မောင်တောဒေသ ကျရှုံးမှုနှင့် ရခိုင်စစ်ရေးအခင်းအကျင်း

အာရက္ခတပ်တော်အနေဖြင့် မောင်တောကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်၍ ရခိုင်မြောက်ပိုင်းက တစ်ခု တည်းကျန်ရှိနေသော စစ်တွေကို ချန်လှပ်ထားမည့် အခြေအနေမတွေ့ရကြောင်း စစ်ရေးအကဲခက်သူတို့က သုံးသပ်ကြသည်။ 

By Admin 09 Dec 2024

မောင်တောမြို့နယ်၊ အင်းဒင် နခခ(၆) ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ။
မောင်တောမြို့နယ်၊ အင်းဒင် နခခ(၆) ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ။

DMG ၊ ဒီဇင်ဘာ ၉ 

အာရက္ခတပ်တော်(AA) သည် မောင်တောမြို့ရှိ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ရင်း - နခခ (၅) ကို ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက်လိုက်သဖြင့် ရခိုင်အနောက်ဘက်ခြမ်း မောင်တောဒေသတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိ နခခ ၅ မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်က လိုက်လံတိုက်ခိုက်နေ သဖြင့် မောင်တောမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။ 

နခခ - ၅ တွင်ရှိနေသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၅) ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို လည်း တပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတိုက်ခိုက်နေကြသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် စက်လှေ၊ မော်တော်ဘုတ်များဖြင့် နတ်မြစ်တစ်လျှောက် ထွက်ပြေးရန်ကြိုးပမ်းနေ၍  နတ်မြစ်(ရခိုင်ရေပိုင်နက်)အတွင်း ရေကြောင်းခရီးသွားလာမှုကို ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီမှစကာ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက် ကြောင်း AAက ထုတ်ပြန်ထားသည်။ 

မောင်တောဒေသသည် စစ်ကောင်စီအတွက် စစ်ရေး၊ စီးပွားရေးအရအပြင် ဂုဏ်သိက္ခာပိုင်းအရလည်း အရေးပါပြီး ထိုဒေသအကျရှုံးရေး မီးကုန်ယမ်းကုန်ခုခံတိုက်ခိုက်ခဲ့သော်လည်း အာရက္ခတပ်တော်၏ ပြင်းထန်သော ထိုးစစ် အောက်မှာ လက်လွှတ်ခဲ့ရသည်။ 

“ရခိုင်မြောက်ပိုင်းတခြမ်းလုံးက ပွဲပြီးသွားပြီ။ ကုန်သွယ်ရေး၊ သံတမန်ရေး၊ စစ်ရေးရော အင်မတန် အရေးကြီးတဲ့ ဘင်္ဂလားနယ်ခြားကို အပိုင်ရလိုက်ပြီဖြစ်တဲ့အတွက် ဘင်္ဂလီ(မွတ်ဆလင်)ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ကြီးစွာအထောက်အကူရသွားပြီ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

အာရက္ခတပ်တော်က နယ်စပ်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်၍ စစ်ကောင်စီပိတ်ဆို့ထားသည့် လမ်းကြောင်းပွင့်သွားပြီဖြစ်ကာ နစ်မြစ်ကိုအသုံးပြုခွင့်ရသွားပြီဖြစ်သဖြင့် စစ်ရေး၊ စီးပွားရေးအရအားသာချက်ရှိ သွားပြီဟု စစ်ရေးအကဲခက်သူတို့က ရှုမြင်ကြသည်။ 

လက်ရှိ ရခိုင်ပြည်တွင် စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ အမ်း၊ တောင်ကုတ်၊ ဂွမြို့တို့မှာလည်း မကြာခင် အာရက္ခတပ်တော်လက်ထဲကျရောက်သွားနိုင်မည့်အခြေအနေ တွင်ရှိနေသည်။ 

အာရက္ခတပ်တော်အနေဖြင့် မောင်တောကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်၍ ရခိုင်မြောက်ပိုင်းက တစ်ခု တည်းကျန်ရှိနေသော စစ်တွေကို ချန်လှပ်ထားမည့် အခြေအနေမတွေ့ရကြောင်း စစ်ရေးအကဲခက်သူတို့က သုံးသပ်ကြသည်။ 

“အာရက္ခတပ်တော်ဘက်ကတော့ ရခိုင်ပြည်မှာ တစ်ခုလည်းမကျန်အောင် တိုက်ခိုက်သွားမယ်လို့ပြောဆိုပြီးသား ဖြစ်တယ်။ ဒါကြောင့် စစ်ရေးဗျူဟာအရ တစ်ခုပြီးတစ်ခုတိုက်ခိုက်သွားမှာပဲ။ မောင်တောပြတ်ရင်တော့ စစ်တွေ ကို ပိုပြီးအာရုံစိုက်လာလိမ့်မယ်” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်း DMG သို့ ပြောကြားထားသည်။ 

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်မြို့နယ်က မြို့နယ် ၁၁ ခုအပါအဝင် တောင်ကုတ်၊ အမ်းမြို့တို့ကို ထိန်းချုပ်ထားပြီလည်းဖြစ်သည်။ 

အာရက္ခတပ်တော်၏ အရှိန်မြှင့်ထိုးစစ်များနှင့်အတူ နပခ တစ်ခုလုံးမှာလည်း မကြာမီ အချိန်အတွင်း ကျသွားနိုင် ကြောင့် စစ်ရေးနိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

နပခကျဆုံးသွားပါက ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီ၏ စစ်ဦးကျိုးသွားမည်ဖြစ်ပြီး ရခိုင်ဒေသတစ်ခုလုံးမှာ လည်း လွတ်မြောက်ရေးအတွက် ရာနှုန်းပြည့်သေချာနေပြီဖြစ်ကြောင်း အကဲခက်သူတို့က ရှုမြင်ထားကြသည်။