စစ်တွေမြို့က ဦးရဲကျော်သူကျောင်းကို စစ်ကောင်စီက ငွေကျပ် ၁ ဘီလီယံ သုံးပြီး ပြုပြင်ပေးနေ
ဦးရဲကျော်သူကျောင်း ပျက်စီးသွားသည့်အခြေအနေကို ဇူလိုင် ၁၁ ရက်နေ့တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ကြည့်ရှုစဉ် ငွေကျပ် ၁ ဘီလီယံအသုံးပြု၍ ပြုပြင်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
14 Jul 2023
DMG ၊ ဇူလိုင် ၁၄
မုန်တိုင်းကြောင့် အပျက်အစီးများခဲ့သည့် စစ်တွေမြို့က ကိုလိုနီခေတ်အဆောက်အအုံ ဦးရဲကျော်သူကျောင်းတိုက် (သံကျောင်း)ကို စစ်ကောင်စီက ငွေကျပ် ၁ ဘီလီယံ (ကျပ်သန်းတစ်ထောင်) အသုံးပြုပြီး မူလလက်ရာအတိုင်း ပြုပြင်ပေးနေကြောင်း ကျောင်းဂေါပကအဖွဲ့က ပြောသည်။
ဦးရဲကျော်သူကျောင်း ပျက်စီးသွားသည့်အခြေအနေကို ဇူလိုင် ၁၁ ရက်နေ့တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ကြည့်ရှုစဉ် ငွေကျပ် ၁ ဘီလီယံအသုံးပြု၍ ပြုပြင်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်းဖြစ်သည်။
“သူ(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်)က သိမ်ထဲကိုဝင်ပြီးတော့ ပျက်စီးသွားတာတွေကို ကြည့်တယ်။ တော်တော်ပျက်စီးသွားတာပဲလို့ ပြောတယ်။ အဲတော့ သူနဲ့အတူပါလာတဲ့ လူတွေကို လမ်းညွှန်တာပေါ့။ ဒီဥစ္စာကိုလုပ်မယ်။ နိုင်ငံတော်အနေနဲ့ ၁ ဘီလီယံ ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ၁ ဘီလီယံ အကုန်ကျခံပြီး လုပ်မယ်လို့ ပြောသွားတယ်” ဟု ဦးရဲကျော်သူကျောင်းတိုက် ဂေါပက ဥက္ကဌ ဦးအေးသိန်းက ပြောသည်။
သံကျောင်း (ခေါ်) ဦးရဲကျော်သူကျောင်းသည် သမိုင်းဝင် ကျောင်းတိုက်ကြီးဖြစ်၍ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလလက်ရာအတိုင်း ပြုပြင်ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်ဟု ဇူလိုင် ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
“ဒီကျောင်းက အဆောက်အအုံလည်းကြီးတော့ အရည်အသွေးကောင်းတဲ့ သွပ်ပြားတွေနဲ့မှ အဆင်ပြေမှာလို့ ဆရာတော်က တင်ပြခဲ့တယ်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးကလည်း လုပ်ပေးမယ်လို့ တာဝန်ယူသွားတယ်” ဟု ကျောင်းထိုင်ဆရာတော် ဦးဇောတိပါလက မိန့်သည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဦးရဲကျော်သူကျောင်းတိုက်တွင် ပင်မကျောင်းဆောင်အမိုးများ ပျက်စီးသွားခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ သကျမုနိဘုရားကြီး သိမ်တော်မှာလည်း ပျက်စီးသွားခဲ့သည်။
ဦးရဲကျော်သူကျောင်းတိုက်နှင့် သကျမုနိဘုရားကြီး သိမ်တော် တို့ကို ဇူလိုင် ၁၃ ရက်နေ့က စတင်ကာ စစ်ကောင်စီ၏ စစ်အင်ဂျင်နီယာတပ်ရင်း (GE) တပ်မှ ဦးဆောင်ကာ ပြုပြင်နေပြီဖြစ်ကြောင်း ကျောင်းဂေါပကထံမှ သိရသည်။
“မုန်တိုင်းဒဏ်ကြောင့် ပြည်သူတွေ ကျပ်တည်းနေချိန်မှာ ပျက်စီးသွားတဲ့ ရဲကျော်သူကျောင်းကို မူလလက်ရာအတိုင်း ပြန်လုပ်ပေးမယ်လို့ နိုင်ငံတော်အကြီးအကဲက တာဝန်ယူဆောက်လုပ်ပေးတာဟာ ကျောင်းတည်တံ့နိုင်ဖို့အတွက် အများကြီး အထောက်အကူဖြစ်စေတယ်” ဟု ကျောင်းဂေါပကဥက္ကဌ ဦးအေးသိန်းက ပြောသည်။
ဦးရဲကျော်သူကျောင်းတိုက်ကို မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည့် ရွှေစလွယ်တော်ရ ရခိုင်သူဌေးကြီး ဦးရဲကျော်သူက ၁၉၁၇ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပြီး နှစ်ပေါင်း ၁၀၆ နှစ်အထိ သက်တမ်းရှိလာပြီဖြစ်သည်။
ကျောင်းကြီးတစ်ခုလုံးကို သံထည်များဖြင့် အဓိကဆောက်လုပ်ထား၍ “သံကျောင်း” ဟုလည်းခေါ်ကြပြီး ဒုတိယကမ္ဘာစစ်အတွင်း စစ်မက်ဒဏ်များကို ခံခဲ့ရသော်လည်း လက်ရှိအချိန်ထိ ရှေးဟောင်းလက်ရာမပျက် တည်ရှိနေခြင်းဖြစ်သည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် နေအိမ်အဆောက်အအုံ အများအပြားပျက်စီးသွားခဲ့ပြီး ယင်းအထဲတွင် သမိုင်းဝင်အဆောက်အအုံများလည်း ပါဝင်သဖြင့် အချိန်မီထိန်းသိမ်းဖို့ လိုအပ်နေသည်။
#I006