ရခိုင်အရေးကိစ္စ တော်လှန်ရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့များထုတ်ပြန်ချက်ကို AA ပြင်းထန်စွာ ကန့်ကွက်

ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်ဆလင်များအား ရွာအလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊ လူမသိသူမသိဖမ်းဆီးခံရသော မွတ်ဆလင်များ ရှိနေသည်ဟု ထုတ်ပြန်ထားသော သတင်းများအရ သိရှိရကြောင်း (၁၉၅) ဖွဲ့က ထုတ်ပြန်ထားသည်။ 

By Admin 25 May 2024

မောင်တောခရိုင်ရှိ AA ထိန်းချုပ်နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်ခိုလှုံနေပြီး ၈၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
မောင်တောခရိုင်ရှိ AA ထိန်းချုပ်နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်ခိုလှုံနေပြီး ၈၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

DMG ၊ မေ  ၂၅ 

ရခိုင်ပြည် မြောက်ပိုင်းအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမည်မဖော်လိုသည့်အဖွဲ့ စုစုပေါင်း (၁၉၅) ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်သည့် အချက်အလက်အချို့မှာ မှားယွင်းနေပြီး မြေပြင်ပကတိအခြေအနေနှင့်ကွဲလွဲနေ၍ ပြင်းထန်စွာကန့်ကွက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။ 

အဖွဲ့အစည်း (၁၉၅) ဖွဲ့၏ မေလ ၂၂ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်တွင် - AA သည် မွတ်ဆလင်လူမျိုးများအား ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများမပြုလုပ်ဟု ပြောထားသော်လည်း  မြေပြင်တွင် AA တပ်ဖွဲ့ဝင်အချို့က ကျူးလွန်သည်ဟု စွပ်စွဲမှုများရှိနေ၍ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုကြောင်း ဆိုထားသည်။ 

ဧပြီနှင့် မေလအတွင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်ဆလင်များအား ရွာအလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊ လူမသိသူမသိဖမ်းဆီးခံရသော မွတ်ဆလင်များ ရှိနေသည်ဟု ထုတ်ပြန်ထားသော သတင်းများအရ သိရှိရကြောင်း (၁၉၅) ဖွဲ့က ထုတ်ပြန်သည်။ 

ယင်းအပြင် သတင်းမီဒီယာများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရဟုဆိုကာ မေ ၁၇ ရက်၊ ည ၁၀ နာရီခန့်တွင် ဘူးသီးတောင်မြို့ပေါ်ရှိ မွတ်ဆလင်နေအိမ်များကို AA တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထို့သို့ မဟုတ်မမှန်သတင်းများနှင့် အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲချက်များ၊ အာရက္ခတပ်တော်အပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားအောင် ပြုလုပ်သောအသုံးအနှုန်းများကို ရေးသားထားခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း AA က ထုတ်ပြန်လာခြင်းဖြစ်သည်။ 

ထုတ်ပြန်ချက်တွင်ပါသည့် အဖွဲ့အစည်းအချို့မှာ  လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် အသုံးချခံခဲ့ရခြင်း၊ ထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး ထုတ်ပြန်ရန်နှိုးဆော်သည့်အချိန်မှ ထုတ်ပြန်လိုက်သည့်အချိန်ထိ သိရှိမှုမရှိခြင်း၊ မိခင်အဖွဲ့၏ သဘောထားကို မေးမြန်းခြင်းမရှိဘဲ ထည့်သွင်းခံရခြင်း၊ အဖွဲ့၏တရားဝင်ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ပူးတွဲထုတ်ပြန်ချက် အမည်စာရင်းသွင်းခံရခြင်း၊ လူပုဂ္ဂိုလ်အချို့မှ နိုင်ငံရေးအရ အဖွဲ့အစည်းအချို့၏ နာမည်ကို စာရင်းတွင်ထည့်၍ အသုံးချဖော်ပြခံခဲ့ရခြင်းစသည့် ပုံစံအမျိုးမျိုးဖြင့် ပါဝင်နေကြောင်း AA က ထုတ်ပြန်သည်။ 

ယင်းထုတ်ပြန်ချက်တွင်ပါဝင်သည့် အဖွဲ့များနှင့် အဖွဲ့တာဝန်ခံများကို AA က ကောင်းစွာမှတ်တမ်းတင်ထားပြီး၊ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အခြေအနေအကျိုးအကြောင်းကို ရှင်းလင်းစွာမသိရှိဘဲ ဖော်ပြခံခဲ့ရသော အဖွဲ့အစည်းများရှိပါက မည်သည့်အတွက်ကြောင့် ပါဝင်ခဲ့ရသည်များကို ရှင်းလင်းချက်ထုတ်ပြန်ပေးရန် လေးစွာစွာဖြင့် တောင်းဆိုကြောင်း AA က ဆိုသည်။ 

“အဲဒီလိုမှသာ မိမိတို့(ULA/AA)နဲ့ ခင်မင်ရင်းနှီးတဲ့ အဖွဲ့အစည်းတွေအချင်းချင်းကြားမှာ အပြန်အလှန် နားလည်မှုလွှဲတာ၊ ယုံကြည်မှုပျက်ပြားတာ၊ စိတ်ဝမ်းကွဲမှုမျိုး ဖြစ်ပွားတာတွေက ရှောင်ရှားနိုင်မှာဖြစ်တယ်” ဟု ဆိုသည်။

(၁၉၅)ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်)က ထုတ်ပြန်ချက်တွင်ပါဝင်သည့် အချက်အလက်အချို့ကို စနစ်တကျ စိစစ်နိုင်ခြင်း မရှိခဲ့ကြောင်း ယနေ့ မေလ ၂၅ ရက်တွင် ထုတ်ပြန်လာသည်။ 

ပူးတွဲထုတ်ပြန်ချက်ထုတ်ပြီးမှသာ ထည့်သွင်းရေးသားထားသည့် အချက်အလက်များကို ပြန်လည်စိစစ်နိုင်ခဲ့ပြီး အချို့အချက်အလက်များမှာ မြေပြင်ပကတိအနေအထားနှင့် ကွဲလွဲမှုများ၊ ရှုပ်ထွေမှုများရှိနေပြီး တိကျခိုင်မာမှု အားနည်းသည်ကို တွေ့မြင်ရကြောင်း  ဆိုထားသည်။  

“တိကျခိုင်မာမှုအားနည်းတဲ့ အချက်အလက်တွေကို အခြေခံပြီး ထုတ်ပြန်တာဟာ ဒေသအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကြားမှာ တင်းမာမှုတွေ ပိုမိုဖြစ်ပေါ်လာစေမှာ အထူးစိုးရိမ်မိတယ်။ စနစ်မကျမှု၊ ပေါ့ဆမှုတွေကို တာဝန်ယူတာဝန်ခံဖို့ လိုအပ်လာတဲ့အတွက် ပူးတွဲကြေညာချက်မှ တရားဝင်နုတ်ထွက်ပါတယ်” ဟု တကသများ - ရန်ကုန်က ထုတ်ပြန်သည်။ 

တကသမများ- ရန်ကုန် ၏ ပေါ့လျော့မှုအတွက် ဒေသတွင်းမှ အဖိနှိပ်ခံလူထုအပါအဝင် သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်တတွ ပြည်သူလူထုတစ်ရပ်လုံးကို တောင်းပန်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

ရခိုင်က လူမှုရေးသမားတစ်ဦးက “အဲဒီထုတ်ပြန်ချက်ထဲမှာ ပါဝင်ခဲ့တဲ့အဖွဲ့တချို့က အချက်အလက် မှားမှန်းသိလို့ နုတ်ထွက်တာက ကောင်းတဲ့လုပ်ရပ်လို့ ပြောရမယ်။ တချို့အဖွဲ့အစည်းတွေဆိုရင် နာမည်တောင်မဖော်ပြရဲဘဲ ငွေကြေးထောက်ပံ့မှုတစ်ခုတည်းရလိုစိတ်နဲ့ သူများလုပ်လို့လိုက်လုပ်ရတဲ့ သဘောတွေ့ရတယ်။ နောက်ထပ် အဖွဲ့တွေအနေနဲ့လည်း အမှားကိုသိရင် အမှန်ပြင်ဆင်ရဲဖို့လိုတယ်။ မဟာမိတ်ဆက်ဆံရေးကိုလည်း တည်ဆောက်တက်ကြဖို့ အရေးကြီးတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသည့် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ ပါသည့် သတင်းအချက်အလက်များအပေါ်အခြေခံ၍ သုံးသပ်ချက်၊ ထုတ်ပြန်ချက်များ မပြုလုပ်ကြရန်အတွက် ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို(PMSAB)နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့(TGF)က မေ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ 

ရခိုင်အရေးနှင့်ပတ်သက်၍ ကြောင်းကျိုးဆီလျှော်သော အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာပြောင်တိုက်သော ကြောင်သူတော်မိတ်ဆွေများအနေဖြင့် ၎င်းတို့နှင့်ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းလိုက်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏ လူမှုကွန်ရက်တွင် မေလ ၂၂ ရက်က တင်ထားသည်။ 

ဗီဒီယိုများ