စစ်တွေ မွတ်ဆလင်အချို့ AA ကို ဆန္ဒပြ

"AA အလိုမရှိ၊ တိုက်ပွဲ အလိုမရှိ၊ AA ထွက်သွား၊ စစ်တွေမြို့ကို ကာကွယ်ပါ" စသည့် စာတမ်းပါဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒပြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်က လုံခြုံရေးပေးထားသည်။

By Admin 20 Apr 2024

ဓာတ်ပုံ - Myanmar Hard Talk 
ဓာတ်ပုံ - Myanmar Hard Talk 

DMG ၊ ဧပြီ ၂၀ 

စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မွတ်ဆလင် ၁၀၀ ခန့်က AA အလိုမရှိကြောင်း ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အောင်မင်္ဂလာ၊  ကသည်း၊ ဘုမေ စသည့်ရပ်ကွက်များမှ မွတ်ဆလင် ၁၀၀ ကျော်မှာ စစ်ကောင်စီဖိအားကြောင့် ဘုမေကျေးရွာမှ တပ်ထိန်းဂိတ်အထိ လမ်းလျှောက်ဆန္ဒထုတ်ခဲ့ကြခြင်း ဖြစ်သည်။ 

ဘုမေရွာမှ  မွတ်ဆလင်တစ်ဦးက “လူဦးရေ ၁၀၀ ကျော်လောက်ပါတယ်။ မနက် ၈ နာရီလောက်က စထွက်တာ လမ်းမကြီးတစ်လျှောက် တပ်ထိန်းဂိတ်အထိသွားပြီး ရွာဘက်ကို ပြန်လှည့်လာပါတယ်။ မြို့ထဲဝင်တာတော့ မရှိပါဘူး။ ဘူးသီးတောင်ဘက်မှာ ပြသလိုမျိုး AA အလိုမရှိကြောင်း အော်ဆိုပြီး သွားကြတာပါ” ဟု ပြောသည်။ 

"AA အလိုမရှိ၊ တိုက်ပွဲ အလိုမရှိ၊ AA ထွက်သွား၊ စစ်တွေမြို့ကို ကာကွယ်ပါ" စသည့် စာတမ်းပါဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်က လုံခြုံရေးပေးထားပြီး လမ်းမကြီးတစ်လျှောက် လူသွားလူလာများကိုလည်း ဟန့်တားထားကြောင်း သိရသည်။ 

စစ်တွေမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း မွတ်ဆလင်များက AA ကို ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဘူးသီးတောင်မြို့တွင်လည်း မတ်လ ၁၉ ရက်က AA အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းရှိ မွတ်ဆလင်များကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ပြီး AA ကို ဆန္ဒပြကြရန် ဖိအားပေးခိုင်းစေနေသည်။ ထိုသို့ လုပ်ဆောင်နေခြင်းမှာ ရခိုင်နှင့် မွတ်ဆလင်လူမျိုးကြား အထင်အမြင်လွဲကာ လူမျိုးရေးပဋိပက္ခဖြစ်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည် ပြောကြသည်။ 

“အရင်တုန်းကဖြစ်ခဲ့တဲ့ ပဋိပက္ခကိုကြည့်ရင် မြန်မာစစ်တပ်က ကြိုးကိုင်ခဲ့တာကို ထင်ထင်ရှားရှားမြင်ရတယ်။ အခုလည်း ဒီလိုရည်ရွယ်ပြီး စစ်ကောင်စီက လုပ်ဆောင်လာတယ်။ ဆိုတော့ ကိုယ်တို့အချင်းချင်းကြားမှာ သဘောထားမကွဲလွဲဖို့လည်း လိုတယ်” ဟု မွတ်ဆလင် ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောသည်။ 

လက်ရှိတွင် ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်စစ်သွေးကြွအချို့ကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးကာ အကြမ်းဖက်မှုများ ကျူးလွန်ခွင့်ပြုထားကြောင်း ဒေသခံများနှင့် အာရက္ခတပ်တော်(AA) က ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ရခိုင်နှင့် မွတ်ဆလင် အသိုင်းဝိုင်းကြား သွေးထိုးလှုံ့ဆော်မှုများဖြင့် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည်ဟု အာရက္ခတပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

“စစ်ကောင်စီဟာ ရက္ခိုင်စစ်မျက်နှာမှာ သူတိုရဲ့ရှုံးနိမ့်မှုတွေကို ဖုံးကွယ်ဖို့ ကျနော်တို့အဖွဲ့အစည်းအပေါ်မှာ ယုတ်ညံ့အောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ တောက်လျှောက်တိုက်ခိုက်နေတာ” ဟု သူက ဆိုသည်။

ရခိုင်ပြည်အတွင်း လူမျိုးရေးပဋိပက္ခများကို မြန်မာစစ်တပ်က မည်သည့်အခါမျှ လုပ်ခဲ့ခြင်းမရှိဘဲ AA ကသာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ဗီဒီယိုများ