- ဧရာဝတီက ကုန်စည်များကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
- ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
သေဆုံးသူ ဒါဇင်ပေါင်းများစွာ ရှိလာသည့် ရောဂါဆန်းအား သတိဖြင့် စောင့်ကြည့်နေဟု ကွန်ဂိုအစိုးရပြော
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း သေဆုံးခဲ့ရသည့် တုပ်ကွေးပုံစံ ရောဂါဆန်းကို သတိဖြင့် စောင့်ကြည့်နေသည်ဟု ကွန်ဂိုကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်အပြီးတွင် အာဖရိကရှိ ပြည်သူ့ကျန်းမာရေးအရာရှိများကလည်း သတိအနေအထားဖြင့် နေထိုင်ကြရန် ကြာသပတေးနေ့က တိုက်တွန်းလိုက်သည်။
06 Dec 2024
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း သေဆုံးခဲ့ရသည့် တုပ်ကွေးပုံစံ ရောဂါဆန်းကို သတိဖြင့် စောင့်ကြည့်နေသည်ဟု ကွန်ဂိုကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်အပြီးတွင် အာဖရိကရှိ ပြည်သူ့ကျန်းမာရေးအရာရှိများကလည်း သတိအနေအထားဖြင့် နေထိုင်ကြရန် ကြာသပတေးနေ့က တိုက်တွန်းလိုက်ကြောင်း AP က ဖော်ပြထားသည်။
အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန အကြီးအကဲ ဂျင်းန် ကာဆီးယာ က ကျွမ်းကျင်ပညာရှင်များသည် ရောဂါကူးစက်ခံရသူများ၏ ဓာတ်ခွဲခန်းနမူနာများမှတဆင့် အဖြေရလဒ်များ ရရှိထားပြီဖြစ်သောကြောင့် လာမည့် ၄၈ နာရီအတွင်း အသေးစိတ်အချက်အလက်များကို ပိုမိုရရှိနိုင်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားသွားခဲ့သည်။
"ပထမဆုံးရောဂါရှာဖွေမှုအရ ဆိုရင်တော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဓာတ်ခွဲခန်းအဖြေရလဒ်ကို စောင့်သွားမှာပါ"ဟု ဂျင်းန် ကာဆီးယာ က ပြောကြားခဲ့သည်။
ကူးစက်ခြင်း ရှိ၊ မရှိနှင့် ရောဂါ မည်သို့ ပျံ့နှံ့ကူးစက်ကြောင်း အပါအဝင် ရောဂါအကြောင်းကို မသိရသေးသည့် အရာများစွာ ရှိနေသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ကွန်ဂိုရှိ အာဏာပိုင်များက ဆေးရုံများတွင် သေဆုံးခဲ့သူ ၂၇ ဦးနှင့် တောင်ပိုင်း ကွမ်ဂိုပြည်နယ်ရှိ အသိုင်းအဝိုင်းတွင် သေဆုံးခဲ့သူ ၄၄ ဦး အပါအဝင် သေဆုံးသူ ၇၁ ဦးရှိသည်ဟု အတည်ပြုထားကြောင်း ကျန်းမာရေးဝန်ကြီး ရော်ဂျာကမ်ဘာက ပြောကြားသည်။
“ကွန်ဂိုအစိုးရက ဒီရောဂါနဲ့ပတ်သက်ပြီး ယေဘုယျသတိပေးချက်တွေတော့ ထုတ်ပြန်ထားပါတယ်” ဟု ကမ်ဘာက နောက်ထပ်အသေးစိတ် အချက်အလက်များကို အသိမပေးတော့ဘဲ ပြောကြားခဲ့သည်။
ဆေးရုံများတွင် သေဆုံးခဲ့ရသူများအနက် ၁၀ ဦးမှာ သွေးမသွင်းခြင်းကြောင့် သေဆုံးခဲ့ပြီး ၁၇ ဦးမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ကွမ်ဂိုပြည်နယ်ရှိ ပန်ဇီကျန်းမာရေးဇုန်တွင် နိုဝင်ဘာ ၁၀ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ သေဆုံးမှုများကို မှတ်တမ်းတင်ထားပြီးဖြစ်သည်။ ဖြစ်စဉ်ပေါင်း ၃၈၀ ဝန်းကျင်ရှိပြီး ဖြစ်စဉ်၏ထက်ဝက်နီးပါးမှာ အသက်ငါးနှစ်အောက် ကလေးငယ်များဖြစ်သည်ဟု ဝန်ကြီး၏ ပြောကြားချက်အရ သိရှိရသည်။