စစ်ရေးပဋိပက္ခကြောင့် ရခိုင်က အမျိုးသမီးများ အလုပ်လက်မဲ့များလာ

ရခိုင်ပြည်အနှံ့ ပြင်းထန်သော တိုက်ပွဲများနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုများကြောင့် ရခိုင်ဒေသခံ  အမျိုးသမီးများမှာ အလုပ်လက်မဲ့များလာပြီး ဝင်ငွေရရှိမှုလျော့နည်းနေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောကြသည်။ 

By Admin 15 May 2024

စစ်တွေမြို့က သက်မွေးဝမ်းကျောင်းတစ်ခုတွင် သင်တန်းတက်နေသည့် အမျိုးသမီးများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်က တွေ့ရစဉ်။
စစ်တွေမြို့က သက်မွေးဝမ်းကျောင်းတစ်ခုတွင် သင်တန်းတက်နေသည့် အမျိုးသမီးများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်က တွေ့ရစဉ်။

DMG ၊ မေ ၁၅

ရခိုင်ပြည်အနှံ့ ပြင်းထန်သော တိုက်ပွဲများနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုများကြောင့် ရခိုင်ဒေသခံ  အမျိုးသမီးများမှာ အလုပ်လက်မဲ့များလာပြီး ဝင်ငွေရရှိမှုလျော့နည်းနေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောကြသည်။ 

အမျိုးသမီးများမှာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် အပ်ခြုပ်၊ ဇာပန်းထိုး၊ အင်္ကျီ/ဦးထုပ် တံဆိပ်ရိုက်(စက်ရိုက်)၊ ဖယောင်းတိုင်၊ အော်ဂဲနစ်ဆပ်ပြာ၊ ကွန်ပျူတာစက်ပန်းထိုးနှင့် ဒီဇိုင်းဆွဲနည်း၊ ရိုးရာပုတီး၊ နားကပ်၊ ဆွဲကြိုး၊ ဖိနပ်၊ သနပ်ခါးရည်၊ ပန်းအလှပြင်၊ အစားအသောက်ချက်ပြုတ်နည်း စသည့် သက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ရပ်တည်ခဲ့ကြသော်လည်း ယခုအခါ လုပ်ငန်းအများစုမှာ ရပ်နားသွားကြပြီဖြစ်သည်။

အမျိုးသမီးအရေးလှုပ်ရှားသူ ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦးက “အခုက အကုန်လုံးရပ်သွားကြပြီ။ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်လာတာကြောင့် ကုန်ကြမ်းတွေ မရှိကြတော့ဘူး။ လေယာဉ်နဲ့သယ်ဖို့လည်း ကုန်ကျစရိတ် အရမ်းကြီးတော့ မသယ်နိုင်ဘူး။ ဒါကြောင့် အမျိုးသမီးတွေမှာ ဝင်ငွေရရှိမှု မရှိသလောက် နည်းပါးသွားကြတယ်” ဟု ပြောသည်။ 

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစဖြစ်သည့်နေ့မှစ၍ စစ်ကောင်စီက ရခိုင်ပြည်ကို ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ဖြတ်တောက်လိုက်သည်။ ထို့ကြောင့် လိုအပ်သည့် ကုန်ကြမ်းများ မရရှိသဖြင့် အမျိုးသမီးများ လုပ်ကိုင်နေသော တနိုင်တပိုင်ဝင်ငွေရလုပ်ငန်းများ ရပ်တန့်နေရသည်။ 

“ကုန်ကြမ်းရပြီး ကုန်ချောထုတ်လို့ ရောင်းမယ်ဆိုရင်တောင် တစ်နေရာနဲ့တစ်နေရာကို မသွားရဲကြဘူး။ လမ်းတွေ ပိတ်ထားတော့ အရဲစွန့်ပြီးတော့သွားရင် လုံခြုံမှုမရှိဘူး။ ဝင်ငွေနည်းသွားတော့ မိသားစုစားဝတ်နေရေး အကြပ်အတည်းဖြစ်လာတယ် ” ဟု ဂွမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

သက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်း အများဆုံးရှိသည့် စစ်တွေမြို့တွင်လည်း ကုန်စည်ပြတ်တောက်မှုနှင့် ဒေသခံများ မြို့ကိုစွန့်ခွာသွားမှုကြောင့် သင်တန်းကျောင်းများ ရပ်နားထားရသည်။

စစ်တွေမြို့မှ သက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းကျောင်းတစ်ခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက “ကျမတို့တောင် အခု ပြည်မဘက်မှာ ရောက်နေကြပြီ။ သင်တန်းကျောင်းကိုတော့ ပိတ်ထားခဲ့ရတယ်ပေါ့။ သင်တန်းသူတွေလည်း တချို့ရှောင်ကြတာတွေ၊ ကျောင်းရပ်နားတာတွေကြောင့် သူတို့မှာ အခုဆိုရင် ဝင်ငွေရရှိမှု အရမ်းနည်းသွားပြီ” ဟု ပြောသည်။ 

ယင်းအပြင် ရခိုင်ဒေသရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသော စစ်ဘေးရှောင်အမျိုးသမီးများမှာလည်း ယခင်က မိမိနေရပ်တွင်လုပ်ကိုင်ခဲ့သည့် တပိုင်တနိုင်လုပ်ငန်းများကို မလုပ်ကိုင်နိုင်တော့ဘဲ နေရာသစ်တွင် အလုပ်လက်မဲ့ ဘဝဖြင့် စားဝတ်နေရေးခက်ခဲနေကြသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းက မြို့နယ်ထက်ဝက်နီးပါးကို AA သိမ်းပိုက်ထိန်းချုပ်ထားပြီး မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ သံတွဲမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသည်။ စစ်တွေ၊ ဂွ၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့နယ်တို့မှာ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။ 

ဗီဒီယိုများ