ဗျိုင်းဖြူရွာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမရှိဟု စစ်ကောင်စီ ငြင်းဆို   

ပြီးခဲ့သည့် မေလ ၂၉ ရက်က ဗျိုင်းဖြူရွာထဲကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး တစ်ရွာလုံးကိုပိတ်ဆို့ကာ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နိုစို့အရွယ်ကလေးမကျန် လမ်းပေါ်ထွက်ခိုင်းပြီး ဖမ်းဆီးခဲ့သည်။  

By Admin 04 Jun 2024

ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၄ 

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု ပြောဆိုနေခြင်းမှာ မဟုတ်မမှန် ဝါဒဖြန့်မှုသာဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလိုက်သည်။

ဗျိုင်းဖြူရွာတွင် AA တပ်ဖွဲ့ဝင်များရှိကြောင်း သတင်းရရှိ၍ မေလ ၂၉ ရက်တွင် နယ်မြေလုံခြုံရေးဆောင်ရွာရာ၌ မသင်္ကာသူများအား ခေါ်ယူမေးမြန်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်လုပြီး ရန်ပြုရန်ကြိုးစားသဖြင့် ပစ်ခတ်ရာတွင် သုံးဦးသေဆုံးခဲ့သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၄ ရက်တွင် MRTV ရုပ်သံမှတစ်ဆင့် ပြောကြားသည်။ 

“အဲထဲမှာ မသင်္ကာတဲ့လူ ၂၀ လောက်ကို ကျနော်တို့ ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးလျက်ရှိတယ်။ အေအေရဲ့ ယုတ်မာကောက်ကျစ်တဲ့ ဝါဒဖြန့်မှုဖြစ်တဲ့ လူ ၄၀ လောက် သေဆုံးတယ်တို့၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စမျိုးရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။  

AA က ယခုကဲ့သို့ ဝါဒဖြန့်မှုများလုပ်ဆောင်ခြင်းမှာ ဘူးသီးတောင်မြို့နယ်အတွင်း မွတ်ဆလင်များကို သတ်ဖြတ်မှု၊ နေအိမ်များမီးရှို့များကို ဖုံးဖိရန်အတွက် လုပ်ကြံစွပ်စွဲချက်သာဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။ 

“ဘူးသီးတောင်အရှေ့ဘက်မှာရှိတဲ့ မွတ်ဆလင်တွေရဲ့ ရွာအားလုံးကို မီးရှို့ခဲ့တာဖြစ်တယ်။  ဒါ့အပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိတာရှိပါတယ်။ အထောက်အထား ခိုင်လုံစွာနဲ့ ရရှိတာရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဖုံးကွယ်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။  

ယင်းအပြင် ရခိုင်ဒေသတွင် AA က လူမျိုးရေးခွဲခြားမှု၊ လူမျိုးရေးလှုံ့ဆော်မှုများ လုပ်ဆောင်နေပြီး ဗမာမုန်းတီးရေး၊ မွတ်ဆလင်မုန်းတီးရေးအပြင် မြို၊ ခမီ၊ သက်၊ ဒိုင်းနက်စသည့် လူမျိုးစုငယ်မုန်းတီးရေးများကိုပါ လုပ်နေသည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်က ဗျိုင်းဖြူရွာထဲကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး တစ်ရွာလုံးကိုပိတ်ဆို့ကာ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နိုစို့အရွယ်ကလေးမကျန် လမ်းပေါ်ထွက်ခိုင်းပြီး ဖမ်းဆီးခဲ့သည်။  

ယင်းနောက် အသက် ၁၅ နှစ်မှ ၇၀ အရွယ် အမျိုးသားများကို အင်္ကျီချွတ်ခိုင်းပြီး အဝတ်စဖြင့် မျက်နှာကိုချည်၊ လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ပြီး နေပူခံခိုင်းထားသည်ဟု ဗျိုင်းဖြူရွာသားများက ပြောသည်။ 

“ယောက်ျားတွေကို ရေလည်းမတိုက်ဘူး။ တအားရိုက်နှိက်ကြတယ်။ တစ်နေကုန် ဒီအတိုင်းထားထားတယ်။ ရိုက်နှက်တာတော့ မပြောနဲ့။ ရိုက်တယ်၊ နေပူပြင်မှာ တစ်ယောက်ပခုံးတစ်ယောက်ကိုင်ပြီးတော့ လမ်းလျှောက်ခိုင်းတယ်” ဟု ဗျိုင်းဖြူရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှအင်အားများ၊ စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA)မှ တပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်အပါအဝင် အင်အား (၁၇၀) ကျော်သည် မေလ ၂၉ ရက်နေ့တွင် ဗျိုင်းဖြူရွာထဲဝင်ရောက်ပြီး ကလေး၊ လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမကျန် တစ်ရွာလုံးကို ဖမ်းဆီးပြီးနောက် အမျိုးသား၊ အမျိုးသမီး (၅၃) ဦးကို အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခဲ့ခြင်း၊ အဓမ္မပြုကျင့်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း AA က ဇွန်လ (၂) ရက်တွင် ထုတ်ပြန်ထားသည်။

(ပြင်ဆင်ချက် - AA ၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ ဗျိုင်းဖြူရွာဖြစ်စဉ်အတွင်း သတ်ဖြတ်ခံရသူ (၇၆) ဦးထိရှိကြောင်း သိရသည်။)

ဗီဒီယိုများ