- တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၂၅ တွင် ရုရှားသို့ အလည်အပတ် ရောက်မည်ဟု ရုရှားသံအမတ်ပြော
- အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ
- စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
- ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
AA သံသယဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ရသေ့တောင် ဒေသခံတစ်ဦး ချုပ်ရက်စေ့၍ ပြန်လွတ်
“ဒီနေ့ မနက်က ချုပ်ရက်စေ့ပြီး ပြန်လွတ်လာတာပါ။ အဖမ်းခံရတာ သုံးနှစ်ပြည့်ဖို့ တစ်လနဲ့ ၁၆ ရက်ပဲ လိုတော့တယ်။ အပြစ်မရှိဘဲ မတရားဖမ်းဆီး ထောင်ချခံလိုက်ရတဲ့အတွက် ကျနော့်အတွက်ရော၊ မိသားစုအတွက်ပါ နစ်နာမှုတွေ အများကြီးရှိခဲ့တယ်”
13 Jun 2023
DMG ၊ မေ ၁၃
ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ ခမောင်းတုံးကျေးရွာမှ ဒေသခံတစ်ဦးမှာ ချုပ်ရက်စေ့၍ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။
လွတ်မြောက်လာသူမှာ အသက်(၃၉)အရွယ် ဦးမောင်ဘုဖြစ်ပြီး ၎င်းကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
“ဒီနေ့ မနက်က ချုပ်ရက်စေ့ပြီး ပြန်လွတ်လာတာပါ။ အဖမ်းခံရတာ သုံးနှစ်ပြည့်ဖို့ တစ်လနဲ့ ၁၆ ရက်ပဲ လိုတော့တယ်။ အပြစ်မရှိဘဲ မတရားဖမ်းဆီး ထောင်ချခံလိုက်ရတဲ့အတွက် ကျနော့်အတွက်ရော၊ မိသားစုအတွက်ပါ နစ်နာမှုတွေ အများကြီးရှိခဲ့တယ်” ဟု လွတ်မြောက်လာသူ ဦးမောင်ဘုက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဦးမောင်ဘုမှာ စစ်တွေမြို့မှ မိမိကျေးရွာသို့ အိန္ဒိယသုံးဘီး (တုတ်တုတ်)ဖြင့် အပြန်တွင် ၎င်းနှင့်အတူပါလာသည့် ခရီးသည် ဦးဦးသာဇံဆိုသူနှင့်အတူ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ယင်းနောက် ၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စစ်ကောင်စီတပ်က တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည်။
လက်ရှိတွင် ဦးမောင်ဘုမှာ ချုပ်ရက်စေ့၍ ပြန်လွတ်လာသော်လည်း ဦးဦးသာဇံဆိုသူမှာ အကြမ်းဖက်မှုဥပဒေပုဒ်မအပြင် မူးယစ်ဆေးဝါးအမှုအချို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ် ချမှတ်ခံထားရသဖြင့် လွတ်မြောက်လာခြင်း မရှိသေးပေ။
ယခုနှစ် မေလ ၅ ရက်နေ့ကလည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတို့ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ သံချောင်းကျေးရွာမှ ကိုဝေယံစိုး (၂၅ နှစ်) နှင့် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ကိုမောင်မောင်ချေ (၂၆ နှစ်) တို့မှာ ချုပ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာခဲ့သည်။
လက်ရှိတွင် သက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထားသည့် အရပ်သားပြည်သူများကို စစ်ကောင်စီအနေဖြင့် ပြန်လွှတ်ပေးသင့်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
“အကြမ်းဖက်မှုနဲ့ပဲဖြစ်ဖြစ် မတရားအသင်းဆက်သွယ်မှုနဲ့ပဲဖြစ်ဖြစ် သက်သေခိုင်လုံမှုမရှိရင် ဖမ်းဆီးထားတဲ့သူကို ပြန်လွတ်ပေးရမှာ ဖြစ်ပါတယ်။ သက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးမှုက အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေငြာစာတန်း အပိုဒ်(၉) အရ ဥပဒေအရမဟုတ်တဲ့ ဖမ်းဆီးခြင်းမြောက်တယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် AA တို့၏ စစ်ရေးကာလအတွင်း AA နှင့်ဆက်စပ်သည် ဆိုသည့် သံသယဖြင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော် ရှိခဲ့သည်။ ယင်းအထဲတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ချုပ်ရက်စေ့၍ လွတ်မြောက်လာသူများ ရှိလာနေသည်။
ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲကာလတွင် စစ်ကောင်စီတပ်က အရပ်သား ၃၂၄ ဦးကို ဖမ်းဆီးခဲ့ကာ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် နိုဝင်ဘာလက ပြောထားသည်။
#I006