မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြန် 

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အများအပြားမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံမှုများ ရှိနေသည်။

By Admin 21 May 2024

ဓာတ်ပုံ - Dhaka Tribune
ဓာတ်ပုံ - Dhaka Tribune

DMG ၊ မေ ၂၁

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ မောရဝတီစခန်းနှင့် လေးမိုင် နခခ(၂)မှ တပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေလ ၁၈ ရက်က ထွက်ပြေးခိုလှုံသွားကြောင်း သိရသည်။

“အဲဒီစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်။ စစ်ကောင်စီက နေ့တိုင်းလိုလို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်။ အဲဒီစခန်း ၂ ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထွက်ပြေးသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အများအပြားမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံမှုများ ရှိနေသည်။ ယခုလ အစောပိုင်းကလည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၂ ဦးမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံသွားခဲ့သည်။

နိုင်ငံရေးသုံးသပ်သူတစ်ဦးက “မောင်တောမှာ အခုဆိုရင် စစ်ကောင်စီက AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံနေရတယ်။ တိုက်လို့မနိုင်ရင် ဘင်္ဂလားဒေ့ရှ်မှမဟုတ်ဘူး၊ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နိုင်ငံတိုင်းကို ထွက်ပြေးနေကြတာပဲ။ အဲလိုထွက်ပြေးနေတော့ စစ်ကောင်စီတပ်ရဲ့ စွမ်းရည်နဲ့သိက္ခာကို ဘယ်အိမ်နီးချင်းနိုင်ငံကမှ အထင်ကြီးတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။
မောင်တော နယ်စပ်တိုက်ပွဲများအတွင်း ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ၇၅၀ ကျော်ရှိလာသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စစ်ကောင်စီထံ ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ အလားတူ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်ရောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်အပါအဝင် ၃၃၀ ဦးကို စစ်ကောင်စီထံ လွှဲပေးခဲ့သည်။ 

လက်ရှိတွင် မောင်တောမြို့ရှိ နခခ(၁) ကျီးကန်းပြင်ဌာနချုပ်၊ နခခ(၇) ကြိမ်ချောင်း၊ နခခ(၁၀) လှဖိုးခေါင် စခန်း တို့ကို AA က သိမ်းပိုက်ထားသည်။ ကျန်ရှိနေသေးသည့် နခခ(၂) လေးမိုင်၊ နခခ(၄)မောရဝတီ၊ နခခ(၅) မြို့သူကြီး၊ နခခ(၆)အင်းဒင်၊ နခခ(၉) မြင်းလွှတ်ရဲတပ်ရင်းတို့ကို AA က ထိုးစစ်အရှိန်မြှင့်၍ တိုက်ခိုက်နေသည်။