ပြည်သူပိုင်အဆောက်အအုံ ၁,၁၀၀ ကျော်ကို စစ်ကောင်စီ မတရားသိမ်းဆည်းထား 

သိမ်းဆည်းခံရသည့် ပစ္စည်းဥစ္စာများထဲတွင် တိုက်ခန်းနှင့်နေအိမ် ၈၈၇ လုံး၊ တည်းခိုခန်းနှင့် ဟိုတယ် ၁၀ လုံး၊ စီးပွားရေးလုပ်ငန်း ၂၈ ခု၊ ဆေးရုံဆေးခန်း ၁၁ ခု၊ စာသင်ကျောင်း ၇ ကျောင်း ပါဝင်သည်။ 

By Admin 01 May 2024

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီက သိမ်းဆည်းချိတ်ပိတ်လိုက်သည့် ရခိုင်အခြေစိုက် DMG သတင်းဌာနရုံးချုပ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီက သိမ်းဆည်းချိတ်ပိတ်လိုက်သည့် ရခိုင်အခြေစိုက် DMG သတင်းဌာနရုံးချုပ်။

DMG ၊ မေ ၁ 

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း ပြည်သူပိုင်အဆောက်အအုံ ၁,၁၀၀ ကျော်ကို မတရားသိမ်းဆည်းထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။ 

AAPP ၏ မေလ ၁ ရက်ထုတ် “ကိုယ်ပိုင်ပစ္စည်းဥစ္စာများ မတရားသိမ်းဆည်းခံနေရသည့် စစ်အာဏာသိမ်းမှုအောက်မှ ပြည်သူများ” အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။ 
 
နိုင်ငံရေးသမား၊ ဌာနဆိုင်ရာဝန်ထမ်း၊ မီဒီယာသမား၊ စီးပွားရေးသမားများအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၉၃၄) ဦး၏ နေအိမ်များအပါအဝင် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း စသည်ဖြင့် အရပ်သားပိုင်ပစ္စည်းဥစ္စာ စုစုပေါင်း (၁,၁၅၉) ခုကို စစ်ကောင်စီက သိမ်းဆည်းထားကြောင်း AAPP က ဆိုသည်။ 

ယင်းအပြင် ပစ္စည်းသိမ်းခံရသည့် ပြည်သူ ၆ ဦးကို စစ်ကောင်စီက သတ်ဖြတ်ပြီး ၆၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း AAPP က ထုတ်ပြန်သည်။ 

“မြန်မာနိုင်ငံ၌ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုအပါအဝင် နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသော စစ်အုပ်စုက အရပ်သားများ၏ ပိုင်ဆိုင်မှုများကို မတရားသဖြင့် သိမ်းယူခြင်း စသည့် အခြေခံလူ့အခွင့်အရေးများကို အစဉ်တစိုက် ချိုးဖောက်နေဆဲဖြစ်သည်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ 

တိုင်းနှင့်ပြည်နယ်အလိုက် ပစ္စည်းဉစ္စာ သိမ်းဆည်းခံရမှုများမှာ စစ်ကိုင်းတွင် ၂၂၄ ခု၊ ရန်ကုန် ၁၆၉ ခု၊ မန္တလေး ၁၅၇ ခု၊ ပဲခူး ၁၁၈ ခု၊ မကွေး ၁၀၆ ခု၊ ဧရာဝတီ ၉၅ ခု၊ တနင်္သာရီ ၈၁ ခု၊ ကချင် ၇၆ ခု၊ မွန် ၅၉ ခု၊ ရှမ်း ၂၉ ခု၊ ကရင် ၁၇ ခု၊ နေပြည်တော် ၁၆ ခု၊ ချင်း ၁၄ ခု၊ ရခိုင်နှင့် ကယားတို့တွင် ၁ ခုစီရှိကြောင်း AAPP စာရင်းက ဆိုသည်။ 

သိမ်းဆည်းခံရသည့် ပစ္စည်းဥစ္စာများထဲတွင် တိုက်ခန်းနှင့်နေအိမ် ၈၈၇ လုံး၊ တည်းခိုခန်းနှင့် ဟိုတယ် ၁၀ လုံး၊ စီးပွားရေးလုပ်ငန်း ၂၈ ခု၊ ဆေးရုံဆေးခန်း ၁၁ ခု၊ စာသင်ကျောင်း ၇ ကျောင်း ပါဝင်သည်။ 

သိမ်းဆည်းခံရသည့် အရေအတွက်မှာ ၂၀၂၁ တွင် ၂၀၀ ကျော်၊ ၂၀၂၂ တွင် ၇၀၀ ခန့်၊ ၂၀၂၃ တွင် ၁၀၀ ကျော်ရှိပြီး ခုနှစ်မရှိရသေးသည့် သိမ်းဆည်းမှုအချို့လည်း ရှိကြောင်း ဆိုထားသည်။ 

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ အနေဖြင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် ဘေးဒုက္ခဆိုးများ အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် စစ်အုပ်စုအား ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း AAPP က တိုက်တွန်းထားသည်။

ဗီဒီယိုများ