရှိအိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ စစ်ဘေးရှောင် ချင်းလူမျိုးစုဝင် တစ်ယောက်အတွက် ရွှေ့ပြောင်းနေထိုင်မှုက ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါပဲ။ ချင်းလူမျိုး ရွှေ့ပြောင်းဒုက္ခသည်တစ်ယောက်က "ဒေသခံတွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ ကျွန်တော်တို့ရဲ့အခြေအနေတွေကို သူတို့ နားလည်ပေးနိုင်တဲ့အတွက် သူတို့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒါမျိုးအနေအထားဖြစ်လာဖို့က မလွယ်ပါဘူး" လို့ ပြောပါတယ်။ 

အသက်မွေးဝမ်းကျောင်းမှုနဲ့ တခြားဝန်ဆောင်မှုတွေကို လက်လှမ်းမမီနိုင် ဖြစ်နေတာတွေက စစ်ဘေးရှောင်တွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသေးတယ်ဆိုတာကို သူ့အနေနဲ့ အသိအမှတ်ပြုထားပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံပြန်လာဖို့ကိုလည်း သူနဲ့သူ့မိသားစုက မစဉ်းစားနိုင်သေးပါဘူး။ ဒါက ရွေးချယ်ရမယ့်အရာလည်း မဟုတ်သေးပါဘူး။ 

"ကျွန်တော်တို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်က စိတ်စေတနာကောင်းကောင်းနဲ့ အကူအညီပေးနိုင်မယ့် အိန္ဒိယနိုင်ငံသားတွေပါပဲ" လို့သူက ပြောပါတယ်။ 

▪️ ဒုက္ခသည်ကာကွယ်ရေးဆိုင်ရာအတွက် ဒေသဆိုင်ရာတုံ့ပြန်မှုများ

အိန္ဒိယနဲ့မလေးရှားနိုင်ငံတွေမှာ ဒုက္ခသည်တွေအနေနဲ့ အိမ်ရှင်အစိုးရတွေဆီက အကူအညီ အနည်းငယ်လောက်ကိုသာရရှိကြပြီး အများစုကတော့ ကိုယ့်ဘဝကိုယ် ထိန်းကျောင်း စောင့်ရှောက်နေကြရပါတယ်။ အများစုကတော့ ပြည်တွင်း NGO တွေ ဒါမှမဟုတ် ဌာနေအုပ်စုတွေဆီက ရောက်ရှိလာမယ့် အကူအညီပုံစံမျိုးတွေကို ရှာဖွေလေ့ရှိကြပါတယ်။ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းက ချင်းတိုင်းရင်းသား ဒုက္ခသည်တွေကတော့ ပြည်ပမှာ အခြေချနေထိုင်နေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေ၊ ဒါမှမဟုတ် ဒေသခံရပ်ရွာ အဖွဲ့အစည်းတွေဆီက အကူအညီတွေ ရရှိခဲ့ကြပါတယ်။ အလားတူပဲ မလေးရှားနိုင်ငံရောက် ဒုက္ခသည်တွေကလည်း ရပ်ရွာအဖွဲ့အစည်းတွေ၊ ဒေသခံ NGO တွေကနေတဆင့် အကူအညီတွေ ရရှိခဲ့ကြတဲ့အပြင် အလွတ်သဘော အလုပ်ခန့်ထားတာမျိုးတွေလည်း ရှိနေပါတယ်။

ဒီလို အလွတ်သဘောအလုပ်ခန့်တာနဲ့ သီးသန့်ကူညီပံ့ပိုးပေးတာတွေက ဒုက္ခသည်အများအပြားရဲ့ ကာကွယ်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ခဲ့ပြီး ကိုယ့်အားကိုယ်ကိုးတဲ့ လူတစ်ယောက်ဖြစ်လာဖို့ အောင်အောင်မြင်မြင် စီမံဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ ကူညီပံ့ပိုးမှုကွန်ရက်တွေက ခိုင်မာအားကောင်းတဲ့ ရင်းမြစ်တွေ ဖြစ်ဖို့လိုပါတယ်။ ဒုက္ခသည်တွေအပေါ် နားလည်မှုရှိတဲ့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ NGO တွေကို ကူညီပံ့ပိုးပေးနေတဲ့ အလှူရှင်တွေကို လှူဒါန်းတာကသာ တကယ်လိုအပ်နေသူတွေဆီ အကူအညီတွေ ရောက်ပါလိမ့်မယ်။

▪️ အလှူရှင်တွေနဲ့ အိမ်ရှင်နိုင်ငံတွေရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍ

ကမ္ဘာတစ်ဝှမ်း နိုင်ငံရေးအခင်းအကျင်းတွေက မှန်းဆလို့မရ ဖြစ်နေသေးသလို ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေအပေါ် လက်ခံနိုင်စွမ်းနဲ့ ပွင့်လင်းမြင်သာမှုတွေကလည်း ဆက်ပြီးပြောင်းလဲနေပါတယ်။ Covid-19 နောက်ကွယ်မှာ ကမ္ဘာ့စီးပွားရေး အများစုရဲ့အခြေအနေတွေက မသေချာမရေရာတုန်းပဲ ရှိနေသေးသလို ငွေကြေးဖောင်းပွမှုအဆင့်၊ လူနေမှုစရိတ် မြင့်မားလွန်းတဲ့ ပြဿနာတွေအပြင် အာဖဂန်နစ္စတန်နဲ့ ယူကရိန်းအရေးလို ကမ္ဘာလုံးဆိုင်ရာ ကျပ်တည်းမှုတွေကို ဘယ်လိုတုန့်ပြန်ကြမလဲ ဆိုတဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အစိုးရ အသီးသီးကလည်း ပြည်တွင်းစိုးရိမ်မှုတွေကို တုန့်ပြန်ဖို့ ဖိအားပေးခံနေရပြီး လိုအပ်နေတဲ့လူတွေဆီ နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရောက်ဖို့နဲ့ ဖြေရှင်းဖို့ တပြိုင်တည်း ကြိုးစားနေရပါတယ်။ 

ကနေဒါ၊ အမေရိကန်နဲ့ ဩစတြေးလျလို နိုင်ငံတချို့အတွက် ဒုက္ခသည်တွေနဲ့ အိုးမဲ့အိမ်မဲ့ လူမှုအသိုက်အဝန်းတွေ အပေါ် ထောက်ပံ့ပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ကတိကဝတ်တွေ ရှိထားခဲ့သလို နောက်ထပ်ကတိကဝတ် အသစ်တွေ ရှိလာပြန်ပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စုက သူရဲ့ပြန်လည်နေရာချထားရေး အစီအစဉ်တွေကို စတင်နေပြီဖြစ်သလို ဩစတြေးလျနိုင်ငံကလည်း အာဖဂန်နစ္စတန်က လူတွေအတွက် နောက်ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖန်တီးပေးနေပါတယ်။ အပြုသဘောဆောင်တဲ့ ဒီလှုပ်ရှားမှုတွေက ချီးကျုးသင့်သလို ဖြစ်နိုင်ရင်တော့ ထပ်ပြီးတိုးချဲ့သင့်ပါတယ်။ 

ဒါပေမယ့်လည်း ရွေးချယ်ထားတဲ့ အလှူရှင်နိုင်ငံနည်းနည်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေက မလုံလောက်တဲ့အတွက် ဒေသဆိုင်ရာ အစိုးရတွေအနေနဲ့ ကိုယ့်နိုင်ငံနယ်နိမိတ်အတွင်းက ဒုက္ခသည်တွေကို လက်ခံဖို့ကလည်း အရေးကြီးတဲ့ ကဏ္ဍအဖြစ်ရှိနေပါတယ်။ မလေးရှားနဲ့ အိန္ဒိယအပါအဝင် ဒေသတွင်းမှာရှိတဲ့ အစိုးရတွေအနေနဲ့ ဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ လက်ခံထားခဲ့ကြပါတယ်။  ဒုက္ခသည်ထောင်ပေါင်းများစွာ ဘေးကင်းစေဖို့နဲ့ အန္တရာယ်ရှိတဲ့ နည်းလမ်းတွေနဲ့ နေရပ်ပြန်မပို့ဖို့ကိုလည်း အာမခံထားကြပါတယ်။ ဒါက ချီးကျူးဖို့ကောင်းပေမယ့် သက်ဆိုင်ရာ နိုင်ငံတကာ စာရွက်စာတမ်းတွေကို တရားဝင်ကိုင်တွယ် သုံးစွဲခွင့်မရှိတဲ့အတွက် နယ်စပ်ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး တာဝန်အပြည့်အဝ မယူပေးနိုင်ကြပါဘူး။ 

ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေး ကြီးမားလာတာနဲ့အမျှ တာဝန်ခွဲဝေမှုပိုင်းကို တိုးမြှင့်ဆောင်ရွက်ဖို့ အချိန်ရောက်လာပါပြီ။ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး တရားဝင်ကာကွယ်ပေးတဲ့ ဥပဒေမူဘောင်တွေ မရှိခဲ့ဘူးဆိုရင်တောင် အသက်မွေးဝမ်းကျောင်းနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေပေးဖို့၊ ပညာသင်ကြားခွင့် တိုးမြှင့်ဖို့နဲ့ လုပ်ငန်းခွင်အတွင်း ထိခိုက်ခံစားရသူတွေကို UNHCR က ဝင်ပြီး ကူညီပေးတာမျိုးလောက်ကိုတော့ ဆောင်ရွက်သင့်ပါပြီ။

▪️ ဘုန်းမောင်
"The Diplomat" တွင်ဖော်ပြထားသော ဆောင်းပါးရှင် "Evan Jones" ၏ "Displaced From Myanmar: Can't Go Back and Can't Go Forward" ကို ဆီလျော်အောင်ရေးသားပါသည်။

ဗီဒီယိုများ