စစ်ရှိန်မြင့်နေသည့် ရခိုင်ဒေသတွင် မိုးစပါးစိုက်ပျိုးရန် ခက်ခဲနေ

တိုက်ပွဲစဖြစ်ချိန်မှစ၍ စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့လိုက်သဖြင့် စပါးစိုက်ပျိုးရန်အတွက် လိုအပ်သည့်သွင်းအားစုများကို ဝယ်ယူ၍မရနိုင်သဖြင့် မိုးစပါးစိုက်ပျိုးရန် အခက်ကြုံနေကြခြင်းဖြစ်သည်။  

By Admin 20 May 2024

စစ်ရှိန်မြင့်နေသည့် ရခိုင်ဒေသတွင် မိုးစပါးစိုက်ပျိုးရန် ခက်ခဲနေ

DMG ၊ မေ ၂၀ 

ရခိုင်ဒေသတွင် စစ်ရေးပြင်းထန်နေမှုနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်း အပါအဝင် စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် စက်ပစ္စည်းများ ဝယ်ယူရခက်ခဲနေသဖြင့် ယခုနှစ် မိုးရာသီတွင် စပါးစိုက်ပျိုးရန် အခက်အခဲဖြစ်နေသည်ဟု တောင်သူလယ်သမားများက ပြောဆိုကြသည်။

တိုက်ပွဲစဖြစ်ချိန်မှစ၍ စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့လိုက်သဖြင့် စပါးစိုက်ပျိုးရန်အတွက် လိုအပ်သည့်သွင်းအားစုများကို ဝယ်ယူ၍မရနိုင်သဖြင့် မိုးစပါးစိုက်ပျိုးရန် အခက်ကြုံနေကြခြင်းဖြစ်သည်။  

“စပါးစိုက်ပျိုးရာသီမှာ စိုက်ပျိုးနိုင်ဖို့ ဒီဇယ်ဆီ၊ ဓာတ်မြေဩဇာနဲ့ စက်ပစ္စည်းတွေက ဝယ်မရဘူး။ ဈေးတွေကလည်း တအားထိုးတက်နေတော့ လယ်သမားတွေက လယ်လုပ်နိုင်မယ့် အခြေအနေမှာ ရှိမနေဘူး” ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း စက်သုံးဆီ ဒီဇယ် တစ်ပေပါကို ငွေကျပ် ၁၈ သိန်း၊ ဓာတ်မြေဩဇာ တစ်အိတ်ကို ၂ သိန်းခွဲမှ ၃ သိန်းအထိ ပေါက်ဈေးရှိနေပြီး စက်ပစ္စည်များမှာလည်း ယခင်နှစ်ကထက် ဈေးနှုန်းလေးဆခန့် မြင့်တက်နေကြောင်း လယ်သမားများထံမှ သိရသည်။  

သွင်းအားစုစရိတ်ကြီးမားခြင်းအပြင် တောင်သူလယ်သမားများ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်း၊ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်တို့ကြောင့် ရခိုင်ဒေသတွင် ယခုနှစ် မိုးစပါးစိုက်ပျိုးနှုန်း သိသိသာသာ လျော့ကျသွားနိုင်သည်ဟု ပြောဆိုကြသည်။ 

“အခုက လယ်သမားတွေ လယ်လုပ်နိုင်ဖို့ အခြေအနေမှာ မရှိဘူး။ ရွာတစ်ရွာမှာ လယ်သမားအယောက်တစ်ရာရှိရင် ဆယ်ယောက်လောက်ပဲ လယ်ထွန်နိုင်မယ်။ ကျန် ၉၀ လောက်က လယ်ထွန်နိုင်မယ့် အခြေအနေမရှိဘူး” ဟု ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ လယ်သမား ဦးမောင်ကျော်လှိုင်က ပြောသည်။

ထို့ကြောင့် ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် အာရက္ခပြည်သူ့အစိုးရအနေဖြင့် မျှတသည့် ဈေးနှုန်းတစ်ခု ဖန်းတီးပေးရန်နှင့်  ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် လယ်သမားများက လိုလားနေကြသည်။ 

“ကျနော်တို့ဆီမှာ ကုန်ပစ္စည်းတွေက ပြတ်လပ်လာတဲ့ အဆင့်ရောက်နေပြီ။ အဲဒီလို ပြတ်တောက်နေတာတွေကို အာရက္ခအစိုးရအနေနဲ့ တခုခုဖန်းတီးပေးစေချင်တယ်။ အဲလိုမှသာ ကျနော်တို့လယ်သမားတွေဟာ အချိန်မီ လယ်ယာစိုက်ပျိုးနိုင်မယ်လို့ ထင်မိတယ်” ဟု ကျောက်တော်မြို့နယ်မှ လယ်သမား ဦးမောင်စိန်ဖေက ပြောသည်။

ရခိုင်ပြည်တွင် စပါးစိုက်ပျိုးဧက ၁၂ သိန်းကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် လယ်ဧက ၁၀ သိန်းကျော် စိုက်ပျိုးနိုင်ခဲ့သည်။ ရခိုင်ပြည်တွင် လယ်ယာစိုက်ပျိုးရေးသည် အဓိက စီးပွားရေးဖြစ်ပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ခန့်မှာ လယ်ယာစိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်းဖြစ်သည်။ 

ဗီဒီယိုများ