- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
သံတွဲမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရရှိသူ ၂၀ ကျော်ရှိ
DMG က ကောက်ယူထားသောစာရင်းအရ တိုက်ပွဲစတင်သည့် ဧပြီ ၁၃ ရက်မှ မေ ၁၉ ရက်ထိ အရပ်သားသေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်း ရှိနေသည်။ (မြေပြင်တွင် ယခုထက် ပိုများနိုင်ပါသည်။)
20 May 2024
DMG ၊ မေ ၂၀
ရခိုင်ပြည်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာမြင့်လာပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်လျက်ရှိသည်။
DMG က ကောက်ယူထားသောစာရင်းအရ တိုက်ပွဲစတင်သည့် ဧပြီ ၁၃ ရက်မှ မေ ၁၉ ရက်ထိ အရပ်သားသေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်း ရှိနေသည်။ (မြေပြင်တွင် ယခုထက် ပိုများနိုင်ပါသည်။)
မေလ ၁၈ ရက်တွင် သံတွဲမြို့နယ်၊ နတ်တောင်မော်ရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၉ ဦးအထိ သေဆုံးခဲ့ရသည်။ “ကျမတို့အနေနဲ့ အဲဒီနေ့ကို ဘယ်လိုမှ မေ့လို့ရမှာမဟုတ်တော့ဘူး” ဟု နတ်တောင်မော်ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီက အရပ်သားနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များ ရှိလာနေခြင်းဖြစ်သည်။
မေလ ၁၄ ရက်ကလည်း သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနှင့် အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး ဒေသခံ ၁၀ ဦးအထိ သေဆုံးခဲ့သည်။
“စစ်ကောင်စီက ကျေးရွာတွေကို ပစ်မှတ်ထားလာတယ်။ ဒါကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ရှိလာတာ။ လင်းသီရွာ၊ နတ်တောင်မော်ရွာဖြစ်စဉ်ကိုကြည့်ရင် အတော်ကြောက်ဖို့ကောင်းတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
ယနေ့ မေလ ၂၀ ရက်တွင်လည်း လင်းသီ၊ ရေစင်နှင့် ရွှေလှေကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်မှ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်တိုက်ပွဲ ၆ လကျော်ကာလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး/ငယ်ဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၆၀၀ ကျော်အထိရှိနေသည်။