ပို့ကုန်များ၏ ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ် ဖြေလျော့ပေး
ပို့ကုန်တင်ပို့ခြင်းမှ ရရှိလာသော ငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ် သတ်မှတ်ဈေးအတိုင်း လဲလှယ်ရမည်ဟု ဇူလိုင် ၁၃ ရက်နေ့တွင် ပြောင်းလဲသတ်မှတ်လိုက်သည်။
14 Jul 2023
DMG ၊ ဇူလိုင် ၁၄
ပို့ကုန်တင်ပို့ခြင်းမှ ရရှိလာသော ငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ် သတ်မှတ်ဈေးအတိုင်း လဲလှယ်ရမည်ဟု ဇူလိုင် ၁၃ ရက်နေ့တွင် ပြောင်းလဲသတ်မှတ်လိုက်သည်။
ယခင် ဗဟိုဘဏ်သတ်မှတ်ချက်တွင် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ယခုအခါ ၅၀ ရာခိုင်နှုန်းကိုသာ ဘဏ်သတ်မှတ်ဈေးအတိုင်း လဲလှယ်ရန် ဖြေလျော့လိုက်ခြင်း ဖြစ်သည်။
“ကောင်းတဲ့အရွေ့ပေါ့နော်၊ ရောင်းရဝယ်ရတာ ဈေးရလာနိုင်တယ်။ အခုက သွင်းကုန်၊ ပို့ကုန် မမျှဘူး။ ပို့တာထက်စာရင် သွင်းတာက များနေတဲ့သဘောပေါ့။ မျှတရင်တော့ ဒီထက်ပိုလျော့လာမယ် ထင်ပါတယ်” ဟု ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေသည့် တောင်ကြီးမြို့မှ ကုန်သည် ဦးတိုးတက်နိုင်က ပြောသည်။
ယခင်က ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်ဖြင့် လဲလှယ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ပြင်ပဒေါ်လာပေါက်ဈေးဖြင့် လဲလှယ်ရန် ၂၀၂၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ခဲ့သည်။
ယခုအခါ လဲလှယ်ရမည့် ငွေကြေးရာခိုင်နှုန်းကို ဖြေလျော့လိုက်သော်လည်း ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် လဲလှယ်နေရဆဲဖြစ်၍ ကုန်သည်များမှာ အဆင်မပြေ ဖြစ်နေကြသည်။
“၅၀ ရာခိုင်နှုန်းစီက အပေါ်ယံလောက်တော့ ပြေတာပေါ့။ နည်းနည်းတော့တက်လာပေမယ့် သူတို့သတ်မှတ်ဈေးနဲ့ လဲလှယ်နေရလို့ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အပြေလည်ကြီး မဟုတ်သေးဘူး။ နည်းနည်းပဲ အခွင့်ရေးရတဲ့ သဘောဖြစ်နေတယ်။ သူတို့ သတ်မှတ်ထားတဲ့နှုန်းထားနဲ့ လဲလှယ်နေရတုန်းပဲ” ဟု တရုတ်နိုင်ငံသို့ ပဲမျိုးစုံတင်ပိုရောင်း ချနေသည့် မန္တလေးမြို့ ဦးဇော်မင်းခိုင်က ပြောသည်။
ပို့ကုန်ငွေလဲနှုန်းကို ဖြေလျော့ပေးသော်လည်း သွင်းကုန်ပစ္စည်းများအတွက် အခက်အခဲရှိလာနိုင်ကြောင်း စီးပွားရေးသမားများက ပြောဆိုနေကြသည်။
“ငွေကြေးကတော့ ၁၀၀ ရာခိုင်နှုန်း လွတ်လပ်လွတ်လပ် သုံးစွဲလို့ရလေကောင်းလေပါပဲ။ ၅၀ ရာခိုင်နှုန်းလောက်နဲ့ မပြီးသေးပါဘူး” ဟု ရခိုင်ပြည်နယ်၊ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် ဧပြီလမှ ဇွန် ၂၄ ရက်နေ့အထိ နှစ်လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရရှိထားသည်။ ပို့ကုန်ရငွေမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၉ ဘီလီယံ ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#I004