စစ်ကောင်စီပစ်ခတ်မှုကြောင့် တစ်ရက်အတွင်း ရခိုင်ဒေသခံ ၄ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

“ကလေးတွေက ထမင်းစားပြီးလို့ စာသင်ကျောင်းနားမှာ သွားကစားကြတာ။ အဲဒီမှာ ဒရုန်းနဲ့ဗုံးချသွားတာ” ဟု ဒဏ်ရာရသူတစ်ဦး၏  မိသားစုဝင်တစ်ဦးက ပြောသည်။

By Admin 28 Nov 2023

စစ်ကောင်စီက ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့် တောကန်ကျေးရွာသားများ။ ဓာတ်ပုံ - APM
စစ်ကောင်စီက ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့် တောကန်ကျေးရွာသားများ။ ဓာတ်ပုံ - APM

DMG ၊ နိုဝင်ဘာ ၂၈

ရခိုင်ပြည်တွင် တစ်ရက်အတွင်း(နိုဝင်ဘာ ၂၇ ရက်) စစ်ကောင်စီက လက်နက်ကြီး/ငယ် ပစ်ခတ်မှုကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်မှ ဒေသခံ ၄ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာ ရရှိခဲ့သည်။

သေဆုံးသွားသူများမှာ မြောက်ဦးမြို့နယ် ပန်းဖဲတန်းကျေးရွာက ၁ ဦးနှင့် ဘူးသီးတောင်မြို့နယ်၊  ဝါချီးလာ (မွတ်ဆလင်)ကျေးရွာမှ ၃ ဦးဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ စစ်တွေမြို့နယ် တောကန်ကျေးရွာမှ ၆ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာမှ ၁ ဦး၊ ဘူးသီးတောင်မြို့နယ်၊ ဝါချီးလာ(မွတ်ဆလင်)ကျေးရွာမှ ၅ ဦးနှင့် မောင်တောမြို့နယ်၊ အောင်သုခကျေးရွာမှ ၁ ဦးတို့ဖြစ်သည်။

ယမန်နေ့ ညနေ ၄ နာရီခန့်က ဘူးသီးတောင်မြို့အခြေစိုက် ခမရ(၅၆၅)တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်နှစ်လုံးမှာ ဝါချီးလာကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ 

“သူတို့က ရွာနားက ဟင်းခင်းမှာ ငရုတ်ပင်စိုက်နေကြတာ။ အဲဒီမှာ လက်နက်ကြီး နှစ်လုံးလာကျတယ်။ ၃ ယောက်သေတယ်။ ၅ ယောက်ဒဏ်ရာရတဲ့အထဲ ၂ ယောက်က ဒဏ်ရာပြင်းထန်ပါတယ်” ဟု ဝါချီးလာရွာသား တစ်ဦးက ဆိုသည်။ 

သေဆုံးသူများမှာ မောင်ရုရူလ္လာ(၈ နှစ်)၊ မအဒူလ္လာ (၁၀ နှစ်) နှင့် ဒေါ်အာဘေဇာ (၆၅ နှစ်) ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဦးဆော်မီယူလ္လာ(၃၈ နှစ်)၊ ကိုဂျော်ဟာယော(၂၈ နှစ်)၊ မောင်မူဇီဆမ်း(၁၉ နှစ်)၊ ဒေါ်မီဇမ်း (၃၀ နှစ်) နှင့် မောင်နူရူဇာမတ် (၃၀ နှစ်) တို့ဖြစ်သည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

စစ်တွေမြို့နယ်၊ တောကန်ကျေးရွာတွင်လည်း ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်က စစ်ကောင်စီက ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်အပါဝင် ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ မောင်ထက်သူရ (၁၀ နှစ်)၊ မောင်ဖြိုးဝင်းမောင်(၁၄ နှစ်)၊ မခင်ဖြိုး (၂၆ နှစ်)၊ မခင်မိုး (၂၇) နှစ်၊ မနွယ်မာစိုး (၂၅ နှစ်) နှင့် ကိုကျော်မျိုးသူ (၂၅ နှစ်) တို့မှာ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုခံယူနေရသည်။ 

“ကလေးတွေက ထမင်းစားပြီးလို့ စာသင်ကျောင်းနားမှာ သွားကစားကြတာ။ အဲဒီမှာ ဒရုန်းနဲ့ဗုံးချသွားတာ” ဟု ဒဏ်ရာရသူတစ်ဦး၏  မိသားစုဝင်တစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ရွာမှ အသက် ၆၀ ကျော်အရွယ် ဦးမောင်ချမ်းသာမှာလည်း ယမန်နေ့က ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး၊ မောင်တောမြို့နယ် အောင်သုခကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးစိန်ကျော်လှမှာလည်း အင်ဒင်းအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၆)မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး/ငယ်ပစ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယနေ့(နိုဝင်ဘာ ၂၈ ရက်) နံနက် ၄ နာရီခန့်ကလည်း စစ်ကောင်စီက လက်နက်ငယ်ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်၊ ပြင်လှရွာမှ ကိုအောင်နိုင်ချေ (၃၅ နှစ်) မှာ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်မှ ၂၈ ရက်ထိ ၁၆ ရက်တာအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် အရပ်သားသေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၇၄ ဦးထိ ရှိလာသည်။ (အယ်ဒီတာမှတ်ချက် - ထိခိုက်သေဆုံးစာရင်းထဲတွင် တိုက်ပွဲပြင်းထန်နေသော ပေါက်တောမြို့မှ ဒေသခံများ မပါဝင်ပါ။)

#D002 #DMG

ဗီဒီယိုများ