- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ရခိုင်နှင့် ပလက်ဝတွင် လူဦးရေ တစ်သိန်းရှစ်သောင်းကျော် နေရပ်စွန့်ခွာနေရ
အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူများမှာ အရေးပေါ်အကူအညီလိုအပ်ချက် မြင့်မားနေသော်လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် နိုင်ငံတကာအကူအညီများ မရနိုင်သဖြင့် ပို၍အခက်ကြုံနေကြသည်။
23 May 2024
DMG ၊ မေ ၂၃
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား စစ်ရေးပဋိပက္ခများကြောင့် ရခိုင်နှင့် ပလက်ဝဒေသတွင် လူဦးရေ တစ်သိန်းရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာနေထွက်ပြေးနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာမှုဆက်ဖြစ်နေပြီး အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်စရာများလည်း ဆက်လက်မြင့်တက်နေကြောင်း UNOCHA ၏ မေလ ၂၃ ရက်ထုတ် အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်တွင် ဖော်ပြသည်။
“အလုပ်လည်းမရှိ။ ပါလာတဲ့ပိုက်ဆံတွေလည်း ကုန်သွားပြီ။ အလုပ်ထွက်လုပ်ဖို့လည်း အလုပ်အကိုင်က မရှိတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ ကလေးတွေ မုန့်ဖိုးတောင်းရင်တောင် မပေးနိုင်တော့တဲ့အခြေနေပါ” ဟု စစ်တွေမြို့မှ တိမ်းရှောင်လာသူ ဒေါ်လှလှက ပြောသည်။
အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူများမှာ အရေးပေါ်အကူအညီလိုအပ်ချက် မြင့်မားနေသော်လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် နိုင်ငံတကာအကူအညီများ မရနိုင်သဖြင့် ပို၍အခက်ကြုံနေကြသည်။
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက “စစ်ဘေးရှောင်တွေမှာပါလာတဲ့ ရိက္ခာတွေ၊ ငွေကြေးတွေလည်း ကုန်ကြပြီ။ ကူညီထောက်ပံ့မှုတွေလည်း မရတော့ သူတို့အတွက် ရှေ့ဆက်ပြီး မတွေးရဲစရာ အခြေအနေပါ” ဟု ပြောသည်။
စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ၊ အမိုးအကာအပြင် ရေရှားပါးမှုပြဿနာကိုပါ ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင် ငါးသောင်းကျော်မှာ သောက်သုံးရေရှားပါးမှုကြောင့် မသန့်ရှင်းသည့်ရေကို သုံးစွဲနေရ၍ နာမကျန်းရောဂါဖြစ်ပွားမှုများ ရှိနေသည်။
“တာပေါ်လေစမိုးပြီး နေနေရတာမှာ နေကပူ၊ ရေကမရှိဆိုတော့ နေမကောင်းဖြစ်ကြတယ်။ သောက်ဖို့ရေက ပိုရှားတယ်။ ချက်ပြုတ်ဖို့အတွက်က ချောင်းရေ၊ မြောင်းရေတွေနဲ့ ဖြေရှင်းနေရပါတယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်က မြို့နယ် ၉ ခုနှင့် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် ဒေသခံများပြန်လည်နေထိုင်ခွင့်ကို ကန့်သတ်တားမြစ်ထားဖြစ်သည်။