မုန်တိုင်းသင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး စစ်ကောင်စီ နှစ်လထပ်တိုး

ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ယနေ့ ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ဒုတိယအကြိမ် ထုတ်ပြန်ကြေညာလိုက်သည်။

By Admin 15 Jul 2023

စစ်ကောင်စီဥက္ကဌ၏ မိုခါအလွန် ဒုတိယအကြိမ် ရခိုင်ခရီးစဉ်တွင် စစ်တွေတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံစဉ်။
စစ်ကောင်စီဥက္ကဌ၏ မိုခါအလွန် ဒုတိယအကြိမ် ရခိုင်ခရီးစဉ်တွင် စစ်တွေတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံစဉ်။

DMG ၊ ဇူလိုင် ၁၅

မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ဒုတိယအကြိမ် ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ကောင်စီသည် ရခိုင်ပြည် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်မည်ဟုဆိုကာ မုန်တိုင်းတိုက်ပြီး နောက်တစ်နေ့ မေလ ၁၅ ရက်နေ့တွင် ပထမအကြိမ်ကြေညာခဲ့ပြီး ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်လတာအတွင်း တိုးတက်မှုအပေါ် အားရကျေနပ်မှုရှိကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်သို့ရောက်လာစဉ် ပြောကြားခဲ့သည်။

မြေပြင်အခြေအနေတွင် စစ်ကောင်စီက ရခိုင်ပြည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အားနည်းချက်များရှိနေပြီး ထိရောက်သော ကူညီထောက်ပံ့မှုများ အားနည်းကြောင်း ဝေဖန်ထောက်ပြနေကြသည်။

“၂၀၁၀ ဂီရိမုန်တိုင်းတုန်းကဆိုရင် တကယ့်မုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့ လူတွေထဲမှာ တချို့ဆိုရင် ၃ လအထိ နိုင်ငံတကာအဖွဲ့အစည်းတွေက ရိက္ခာတွေပံ့ပိုးခဲ့တယ်။ အခု မိုခါမုန်တိုင်းမှာလည်း အဲဒီလိုပံ့ပိုးမှုတွေ လုပ်ဖို့လိုအပ်တယ်။ အခုဟာက အရေးပေါ်ကူညီမှုတွေတောင် ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ အစိုးရနဲ့ ပြည်တွင်းအရပ်ဖက်အဖွဲ့တွေ လုပ်တယ်ဆိုတာတွေက အင်မတန်မှ ထိရောက်မှုနည်းတယ်။ တကယ်တမ်းက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူဖို့လိုအပ်ပါတယ် ” ဟု ရခိုင်နိုင်ငံရေးသမားဟောင်း ဦးခိုင်ကောင်းစံက ပြောသည်။

ပြန်လည်ထူထောင်ရေးကဏ္ဍတွင် စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်း၊ ရေရှည်ရပ်တည်နိုင်ရေး ကိစ္စများကိုလည်း ထည့်သွင်းစဉ်စားဖို့လိုအပ်ပြီး၊ နိုင်ငံတကာအဖွဲ့များအနေဖြင့်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရေး စစ်ကောင်စီက ဖြေလျော့ပေးအောင် တိုက်တွန်းပေးရမည်ဟု ဦးခိုင်ကောင်းစံက ဆက်ပြောသည်။

မုန်တိုင်းအလွန်တွင် ပညာရေးကဏ္ဍကို ဦးစားပေးအဖြစ် စစ်ကောင်စီက ဆောင်ရွက်နေသော်လည်း ကျေးလက်ဒေသက စာသင်ကျောင်းတစ်ချို့မှာ လက်ရှိအချိန်ထိ ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးပေ။

ငွေကြေးမတတ်နိုင်သော မုန်တိုင်းသင့်ပြည်သူများမှာ ပျက်စီးနေအိမ်များကို ဖြစ်သလိုပြုပြင်ကာ နေထိုင်နေကြရပြီး နိုင်ငံတကာ အကူအညီအထောက်အပံ့များကို လိုအပ်နေဆဲဖြစ်သည်။

စစ်ကောင်စီ၏ ပြန်လည်ထူထောင်ရေး ၂ နှစ်တာကာလ လုပ်ဆောင်ချက်များမှာ ခေါင်းစဉ်မျှသာရှိပြီး လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ရသေ့တောင်မြို့နယ်တွင် လူမှုကူညီရေးလုပ်ဆောင်နေသူ ကိုအောင်မင်းစိုးက ပြောသည်။

“ရွာတစ်ရွာမှာ အိမ်ခြေ ၈၀ ရှိတယ်ဆိုရင် အိမ်ခြေ ၁၀ ကျော်အတွက်ပဲ (စစ်ကောင်စီက) ပေးတယ်။ စားနပ်ရိက္ခာ ဖြန့်ဝေပေးမှုပိုင်းမှာလည်း အိမ်ထောင်စုတစ်စုကို ဆန် ၁ ပြည် အဲဒီလောက်ပဲရှိတယ်။ ဘာမှအားရကျေနပ်စရာ မရှိဘူး” ဟု ကိုအောင်မင်းစိုးက ပြောသည်။

စစ်ကောင်စီ၏ ပြန်လည်ထူထောင်ရေး နောက်ထပ် ၂ လတာအတွင်း နိုင်ငံတကာအဖွဲ့များကို ကူညီခွင့်ပေးမည့် အခြေအနေနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ရခိုင်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၁ သိန်းကျော် ထိခိုက်နစ်နာကာ အဆောက်အအုံပေါင်း နှစ်သောင်းလေးထောင်ကျော် ပျက်စီးခဲ့သည်။ လူ ၁၄၈ ဦးနှင့် တိရစ္ဆာန် ၂ သောင်း ၇ ထောင်ကျော် သေဆုံးခဲ့ပြီး ပျက်စီဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၄ သောင်း ၈ ထောင်ကျော်ရှိသည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီက ပြောဆိုထားသည်။

#I003