စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထား၍ မာန်အောင်ဒေသခံများ စားဝတ်နေရေးထိခိုက်

မာန်အောင်ဒေသသည် ရခိုင်ကမ်းရိုးတန်းအလွန်၊ ဘင်္ဂလားအော်အတွင်း ရောက်နေသော မာန်အောင်ကျွန်းပေါ်တွင် တည်ရှိပြီး ရေကြောင်းလမ်းနှင့် လေကြောင်းလမ်းဖြင့်သာ မာန်အောင်သို့သွားနိုင်သည်။ 

By Admin 15 Jul 2024

စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထား၍ မာန်အောင်ဒေသခံများ စားဝတ်နေရေးထိခိုက်

DMG ၊ ဇူလိုင် ၁၅

တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသည့် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထားသဖြင့် ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရေလုပ်သားများက ပြောကြသည်။ 

ပင်လယ်ပြင်ငါးဖမ်းခွင့်ကို ၂၀၂၃ ခုနှစ်၊ ရခိုင်တိုက်ပွဲစတင်ချိန်ကပင် ပိတ်ပင်ထားခြင်းဖြစ်ပြီး ဒေသခံအများစုမှာ ကြုံရာကျပန်းလုပ်ကိုင်ကာ ဝမ်းစာရှာဖွေကြသော်လည်း မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“နေ့တိုင်းအလုပ်လုပ်ရင်တောင် ကုန်ဈေးနှုန်းတက်တာနဲ့ လိုက်မမီတဲ့ခေတ်ကြီးမှာ ကျနော်တို့လို ရေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်သွားတော့ မိသားစုဝမ်းရေးက ပိုပြီးခက်ခဲသွားတာပေါ့” ဟု ၎င်းက ပြောသည်။ 

မာန်အောင်ဒေသသည် ရခိုင်ကမ်းရိုးတန်းအလွန်၊ ဘင်္ဂလားအော်အတွင်း ရောက်နေသော မာန်အောင်ကျွန်းပေါ်တွင် တည်ရှိပြီး ရေကြောင်းလမ်းနှင့် လေကြောင်းလမ်းဖြင့်သာ မာန်အောင်သို့သွားနိုင်သည်။ 

ဒေသခံအများစုမှာ ရေလုပ်ငန်းဖြင့် အဓိကအသက်မွေးကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တခြားလုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။ 

စစ်ကောင်စီက ရေလမ်းကြောင်းသွားလာခွင့် ပိတ်ထားသဖြင့် မာန်အောင်ကျွန်းတွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းလည်း တဟုန်ထိုးတက်နေသည်။

မာန်အောင်ဒေသခံတစ်ဦးက “စီးပွားဖြစ်ဖမ်းတာ မဟုတ်သေးဘူး။ စားသောက်ကုန်တွေ ဈေးတက်နေလို့ မိသားစုတစ်စားစာအတွက် အနီးအနားမှာ ငါးဖမ်းသွားရင်တောင် စစ်ကောင်စီက စက်လှေတစ်စီးကို သုံးသောင်းစီ တောင်းတယ် ” ဟုပြောသည်။

ငါးဖမ်းစက်လှေများ ရပ်နားထားရမှု အချိန်ကြာလာသည်နှင့်အမျှ ရေလုပ်ငန်းအပေါ် အဓိကမှီခိုနေရသူများ၏ နေ့စဉ်လူမှုဘဝမှာ အဆင်မပြေမှုများစွာ ဖြစ်ပေါ်နေရသည်။ 

ငါးဖမ်းလှေတွင် အငှားလိုက်သူ ရေလုပ်သားတစ်ဦးက “ငါးဖမ်းစက်လှေတွေ မထွက်ရလို့ရှိရင် ကျနော်တို့မှာလည်း အလုပ်မရှိတော့ဘူး။ အခုဆိုရင် အငတ်ဘေးဆိုက်မယ့် အခြေအနေဖြစ်နေပြီ” ဟု ပြောသည်။

မာန်အောင်နှင့်နီးစပ်သော သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ မြို့နယ်များတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြပြီး တိုက်ပွဲများကူးစက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

ဗီဒီယိုများ