ဆီးရီးယားသမ္မတ ရုရှားတွင်ရောက်နေ၊ စစ်စခန်းများ ဘေးကင်းရေး သဘောတူညီချက်ရဟု ရုရှားပြော

ဆီးရီးယားနိုင်ငံမှ ထွက်ပြေးသွားသည့် သမ္မတ ဘာရှား အယ်လ်-အာဆတ်ဒ်နှင့် ၎င်း၏မိသားစုကို လူသားချင်းစာနာ ထောက်ထားမှုအရ ရုရှားနိုင်ငံတွင် ခိုလှုံခွင့်ပေးထားကြောင်း ကရင်မလင် သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကားပြီး ရုရှားသတင်းအေဂျင်စီ Interfax က ဖော်ပြထားသည်။ 

By Admin 09 Dec 2024

ဆီးရီးယားသမ္မတ ဘာရှား အယ်လ်-အာဆတ်ဒ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က မော်စကိုတွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - AP

ရုရှားစစ်အခြေစိုက်စခန်းများ ဘေးကင်းရေးအတွက် သဘောတူညီချက်တစ်ရပ်လည်း ရရှိထားကြောင်း သတင်းတွင် ဖော်ပြသည်။

သူပုန်တိုက်ခိုက်ရေးသမားများက ဒမတ်စကတ်စ်မြို့ဆီသို့ ဆန့်ကျင်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရခြင်းမရှိဘဲ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့အပြီးတွင် အာဆတ်ဒ်၏မိသားစုက မာပြင်းလှသော အာဏာရှင်စနစ်ဖြင့် ဆယ်စုနှစ် ခြောက်ခုနီးပါးကြာ ဆီးရီးယားကို အုပ်ချုပ်ခဲ့မှု အဆုံးသတ်သွားခဲ့သည်။

 အာဆတ်ဒ်သည် ဆီးရီးယားမှနေ၍ ထွက်ခွာခဲ့ပြီးသည့်နောက်၌ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အမိန့်ပေးထားရှိခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။

"ဆီးရီးယားသမ္မတ အာဆတ်ဒ်နဲ့ သူ့ရဲ့မိသားစုဝင်တွေ မော်စကို ကို ရောက်ရှိလာပါပြီ။ ရုရှားက သူတို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဘောင်နဲ့အညီ ခိုလှုံခွင့်ပေးထားပါတယ်" ဟု ပုဂ္ဂလိကပိုင် Interfax သတင်းဌာနနှင့် နိုင်ငံပိုင်မီဒီယာတို့က အမည်မဖော်လိုသော ကရင်မလင် သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြခဲ့ကြသည်။

ဆီးရီးယားတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းအတွက် နိုင်ငံရေးအရအဖြေရှာရန် ရုရှားက ထောက်ခံထားပြီး ဆီးရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သော ကာလရှည်ကြာ ပြည်တွင်းစစ်ကာလအတွင်း၌လည်း ရုရှားက အာဆတ်ဒ်ကို ထောက်ခံအားပေးခဲ့သည်ဟု Interfax သတင်းဌာနက အဆိုပါ ကရင်မလင်သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြထားသည်။