- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
ဒီဇင်ဘာ ၂၃ ရက် ည ၇ နာရီခန့်တွင် ဧရာဝတီဘက်မှတစ်ဆင့် ဂွ - ငါးသိုင်းချောင်းလမ်းကိုအသုံးပြုကာ ဂွမြို့ဘက် သို့ ပို့ဆောင်နေသည်ဟု မျက်မြင်တစ်ဦးက DMG သို့ ပြောသည်။
24 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၄
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ ဂွမြို့သို့ တင့်ကားသုံးစီးနှင့် စစ်ကားအစီး ၂၀ ကျော်ဖြင့် စစ်ကောင်စီ အင်အားဖြည့်တင်းနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ဒီဇင်ဘာ ၂၃ ရက် ည ၇ နာရီခန့်တွင် ဧရာဝတီဘက်မှတစ်ဆင့် ဂွ - ငါးသိုင်းချောင်းလမ်းကိုအသုံးပြုကာ ဂွမြို့ဘက်သို့ ပို့ဆောင်နေသည်ဟု မျက်မြင်တစ်ဦးက DMG သို့ ပြောသည်။
“လက်ရှိကတော့ တင့်ကားတွေရော စစ်ကူတွေရော ဆက်တိုက်ဆင်းနေတယ်။ ဘယ်လိုဆက်ဖြစ်မလဲတော့ မသိဘူး။ ကားထဲမှာ လူငယ်တွေများတယ်။ ပြည်သူ့စစ်တွေပဲ ဖြစ်မှာပေါ့” ဟု အဆိုပါ ဒေသခံက ပြောသည်။
အာရက္ခတပ်တော်က ဂွမြို့၏ သုံးပုံနှစ်ပုံကို သိမ်းပိုက်ထားပြီဖြစ်ကာ ကျန်နေသေးသည့် ခမရ ၅၆၂ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲနေ့စဉ်ပြင်းထန်လျက်သည်။
စစ်ကောင်စီက ဧရာဝတီနှင့်ထိစပ်နေသည့် ရခိုင်တောင်ဘက် အစွန်ဆုံးမြို့မကျရေး လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့်အသည်းအသန်ခုခံနေကာ မြေပြင်စစ်ကူများကိုလည်း တောက်လျောက်ဖြည့်တင်းနေသည်။
“စစ်သားတွေကို ကားတွေနဲ့ ဂွဘက်ကို အပြည့်တင်သွားတယ်။ အဲဒီကားတွေနဲ့ပဲ အလောင်းတွေ၊ ဒဏ်ရာရ သူတွေကို ပြန်သယ်လာတယ်” ဟု မြေပြင်စစ်ရေးအခြေအနေသိရှိသူ ဧရာဝတီဒေသခံတစ်ဦးက ပြောသည်။
နိုင်ငံတဝန်းစစ်ရှုံးနေသော စစ်ကောင်စီသည် မြေပြင်စစ်ကူအင်အားဖြည့်တင်းရန်အတွက် အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ပြီး အခြေခံစစ်သင်တန်းများပေးကာ စစ်မြေပြင်သို့ ပို့ဆောင်ပေးနေသည်။
ရခိုင်စစ်မျက်နှာတွင်လည်း စစ်မှုထမ်းများပို့ဆောင်နေပြီး အာရက္ခတပ်တော်၏ ထိုးစစ်ကြောင့် တပ်စခန်းများဆုံး ရှုံးကာ လက်နက်ချအလင်းဝသူအများအပြားရှိကြောင်း AA က ထုတ်ပြန်သည့် ရုပ်သံဖိုင်များတွင် တွေ့မြင်နေရသည်။
“အခုစစ်တပ်က စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၈ ထိပြုလုပ်ပြီပြီလို့ သူတို့ထုတ်ပြန်ချက်တွေမှာ တွေ့ရတယ်။ စစ်ကောင်စီတပ်မှာ စစ်မြေပြင်မှာ တကယ့်တိုက်ခိုက်မယ့်သူ နည်းသွားတာကို တွေ့ရတယ်။ တိုက်ရည်ခိုက်ရည် ရှိတဲ့သူတွေလည်း လက်နက်ချအလင်းဝင်တာရေ၊ သေဆုံးတာတွေအများကြီးရှိတယ်။ နပခတို့လို တိုက်ပွဲမှာဆိုရင်လည်း ဒုတိုင်းမှူးကိုယ်တိုင် အဖမ်းခံရတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် စစ်တပ်ကမြေပြင်မှာ လုံးဝ ရှုံးနိမ့်နေပြီ” ဟု ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
ရခိုင်ရိုးမတကြောရှိ အမ်း၊ တောင်ကုတ်၊ သံတွဲမြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ် ကာ ဂွမြို့တစ်ခုသာကျန်ရှိတော့ပြီဖြစ်သည်။ အမ်းမြို့ကျပြီးနောက် ဂွသည် စစ်ကောင်စီ နောက်ဆုံးမျှော်လင့် ချက်ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီက ဂွမြို့ကိုအင်အားအလုံးအရင်းဖြင့် ကာကွယ်နိုင်၍ မြေပြင်နှစ်ဖက်တိုက်ပွဲများသည်လည်း ပိုမိုပြင်းထန်နိုင်ကြောင်း စစ်ရေးအကဲခက်သူတို့က သုံးသပ်ကြသည်။