အဂတိမှုဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်က ဝန်ကြီးဟောင်းငါးဦးအမှုတွင် တရားလိုသက်သေများနှင့် တရားစွဲဆိုခံရသူများကို စစ်ဆေးပြီးစီး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်းငါးဦး၏အမှုတွင် တရားလိုသက်သေများနှင့် တရားစွဲဆိုခံရသည့် ဝန်ကြီးဟောင်းများကို စစ်ဆေးပြီးဖြစ်ကြောင်း ရှေ့နေများထံမှသိရသည်။

21 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်းငါးဦး၏အမှုတွင် တရားလိုသက်သေများနှင့် တရားစွဲဆိုခံရသည့် ဝန်ကြီးဟောင်းများကို စစ်ဆေးပြီးဖြစ်ကြောင်း ရှေ့နေများထံမှသိရသည်။

ဝန်ကြီးဟောင်းငါးဦးကို ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်တွေအကျဉ်းထောင်သီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး စွဲဆိုထားသည့်အမှုသုံးခုကိုစစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက ပြောသည်။

“တရားလိုဘက်ကသက်သေတွေနဲ့ တရားစွဲဆိုခံရသူတွေကို အကုန်စစ်ဆေးပြီးပြီ။ ဒါကြောင့် လာမယ့်ရုံးချိန်းမှာ ခံပြသက်သေကို ဆက်စစ်ဆေးမယ်”ဟု ၎င်းကဆိုသည်။

အဂတိမှုဖြင့်တရားစွဲဆိုခံထားရသည့် ရခိုင်ကဝန်ကြီးဟောင်းငါးဦးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဖြစ်ကြသည်။

အဆိုပါဝန်ကြီးဟောင်းငါးဦးကို စစ်ကောင်စီလက်အောက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အမှုလေးမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံကြား သောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ ညွှန်ကြားချက်ပါ တင်ဒါစည်းမျဉ်းစည်ကမ်းနှင့်မညီဘဲ ဆက်စပ်ကုမ္ပဏီတစ်ခုကိုစာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်ကာ ကုမ္ပဏီကိုငွေကြေးများပေးဆောင်ခြင်း စသည့်အချက်များဖြင့် စွပ်စွဲအမှုဖွင့်ထားခြင်းဖြစ်သည်။

ယင်းအမှုတွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဝန်ကြီးဟောင်း ဦးကျော်လွင်တို့ပါဝင်သည်။
အလားတူ စစ်တွေမြို့ရှိ Glorious Saw Co, ltd အား စီစစ်ဆောင်ရွက်မှုမရှိဘဲ ဒေသခံများ အလုပ်ရရှိရေးခေါင်းစဉ်ဖြင့် လုပ်ငန်းမလည်ပတ်ဘဲ ငွေကြေးထောက်ပံ့သဖြင့် စွဲဆိုထားသည့်အမှုတွင် ဦးညီပု၊ ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့ပါဝင်သည်။

နောက်တစ်မှုမှာ ဝန်ကြီးများအနေဖြင့် အစိုးရတာဝန်ယူခဲ့စဉ်ကာလက ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့ စာရင်းဖွင့်လက်ကျန်ငွေဖြင့် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ သုံးစွဲခဲ့သည်ဟုစွပ်စွဲထားခြင်းဖြစ်သည်။ အဆိုပါအမှုတွင်လည်း ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့ပါဝင်သည်။

စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်မှာ ၎င်းတာဝန်ထမ်းဆောင်ခဲ့စဉ်က ပြည်နယ်အစိုးရ၏ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိ၊ လွှတ်တော်၏ခွင့်ပြုချက်မရှိဘဲ တောင်ကုတ်မြို့မဈေးအပါအဝင် ဈေး (၅)ဈေးကို တင်ဒါစည်းကမ်းနှင့်မညီဘဲ ငွေကြေးအပိုပေးမှုဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

“ဝန်ကြီးတွေကတော့ အခုစွဲဆိုထားတဲ့အမှုကိစ္စအားလုံးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားတယ်။ တစ်ခြားသီးသန့်ဆောင်ရွက်ခဲ့တာမျိုး တစ်ခုမှမပါဘူးလို့ ချေပထွက်ဆိုထားပါတယ်”ဟု မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောကြားသည်။

ဝန်ကြီးဟောင်းငါးဦး၏အမှုကို လာမည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆက်လက်စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။