- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
စစ်ကောင်စီအသက်ရှင်အောင် အိန္ဒိယက စစ်ရေးနှင့် ဆက်စပ်အကူအညီပေးနေ
အိန္ဒိယနိုင်ငံသည် စစ်ကောင်စီကို စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချနေသဖြင့် ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုသည်။
17 May 2024
DMG ၊ မေ ၁၇
အိန္ဒိယနိုင်ငံသည် စစ်ကောင်စီကို စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချနေသဖြင့် ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar မေလ ၁၆ ရက်တွင် ထုတ်ပြန်တောင်းဆိုသည်။
ယင်းအပြင် အိန္ဒိယအစိုးရသည် မြန်မာစစ်အုပ်စုအား ကာကွယ်ရေးဆိုင်ရာအခမ်းအနားများ တက်ရောက်ရန် ဖိတ်ကြားခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းများကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့သည့် အိန္ဒိယ ဗိုလ်လောင်း သင်တန်းဆင်းပွဲတစ်ခုတွင် ၁,၀၀၀ ကျော် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ဗိုလ်လောင်းများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရေတပ်ဆိုင်ရာစစ်ကောလိပ် Goa ၏ ကထမကပြုမှုဖြင့် အိန္ဒိယရေတပ်က လက်ခံကျင်းပခဲ့သော Goa ရေကြောင်းဆိုင်ရာအထူးအစည်းအဝေး(GMC)တွင် မြန်မာရေတပ်ချုပ် တက်ရောက်ခဲ့ကြောင်း JFM က ဆိုသည်။
၂၀၂၃ ခုနှစ် ဇွန်လတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane သည် မြန်မာနိုင်ငံသို့ ရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
ယင်းအပြင် အနောက်နိုင်ငံများမှ ဒဏ်ခတ်ပိတ်ဆို့ထားသော ကာကွယ်ရေးဝန်ကြီး မြထွန်းဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့ရေတပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်း တို့နှင့်လည်း အစည်းအဝေးများပြုလုပ်ခြင်းသည် အိန္ဒိယနိုင်ငံသည် စစ်အုပ်စုနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံရာပါပတ်သက်မှုကို ညွှန်ပြနေကြောင်း Justice For Myanmar က ဆိုသည်။
၂၀၂၀ ပြည့်နှစ်ကလည်း အိန္ဒိယနှင့် မြန်မာလေတပ်တို့အကြား စားပွဲဝိုင်းစာတွေ့လေ့ကျင့်မှုတစ်ရပ်ကို အိန္ဒိယနိုင်ငံ၊ Prayagraj တွင် ပြုလုပ်ခဲ့သေးသည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန ဝက်ဆိုဒ်တွင် ဖော်ပြချက်အရ သင်္ဘောကျင်းစီမံခန့်ခွဲမှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် အင်ဂျင်းနီးယာရင်းကိစ္စရပ်များတွင် မြန်မာစစ်သား ၆၀ အား သုံးလကြာ လေ့ကျင့်သင်ကြားပေးရန်အတွက် အရာရှိခုနစ်ဦးနှင့် သင်္ဘောသားနှစ်ဦးပါဝင်သော ရွေ့လျားလေ့ကျင့်ရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တာဝန်ပေးစေလွှတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၁၇ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းအဖြစ် မြန်မာစစ်သား ၃၅ ဦးအတွက် သီးသန့်ပြင်ဆင်ထားသော လေးပတ်ကြာသင်တန်းတစ်ခုကို Vairengte ရှိ Counter Insurgency and Jungle Warfare (CIJW) School တွင် လက်ခံလေ့ကျင့်သင်ကြားပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ပြည်တွင်းစစ်ပွဲအတွင်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရောင်းချမှုကို ရပ်တန့်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။