- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မောင်တောမြို့အနီးက မောင်နီကျေးရွာ မီးရှို့ခံရ
ယမန်နေ့ (ဩဂုတ် ၁၅) ညအချိန်တွင် မောင်တောမြို့အနီး မောင်နီမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့မှုများရှိနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။
16 Aug 2024

DMG ၊ ဩဂုတ် ၁၆
အာရက္ခတပ်တော်က အပြင်းအထန် တိုက်ခိုက်နေသည့် မောင်တောမြို့တွင် လူမနေတော့သည့် ကျေးရွာအချို့ မီးရှို့ခံရမှုများလည်း များပြားလာနေသည်။
ယမန်နေ့ (ဩဂုတ် ၁၅) ညအချိန်တွင် မောင်တောမြို့အနီး မောင်နီမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့မှုများရှိနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။
မောင်နီကျေးရွာမှ ဒေသခံများကို ဩဂုတ် ၁၄ ရက်တွင် AA က ကယ်ထုတ်ပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်မှုများနှင့် အတူ စစ်ကောင်စီက ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း မောင်တောမြို့မှ မျက်မြင်ဒေသခံများက ပြောသည်။
“အဲဒီရွာက လူတွေအကုန်လုံးကို AA က ကယ်ထုတ်သွားပြီ။ အဲဒီနောက်ပိုင်း တိုက်ပွဲတွေဖြစ်ခဲ့သေးတယ်။ မနေ့ညက စစ်ကောင်စီဝင်ပြီးတော့ မီးရှို့သွားတာ။ အခုလည်း မီးခိုတွေထွက်နေသေးတယ်။ ပျက်စီးသွားတဲ့ အိမ်အရေအတွက်ကိုတော့ သွားမကြည့်ရဲလို့ မသိရသေးဘူး။ ဆုံးရှုံးမှုများမယ် ထင်ပါတယ်” ဟု မောင်တောဒေသခံတစ်ဦး ပြောသည်။
အလားတူ ယမန်နေ့က မောင်တောမြို့ နခခ(၅) မြို့သူကြီးအနီးတွင် စစ်ကောင်စီနှင့် AA တို့ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုများရှိကြောင်း သိရသည်။
“မနေ့ကလည်း အဲဒီတပ်ရင်းအနီးမှာ တိုက်ပွဲတွေပြင်းနေတယ်။ စစ်ကောင်စီက တပ်ရင်းအနီးတွေကို လာရောက် ဗုံးကြဲတာရှိတယ်။ မြို့ထဲမှာတော့ စစ်ကောင်စီတပ်သားတွေ နည်းနည်းရှိသေးတယ်လို့ သိရတယ်။ AA က မြို့ကို မထိန်းချုပ်နိုင်သေးဘူး” ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။
မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ကလည်း အောင်ဗလ(ရခိုင်)ကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီနှင့် ARSA၊ ARA၊ RSO တပ်ဖွဲ့များက ဝင်ရောက်မီးရှို့ခဲ့သည်။
ယင်းအပြင် ရွှေရင်အေးနှင့် ဝေသာလီကျေးရွာကိုလည်း စစ်ကောင်စီနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက မေလ ၇ ရက်နှင့် ၉ ရက်နေ့တို့တွင် ဝင်ရောက်မီးရှို့ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်မှစတင်ကာ AA သည် မောင်တောမြို့နှင့် အနီးအနားကျေးရွာများမှ ပိတ်မိနေသည့် ဒေသခံသောင်းနှင့်ချီကို ဘေးလွှတ်ရာသို့ ကယ်ထုတ်ပေးနေသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်း နခခ (၅) မြို့သူကြီးအား AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးမှုများလည်း ရှိနေသည်။