အလုပ်အကိုင်ရှားပါးမှုကြောင့် ရခိုင်လူငယ်များ ပြည်ပထွက်ခွာမှု မြင့်တက်နေ
ပြည်ပထွက်ခွာမှုကြောင့် ရခိုင်ပြည်အတွင်းက ကျေးလက်ဒေသများတွင် သာရေးနာရေးအကျိုးများကို ဆောင်ရွက်နေသည့် လူငယ်များမှာ တစတစလျော့နည်းလာသည်ဟု ဒေသခံများက ပြောကြသည်။
08 Jul 2023
DMG ၊ ဇူလိုင် ၈
ရခိုင်ပြည်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် လူမှုစီးပွားအကျပ်အတည်းများကို ယခင်ထက်ပို၍ ကြုံတွေ့နေရသည့်အတွက် ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်မှု များပြားနေကြောင်း သိရသည်။
ပြည်ပထွက်ခွာမှုကြောင့် ရခိုင်ပြည်အတွင်းက ကျေးလက်ဒေသများတွင် သာရေးနာရေးအကျိုးများကို ဆောင်ရွက်နေသည့် လူငယ်များမှာ တစတစလျော့နည်းလာသည်ဟု ဒေသခံများက ပြောကြသည်။
“အရင်တုန်းကဆိုရင် သာရေး၊နာရေးကိစ္စတွေအတွက် လူပျို/အပျို အဖွဲ့တွေရှိတယ်။ အခုက အကုန်လုံး ထိုင်း၊ မလေးရှားကို သွားကြတော့ မရှိကြတော့ဘူ။ မနေ့ကပဲ ရွာက ၅ ယောက် ထိုင်းကိုသွားကြတယ်” ဟု မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာမှ ဒေါ်နုနုစိန်က ပြောသည်။
လူဦးရေ ၂,၀၀၀ ကျော်ရှိသည့် လေညှင်းတောင်ကျေးရွာတွင် ယခင်က အသက် ၁၅ နှစ်မှ အသက် ၃၀ ထိ လူပျို/အပျို ၃၀၀ ကျော်ခန့်ရှိခဲ့ရာမှ ပြည်ပထွက်ခွာမှုများကြောင့် လူပျို/အပျို ၃၀ ကျော်ခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။
ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာတွင်လည်း ၂၀၂၂ ခုနှစ်အတွင်းက လူငယ်/လူလတ်ပိုင်းအရွယ် ၇၀ ဦးခန့် ရှိခဲ့သော်လည်း ယခုနှစ်မုန်တိုင်းအလွန်တွင် လူငယ် ၁၀ ကျော်ခန့်သာ ကျန်ရှိတော့သည်အထိ ပြည်ပသို့ထွက်ခွာမှု များပြားလာနေသည်။
“ကျနော်တို့ဒေသဘက်တော့ တရုတ်ကို သွားကြတယ်၊ ပွဲစားတွေနဲ့ပေါ့။ အဲဒီကိုရောက်ဖို့ လူတစ်ယောက်ကို သိန်း ၄၀ လောက် ပေးရတယ်။ အခုက ရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တစ်ဆယ်ကျော်လောက်ပဲ ကျန်တော့တယ်။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ သွားနေကြတယ်လို့တောင် ပြောလို့ရတယ်” ဟု ဝပြန်ကျေးရွာမှ ကိုနေမျိုးလင်းက ပြောသည်။
ကျောက်တော်မြို့နယ်အတွင်းက ဝပြန်ကျေးရွာအပါအဝင် ဇလန့်တောင်၊ ဝဲကြီးထောင့်၊ ငါးစောင်ဘက်၊ ရွာသစ် စသည့် ကျေးရွာတို့တွင် လူငယ်/လူလတ်ပိုင်း ၈၀ ရာခိုင်နှုန်းခန့်မှာ ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေကြကြောင်း ကျေးရွာသားများထံမှ သိရသည်။
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ၉၀ ရာခိုင်နှုန်းကျော်ခန့် ရှိခဲ့သည့် ရသေ့တောင်မြို့နယ်တွင်လည်း စားဝတ်နေရေးအခက်အခဲကြောင့် ပြည်ပထွက်ခွာနှုန်း မြင့်တက်လာသည်ဟု ဒေသခံများက ပြောကြသည်။ မုန်တိုင်းအလွန်တွင် ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ပန်ဇင်းမော်၊ ကြက်ရိုးဆိတ်၊ ကပ်ချောင်း စသည့်ကျေးရွာများမှ လူငယ်များမှာ ယခုရက်ပိုင်းအတွင်း ပြည်ပထွက်ခွာမှု မြင့်တက်နေခြင်းဖြစ်သည်။
“အလုပ်တွေရှားတော့ ပြည်ပကိုပဲ ထွက်ကြရတယ်။ ဆယ်တန်းအောင်တဲ့လူတွေရော၊ မအောင်တဲ့လူတွေရော အကုန်လုံးနီးပါး သွားကြတယ်။ တချို့က မစောင့်ချင်လို့ တရားမဝင်လမ်းကြောင်းကနေ သွားကြတယ်။ တချို့ကကျတော့ ပတ်စပို့လုပ်ပြီးမှ တရားဝင်သွားကြတယ်။ အများကြီးပဲ… ရွာမှာ လူတောင်မကျန်တော့ဘူး” ဟု ရသေ့တောင်မြို့နယ်၊ ဆားပြင်ကြီးကျေးရွာမှ မသိန်းသန်းဌေးက ပြောသည်။
ဆားပြင်ကြီးကျေးရွာတွင် ယခုနှစ်မတိုင်မီကာက ကျေးရွာတွင်း လူပျို/အပျို ၆၀ ဦးခန့် ရှိခဲ့ရာမှ ယခုနှစ်အတွင်း ပြည်ပသို့ ထွက်ခွာမှုများကြောင့် လူပျို/အပျို ၇ ဦးခန့်သာ ကျန်ရှိတော့သည်ဟု ကျေးရွာသားများထံမှ သိရသည်။
ရခိုင်ပြည်သည် တိုင်းနှင့်ပြည်နယ်များအနက် ဒုတိယအဆင်းရဲဆုံးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ပြည်ပထွက်ခွာနှုန်း မြင့်တက်လျက်ရှိနေသည်။
ရခိုင်ပြည်သာမက မြန်မာတစ်နိုင်ငံလုံးတွင် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အလွှာပေါင်းစုံမှ လူအများစုမှာ ပြည်ပသို့ထွက်ခွာ၍ အလုပ်လုပ်နေကြရသည်ဟု ရခိုင်ဝါရင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။
“ပြည်ပထွက်ခွာမှုက ရခိုင်ပြည်ရဲ့ အလုပ်အကိုင်အခွင့်အလမ်း အခြေအနေတွေက ဆိုးဆိုးရွားရွားဖြစ်နေလို့ ပိုများလာတာဖြစ်တယ်။ ရခိုင်မှာ အလုပ်အကိုင်ရရှိမှုအခြေအနေက မျှော်လင့်ချက်မဲ့နေတဲ့အတွက် ပိုဆိုးတာပေါ့။ အခုလိုမျိုး ပြည်ပထွက်နှုန်းတိုးလာရင် ရခိုင်မှာ လူ့အရင်းအမြစ်တွေ ဆုံးရှုံးတာပေါ့” ဟု သူက ပြောသည်။
ရခိုင်ပြည်အတွင်းက ဒေသခံများမှာ မလေးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အဓိကသွားရောက် အလုပ်လုပ်ကိုင်နေကြပြီး ပြည်ပသို့သွားရာတွင် တရားဝင်လမ်းကြောင်းထက် တရားမဝင်လမ်းကြောင်းမှ သွားရောက်ခြင်းက ပိုများနေကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
#I010