ဘဏ်များပိတ်ထားခြင်းကြောင့် အွန်လိုင်းမှ ငွေလွှဲငွေထုတ် လုပ်ငန်းလုပ်ကိုင်သူအချို့ အခက်တွေ့နေကြရ

လက်ရှိတပတ်ကာလအတွင်း ဘဏ်များပိတ်ထားခြင်းကြောင့် အွန်လိုင်းငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်နေသူများမှာ အခက်အခဲကြုံတွေ့နေရပြီး ဘဏ်ပိတ်ရက်ထပ်တိုးမည်ကိုလည်း စိုးရိမ်မှုများ ရှိနေကြသည်။

16 Aug 2021

DMG ၊ သြဂုတ် ၁၆

လက်ရှိတပတ်ကာလအတွင်း ဘဏ်များပိတ်ထားခြင်းကြောင့် အွန်လိုင်းငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်နေသူများမှာ အခက်အခဲကြုံတွေ့နေရပြီး ဘဏ်ပိတ်ရက်ထပ်တိုးမည်ကိုလည်း စိုးရိမ်မှုများ ရှိနေကြသည်။

လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါကို ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိဘဏ်များကို သြဂုတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီပိတ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကကြေညာထားသည်။

ယင်းကဲ့သို့ ဘဏ်များကိုတပတ်တာပိတ်ထားလိုက်ခြင်းကြောင့် ဘဏ်များနှင့် ချိတ်ဆက်ကာလုပ်ကိုင်နေကြရသည့် အွန်လိုင်းမှငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လိုအပ်သည့် ငွေပမာဏကိုရရှိရန် အခက်တွေ့နိုင်ကြောင်း ရခိုင်ပြည်နယ်မှ အွန်လိုင်းငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူများကဆိုသည်။

“ကျွန်တော်တို့လို ဒီလုပ်ငန်းလုပ်တဲ့သူတွေက ဘဏ်တွေအပေါ်မှာ အများကြီးမှီခိုနေရတာ။ ဘဏ်တွေပိတ်သွားရင် ကျွန်တော်တို့အတွက်လိုအပ်တဲ့ ငွေပမာဏကိုထုတ်ဖို့အတွက် အခက်အခဲဖြစ်သွားမယ်။ ကျွန်တော်တို့ဆီမှာငွေမရှိရင် လာထုတ်တဲ့လူတွေကို သူတို့လိုအပ်တဲ့ငွေပမာဏထုတ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ နောက်ဆုံးပြောရရင် ကျွန်တော်တို့ဆီမှာငွေမရှိတော့ရင် လုပ်ငန်းကိုလည်း ခေတ္တရပ်ထားရမယ့်သဘောမျိုးဖြစ်သွားမှာပါပဲ”ဟု ရမ်းဗြဲမြို့နယ်မှ အွန်လိုင်းငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်နေသူ ကိုခန့်ထည်ကပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘဏ်များမှ ငွေကိုအကန့်အသတ်ဖြင့်သာထုတ်ပေးသောကြောင့် ဘဏ်မှ ငွေထုတ်ယူရာတွင်အခက်အခဲဖြစ်ကာ အွန်လိုင်းငွေလွှဲငွေထုတ် လုပ်ငန်းများအပေါ်ရိုက်ခတ်မှုများရှိခဲ့သည်။

ဘဏ်များကို ဆက်လက်၍ရေရှည်ပိတ်လိုက်မည်ဆိုပါက လုပ်ငန်းယာယီရပ်နားရမည်ကိုစိုးရိမ်မိကြောင်း မြောက်ဦးမြို့မှ အွန်လိုင်းငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုထွန်းထွန်းက ဆိုသည်။

“ကျွန်တော်တို့မှာ ငွေထုတ်ဖို့အဆင်မပြေရင် အကောင့်အချင်းချင်းငွေလွှဲပြောင်းပေးတာလောက်ပဲ လုပ်ပေးနိုင်တော့မှာ။ ဒီထက်ပိုဆိုးလာရင် လုပ်ငန်းကို ခဏဖြစ်ဖြစ်ရပ်ထားရမှာပါပဲ။ ဘဏ်တွေကိုသာ ထပ်ပြီးရက်ရှည်ပိတ်ခဲ့ရင်တော့ သေချာပေါက် ရပ်ထားရမှာပါ”ဟု ၎င်းကရှင်းပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်လခန့်အကြာမှစ၍ Wave Money၊ K-pay စသည့် အွန်လိုင်းငွေအလွှဲအပြောင်းလုပ်ငန်းများအနေဖြင့် ငွေလွှဲပြောင်းထုတ်ယူရာတွင် ဝန်ဆောင်ခအဖြစ် တန်ဖိုးငွေ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမှုများရှိနေကြောင်း သိရသည်။

“အရင်နှစ်တွေကဆိုရင် Wave ဖြစ်ဖြစ်၊ K-pay ဖြစ်ဖြစ် အကုန်လုံးသုံးလို့အဆင်ပြေတယ်။ ဒီနှစ်ထဲမှာတော့ ရလာတဲ့ သင်တန်းကြေးလေးတွေကို အပြင်ဆိုင်တွေကသွားထုတ်ရင် ရာခိုင်နှုန်းအလိုက်ပြန်ပေးနေရတာတွေရှိတဲ့အတွက် ဒီနှစ်တွေထဲမှာတော့ ဒါတွေသုံးရတာနည်းနည်းအခက်ခဲရှိတယ်”ဟု စစ်တွေမြို့မှအလွတ်တန်း ဘာသာစကားသင်တန်းနည်းပြဆရာတစ်ဦးဖြစ်သူ ကိုညီခိုင်သွီးက ပြောသည်။

ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးနှောင့်နှေးနေမှုများရှိနေပြီး ကုန်ပစ္စည်းများရောင်းချလည်ပတ်နိုင်ဖို့ ပြည်မက ဝယ်ယူကြရာတွင် ဘဏ်များထက် အွန်လိုင်းငွေလွှဲငွေထုတ်လုပ်ငန်းများကိုသာ ပိုမိုအားထားနေရကြောင်းလည်း သိရသည်။

ဗီဒီယိုများ