မုန်တိုင်းသင့်ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေသေးကြောင်း AA ပြော

မုန်တိုက်ခတ်မှု နှစ်လအကြာထိ ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများမှာ အရေးပေါ် အကူအညီများ လိုအပ်နေဆဲဟု ရက္ခိုင့်တပ်တော်(ULA/AA) က ထုတ်ပြန်သည်။

By Admin 15 Jul 2023

ဓာတ်ပုံ - Cyclone Mocha ERRCA
ဓာတ်ပုံ - Cyclone Mocha ERRCA

DMG ၊ ဇူလိုင် ၁၅

မုန်တိုက်ခတ်မှု နှစ်လအကြာထိ ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများမှာ အရေးပေါ် အကူအညီများ လိုအပ်နေဆဲဟု ရက္ခိုင့်တပ်တော်(ULA/AA) က ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

မုန်တိုင်းသင့်ဒေသခံများမှာ အရေးပေါ်အကူအညီနှင့်အတူ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များစွာ ရှိနေသေးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးကြရန် AA ၏ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မတီ (Cyclone Mocha ERRCA) က ဆိုသည်။

မုန်တိုင်းအလွန် နှစ်လအချိန်အတွင်း အမိုးအကာအောက်သို့ ရောက်ရှိသွားသည့် မုန်တိုင်းသင့်ပြည်သူ ၇၅ ရာခိုင်နှုန်းရှိပြီး ကျန်ရှိနေသေးသည့် ပြည်သူများကိုလည်း အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးစားနေကြောင်း Cyclone Mocha ERRCA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရသေ့တောင်မြို့နယ် Cyclone Mocha ERRCA Center (၅) တာဝန်ရှိသူ ဦးအေးထွန်းပုက “ကျနော်တို့ မိုးစဲကျွန်းဒေသမှာတော့ မုန်တိုင်းသင့်ပြည်သူအကုန်လုံး အမိုးအကာအောက်ကိုတော့ ရောက်ရှိသွားပြီ။ အခုလိုအပ်နေတာက စားနပ်ရိက္ခာတွေပေါ့။ အလှူရှင်တွေက မရောက်ဘူး။ အခုလောလောဆယ်တော့ လယ်သမားတွေ အခက်အခဲအများကြီးရှိတယ်။ မျိုးစပါးတွေမရတဲ့အတွက် စပါးမစိုက်ရသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီ၊ AA နှင့် အခြားအဖွဲ့များထံမှ စားနပ်ရိက္ခာကူညီမှုတချို့ ရရှိထားသော်လည်း ပျက်စီးသွားသည့်နေအိမ်များကို ပြန်ဆောက်ရန် အမိုးအကာ လုံလောက်စွာမရသဖြင့် နေအိမ်မပြုပြင်နိုင်သည့် ကျေးရွာများလည်း မြေပြင်တွင် ရှိနေသေးသည်။

“ICRC နဲ့ စစ်ကောင်စီ ဆီကတော့ စားနပ်ရိက္ခာထောက်ပံ့မှု တချို့တော့ ရထားတယ်။ ဒါပေမယ့် ပျက်စီးသွားတဲ့ နေအိမ်တချို့ကိုတော့ အခုအချိန်ထိ မပြုနိုင်သေးဘူး။ နောက်ပြီးတော့ လယ်သမားတချို့ဆိုရင်လည်း အခုချိန်ထိ လယ်မထွန်ရတဲ့အတွက် စပါးမစိုက်ရသေးဘူး။ အခက်အခဲတွေရှိပါတယ်” ဟု ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထိန်သန်းမောင် ကပြောသည်။

မုန်တိုင်းဒဏ်ခံဒေသများသို့ နိုင်ငံတကာနှင့် အရပ်ဘက်အဖွဲ့များ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ လွတ်လပ်စွာ သွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်၍ ဒေသခံများမှာ အကူညီရရှိမှု နည်းပါးလျက်ရှိသည်။

ရခိုင်နိုင်ငံရေးသမား ဦးထွန်းအောင်ကျော်က “မုန်တိုင်းအလွန် နှစ်လပြည့်ပေးမယ့် တချို့ကျေးရွာတွေမှာ အခုအချိန်ထိ ထောက်ပံ့မှုမရတာတွေ ရှိသေးတယ်။ စစ်ကောင်စီ စစ်ဆေးဂိတ်တွေမှာ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့တွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်မပေးဘူး။ ဒါတွေဟာ မုန်တိုင်းသင့်ပြည်သူတွေအတွက် အများကြီး ထိခိုက်နစ်နာမှုတွေရှိတယ်။ သက်ဆိုင်ရာတွေအနေနဲ့ ဒါတွေကို ဖြေလျော့ပြီးတော့ လုပ်ပေးသင့်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်များတွင် အိမ်ခြေ စုစုပေါင်း ၂၉၀,၀၀၀ နီးပါးပျက်စီးသွားပြီး ပြည်သူ ၁၅ သိန်းကျော် ထိခိုက်နစ်နာခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ “ဝ”ပြည်နယ်၊ ပြည်သူ့အစိုးရ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်ပရောက်အဖွဲ့များထံမှ အလှူငွေကျပ်သိန်း နှစ်သောင်းကျော်ကို AA ထံ လှူဒါန်းထားသည်။

အဆိုပါအကူအညီများဖြင့် မုန်တိုင်းသင့် ရခိုင်ပြည်သူများ ပြန်လည်တည်ဆောက်ရေးတွင် စီမံခန့်ခွဲနေပြီး လက်ရှိအချိန်ထိ အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိနေဆဲကြောင်း AA က ပြောသည်။

#R007