အမ်းက လုံးကျေးရွာကို စစ်ကောင်စီတပ်သားများ မီးရှို့မှုကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျ

ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်)၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု အမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

By Admin 22 Oct 2024

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။

DMG ၊ အောက်တိုဘာ ၂၂

အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နှင့် ၇ မိုင်ခန့် ကွာဝေးသည့် အမ်းမြို့နယ်၊ လုံးကျေးရွာကို စစ်ကောင်စီတပ်သားများက ဝင်ရောက်မီးရှို့သွား၍ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်)၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု အမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

" လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်လောက် ရွာထဲဝင်ရောက်ပြီး မီးရှို့သွားကြတယ်။ နေအိမ်အများကြီး ပြာကျသွားတယ်လို့ ကြားရပါတယ်။ အတိအကျ မသိရသေးဘူး " ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် လုံးကျေးရွာမှာ အမ်း - တပ်တောင် သွားရာ ကားလမ်းဘေးတွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်နှင့် လူဦးရေ ၁,၀၀၀ ကျော်ရှိသည်။

အဆိုပါကျေးရွာမှ ဒေသခံများစုမှာ ပြင်းထန်သော တိုက်ပွဲများကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။ သို့သော် ရွာစောင့်အနေဖြင့် ကျန်ရှိခဲ့သည့် ဒေသခံအချို့မှာလည်း‌ လက်ရှိတွင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ပြောဆိုကြသည်။

" အိမ်စောင့်တွေကို စစ်ကောင်စီက ဖမ်းခေါ်သွားတာ။ သတ်ဖြတ်သွားတာရှိတယ်ဆိုပြီးတော့ သတင်းတွေလည်း ထွက်နေတယ်။ သေချာတော့ မသိရသေးဘူး။ ဖုန်းကလည်း အဆက်အသွယ်မရတော့ ပိုပြီး စိုးရိမ်နေကြတယ် " ဟု နောက်ထပ်ဒေသခံ အမျိုသားတစ်ဦးက ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် အမ်းမြို့နယ်ရှိ နပခ၊ ခမရ- ၃၇၁၊ ခမရ- ၃၇၂၊ ခမရ - ၃၇၃ စသည့် စစ်ကောင်စီတပ်စခန်များကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူဖြင့် ခုခံနေသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း စစ်မျက်နှာတွင် အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် အရပ်သားပြည်သူများကို ဦးတည်ကာ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျုးလွန်နေကြောင်း လူအခွင့်အရေးလှုပ်ရှားသူများက ပြောသည်။

" စစ်ကောင်စီက အရှုံးနဲ့ ရင်ဆိုင်လာရတော့ ပိုပြီး အရပ်သားတွေကို ပစ်မှတ်ထားလာတယ်။ မစားရတဲ့အမဲ သဲနဲ့ပတ်ဆိုသလို ပိုပြီး ဖျက်လိုဖျက်ဆီးလုပ်လာတယ်။ နိုင်ငံတကာအနေနဲ့ ပြင်းပြင်းထန်ထန် အပြစ်ယူတာတွေ လုပ်ဆောင်တာမရှိတော့ လက်ရဲစက်ရဲ သတ်ဖြတ်တာတွေ၊ ရပ်ရွာတွေကို မီးရှို့ ဖျက်ဆီးတာတွေ ပိုပြီးတော့လုပ်လာတာကိုတွေ့ရတယ်" ဟု ရခိုင်မှ လူ့အခွင့်ရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းချိန် ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီသည် နေအိမ်ပေါင်း ၁ သိန်းကျော် ( ၁၀၁,၄၆၃) အထိ မီးရှို့ဖျက်ဆီးခဲ့ကြောင့် Data For Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။