ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ မွတ်ဆလင် ၂၀ ကျော်ရှိလာ

တတိယအကြိမ် ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၃၀ ရက်ထိ စစ်ကောင်စီ၏ လက်ကြီးပစ်ခတ်မှု၊ သေနတ်ပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးဒဏ်ရာရသူ မွတ်ဆလင် ၂၄ ဦး အထိ ရှိလာသည်။

By Admin 30 Nov 2023

စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။

DMG ၊ နိုဝင်ဘာ ၃၀ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တတိယအကြိမ် တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၃၀ ရက်ထိ (၁၈ ရက်တာအတွင်း) စစ်ကောင်စီ၏ လက်ကြီးပစ်ခတ်မှု၊ သေနတ်ပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးဒဏ်ရာရသူ မွတ်ဆလင် ၂၄ ဦး အထိ ရှိလာသည်။

သေဆုံးသူများမှာ မင်းပြားမြို့နယ်မှ ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ  ၃ ဦးဖြစ်ပြီး၊ ဒဏ်ရာရသူများမှာ မင်းပြားမြို့နယ်မှ ၁၀ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၇ ဦးဖြစ်သည်။

“ကျနော်တို့နေတဲ့နေရာမှာ ဘာတိုက်ပွဲမှလည်း ဖြစ်ပွားတာမရှိတော့  အေးအေးဆေးဆေးနေကြတာပေါ့။ အခုက ရည်ရွယ်ချက်နဲ့ပစ်တာလား၊ ရမ်းသမ်းလို့ပစ်တာလား ကျနော်တို့လည်း မပြောတတ်တော့ဘူး” ဟု မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မွတ်ဆလင်) ကျေးရွာသားတစ်ဦးက ပြောသည်။ 

မင်းပြားမြို့၊ ကျိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၄ ရက်တွင် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဆင်ကြီးပြင်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ ရွာသား ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ရက်ချောင်းကျေးရွာမှ မွတ်ဆလင် အမျိုးသမီးတစ်ဦးမှာ လယ်ကွင်းသို့သွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ 

ယင်းအပြင် နိုဝင်ဘာ၂၇ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၅) တပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငရုတ်ခင်းတွင် အလုပ်လုပ်နေသည့် ဝါချီးလာကျေးရွာက မွတ်ဆလင်လူမျိုး ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

“အခုက ဘယ်မှာပဲနေနေ အသက်အန္တရာယ်လုံခြုံဖို့ဆိုတာက သူတို့(စစ်ကောင်စီတပ်)လက်ထဲမှာပဲ ရှိတယ်လို့ ပြောလို့ရတယ်။ ဘယ်နေ့မှာ ကိုယ့်အလှည့်ရောက်လာမလဲ ဆိုပြီး စောင့်နေရတဲ့ အခြေအနေမျိုးဖြစ်နေပြီ” ဟု ဝါချီးလာကျေးရွာသား တစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်၏ လက်နက်ပစ်ခတ်မှုများကြောင့် မွတ်ဆလင်များ သေဆုံးဒဏ်ရရရှိမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေဆိုခြင်းမရှိခဲ့ပေ။

စစ်ကောင်စီသည် ယခင်တိုက်ပွဲကာလက အရပ်သားများအား ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ပြလုပ်ခဲ့သည်။ ထို့ကြောင့် ယခုတိုက်ပွဲတွင်လည်း အဘက်ဘက်က အထိနာနေသော စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။

DMG သတင်းဌာနက ကောက်ယူထားသည့်စာရင်းအရ တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်မှ ၃၀ ရက်နေ့အထိ ၁၈ ရက်တာအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် အရပ်သားသေဆုံးသူ ၂၃ ဦးနှင့် ဒဏ်ရာရသူ ၈၄ ဦးအထိ ရှိလာနေသည်။ (အယ်ဒီတာမှတ်ချက် - သေဆုံးဒဏ်ရာစာရင်းထဲတွင် တိုက်ပွဲပြင်းထန်နေသော ပေါက်တောမြို့မှ ဒေသခံများ မပါဝင်ပေ။)

#D005 #DMG 

ဗီဒီယိုများ