ရခိုင်ဝန်ကြီးနှစ်ဦးကို အဂတိတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားထားမှု ၂ နှစ်ကျော်ကြာသည့်တိုင် ထူးခြားမလာသေးကြောင်း တိုင်ကြားသူများဝေဖန်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုဖြင့် တိုင်ကြားထားသော်လည်း နှစ်နှစ်ကျော်ကြာမြင့် လာသည်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တစ်စုံတစ်ရာ အရေးမယူကြောင်း တိုင်ကြားသူများကဆိုသည်။

By အောင်ထိန် 18 Dec 2020

အောင်ထိန် | DMG
ဒီဇင်ဘာ ၁၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုဖြင့် တိုင်ကြားထားသော်လည်း နှစ်နှစ်ကျော်ကြာမြင့် လာသည်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တစ်စုံတစ်ရာ အရေးမယူကြောင်း တိုင်ကြားသူများကဆိုသည်။

“အဲဒီကိစ္စကို တိုင်ကြားထားတာ အခုချိန်ထိ ဘာမှလည်းမထူးဘူး။ အမှုမှန်လည်း ပေါ်ပေါက်နေပြီ။ တစ်ဖက်မှာလည်း အဂတိလိုက်စားမှုကို တိုင်တယ်ဆိုပြီး ကုမ္ပဏီတွေကို Black list (အမည်ပျက်) စာရင်းထည့်ထားတယ်။ အခု ကကုမ္ပဏီတွေကို Black list ထဲ သွင်းထားတယ်ဆိုပြီး ကြော်ငြာဘိုးတွေမှာ တောင် ကပ်တဲ့အဆင့်ဖြစ်လာတယ် ”ဟု ဝတီရွှေမြေကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးနှင်းထွန်းတိုးက ပြောသည်။

ဝန်ကြီးဦးကျော်အေးသိန်းကို မြောက်ဦးမြို့ ပျံကျဈေးတည်ဆောက်ရေး တင်ဒါပေးအပ်ရာတွင် မူလလျှောက်ထားသူများကိုမပေးဘဲ တင်ဒါမလျှောက်ထားသည့်ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးလိုက်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနှင့် ဝတီရွှေမြေကုမ္ပဏီအပါအဝင် ကုမ္ပဏီ (၆) ခုက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

ဝန်ကြီး ဦးဝင်းမြင့်ကိုလည်း မြောက်ဦးမြို့တော်ခန်းမ ဆောက်လုပ်ရာတွင် မူလဆောက်လုပ်နေသည့် ကုမ္ပဏီကို လုပ်ကိုင်ခွင့်မပေးခြင်း၊ ယင်းခန်းမဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူရာတွင်လည်း တင်ဒါလျှောက်ခွင့် မပေးဘဲ တခြားကုမ္ပဏီကို တင်ဒါခေါ်ပေးလိုက်သည်မှာ တင်ဒါလုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဟုဆိုကာ ဝတီရွှေမြေကုမ္ပဏီက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုင်ကြားထားခြင်းသည် အမှုမှန်ပေါ်ပေါက်နေပြီဖြစ်သော်လည်း ဝန်ကြီးနှစ်ဦးတို့ကို မဟုတ်မမှန်တိုင်ခြင်းဟုဆိုကာ ကုမ္ပဏီများအား အစိုးရမှ အမည်ပျက်စာရင်းထဲထည့်သွင်းထားသဖြင့် ကုမ္ပဏီအတွက် နစ်နာမှုရှိကြောင်း ဝတီရွှေမြေကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးနှင်းထွန်းတိုးက ပြောသည်။

“ကုမ္ပဏီတွေက အများကြီးနစ်နာတာပေါ့။ လုပ်ငန်းဆက်လုပ်လို့မရတော့ဘူး။ မတရားလုပ်ထားသလို ခံနေရတယ်။ ဘဏ်ကိစ္စတွေနဲ့ ဆက်သွယ်တဲ့အခါ အခက်အခဲဖြစ်တယ်။ အစိုးရက အမည်ပျက်စာရင်းထဲ သွင်းထားတယ်ဆိုရင် ဘဏ်တွေကလည်း ထောက်ရှုလာတယ်။ အနှောက်အယှက်ဖြစ်တယ်။ ဆက်လုပ်လို့မရတဲ့ အနေအထားဖြစ်လာတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုင်ကြားခြင်းနှင့်ပတ်သက်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စစ်တွေမြို့ရှိ အာရီယာန်ခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေတွင် “မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့်ပြုလုပ်ခြင်းကို အဂတိလိုက်စားမှုဟု ဆိုလိုသည်”ဟု ဖော်ပြထားသည်။

အလားတူ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ ဥပဒေပါပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟု သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းဖြစ်သည်ဟု သော်လည်းကောင်း၊ မမှန်မကန်သတင်းပေးပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။