ကျောက်ဖြူတွင် ဒေသန္တရအမိန့်ချိုးဖောက်၍ ဖမ်းဆီးခံရသူ ၇၀ ကျော်ကို အာမခံဖြင့်လွှတ်ပေး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့သို့ သွားရောက်ပြီး ဟင်းသီး၊ ဟင်းရွက်များ ရောင်းချနေကြသည့် ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီက ဒီဇင်ဘာ ၄ ရက်၊ နံနက် ၄ နာရီကျော်တွင် ဖမ်းဆီးခဲ့သည်။

By Admin 05 Dec 2023

ကျောက်ဖြူမြို့မဈေးကြီးရှိ ဟင်းစျေးတန်းကို ပြီးခဲ့သည့် စက်တင်ဘာလက တွေ့ရစဉ်။ 
ကျောက်ဖြူမြို့မဈေးကြီးရှိ ဟင်းစျေးတန်းကို ပြီးခဲ့သည့် စက်တင်ဘာလက တွေ့ရစဉ်။ 

DMG ၊ ဒီဇင်ဘာ ၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့သို့ သွားရောက်ပြီး ဟင်းသီး၊ ဟင်းရွက်များ ရောင်းချနေကြသည့် ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီက ဒီဇင်ဘာ ၄ ရက်၊ နံနက် ၄ နာရီကျော်တွင် ဖမ်းဆီးခဲ့သည်။ ယင်းနောက် ဒေသန္တရအမိန့် ချိုးဖောက်သည်ဟု ဆိုကာ မွန်းတည်း ၁၂ နာရီကျော်တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ 

ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာ၊ ဂုံးချွိန်ကျေးရွာ၊ တောင်ရင်းရပ်ကွက်၊ စေတီယျရပ်ကွက်တို့မှ ဒေသခံများကို စစ်ကောင်စီတပ်သားများက အုန်းတောရွာ၊ လှီကျော်ချောင်းနှင့် စေတီယျရပ်ကွက်ရှိ GTI ကျောင်းအနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ကျမတို့ကို အုန်းတောကျေးရွာကနေ တောင်ရင်းရပ်ကွက်ကို ဆက်သွယ်ထားတဲ့ ကူးတို့ဆိပ်နားမှာ စစ်သားတွေက လာဖမ်းသွားတာ။ အဲဒီနောက်မှာ သိပ်မကြာဘူး၊ ဂုံးချွိန်ကျေးရွာနဲ့ စေတီယျရပ်ကွက်က လူတွေလည်း GTI ကျောင်းအနားမှာ အဖမ်းခံရတယ်” ဟု ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဖမ်းဆီးခံခဲ့ရသူများမှာ အုန်းတောကျေးရွာမှ ၂၀ ခန့်၊ ဂုံးချွိန်ကျေးရွာမှ ၂၀ ခန့်၊ တောင်ရင်းနှင့် စေတီယျရပ်ကွက်တို့မှ ၂၀ ကျော်ဖြစ်ပြီး ဟင်းသီးဟင်းရွက်များကို ပို့ဆောင်ပေးသည့် စက်လှေသမား ၁၅ ဦး ပါဝင်သည်။ ကျောက်ဖြူမြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခြင်းကို စစ်ကောင်စီက  ကန့်သတ်ပိတ်ဆို့ထားပြီး  တားမြစ်ချက်ကို ဖောက်ဖျက်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“ကျမတို့ကို ကားမှာတင်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်သွားတာ။ အဲကိုရောက်တော့ အစိုးရက တားမြစ်ထားတာကို ဖောက်ဖျက်လို့ဖမ်းတာ ဆိုပြီး ပြောတယ်။ ဒီတစ်ကြိမ်ခွင့်လွှတ်လိုက်မယ်၊ နောက်ဆို လုံးဝမရဘူးဆိုပြီးတော့ စစ်သားဗိုလ်ကြီးတစ်ယောက်က ပြောတယ်” ဟု ဂုံးချွိန်ကျေးရွာမှ ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းနောက်တွင် “နောက်နောင် ခရီးသွားလာခြင်း လုံးဝမပြုလုပ်တော့ပါကြောင်း” ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ဖမ်းဆီးခံခဲ့ရသူများထံမှ သိရသည်။ 

အုန်းတောနှင့် ဂုံးချွိန်ကျေးရွာတို့မှာ ကျောက်ဖြူမြို့နှင့် ၅ မိုင်ခန့်သာကွာဝေးပြီး ယခင်က ကုန်းလမ်းမှတစ်ဆင့် မြို့သို့လာရောက်ကာ ဟင်းသီး၊ ဟင်းရွက်များ ရောင်းချပြီး အသက်မွေးကြသည်။ သို့သော်လည်း မြို့အဝင်လမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် မြို့ထဲသို့ အရဲစွန့်သွားလာကြခြင်း ဖြစ်သည်။  

“အုန်းတော၊ ဂုံးချွိန်ကျေးရွာတွေက လာရောင်းကြတဲ့ဟင်းတွေကို ကျမတို့က တစ်ဆင့်ပြန်ဝယ်ယူပြီးတော့ ဈေးမှာရောင်းကြတာ။ ကျမတို့က ဘာနိုင်ငံရေး၊ ဘာစစ်ရေးမှလည်း မသိဘူး။ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရင်း အဖမ်းခံရတာ” ဟု တောင်ရင်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ကျောက်ဖြူမြို့အဝင်ကုန်းလမ်း ကျောက်တစ်လုံးဂိတ်ကို နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီက ပိတ်ဆို့ခဲ့ပြီး မြို့နှင့်ထိစပ်လျက်ရှိသော ရေလမ်းကြောင်းများကိုလည်း နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၉ ရက်နေ့ထိ ဖြတ်သန်းသွားလာခြင်း၊ ကမ်းကပ်ခြင်း မပြုကြောင်း ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့သည် ပယ်လယ်ကျွန်းမြို့ဖြစ်သဖြင့် စားနပ်ရိက္ခာအတွက် အခြားမြို့နယ်များနှင့် ကျေးလက်ဒေသကို မှီခိုနေရပြီး လက်ရှိတွင် ရိက္ခာပြတ်လပ်မှုကြောင့် အခြေခံလူတန်းစားများမှာ ထမင်းနပ်မမှန်သည့် အခြေအနေထိ အခက်အခဲများကို ရင်ဆိုင်နေကြရသည်။ 

#D005 #DMG 

ဗီဒီယိုများ