ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ထိုင်း-မြန်မာ ငွေလဲလုပ်ငန်းများ ယာယီရပ်ဆိုင်း

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နှင့် ထိုင်း မဲဆောက်မြို့တို့၌ ငွေလဲလှယ်ရေးလုပ်ကိုင်သူ အများစုမှာ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းကစပြီး လုပ်ငန်း ယာယီ ရပ်ဆိုင်းထားကြသည်။ 

By Admin 24 Jul 2023

မဲဆောက်မြို့ရှိ ထိုင်း-မြန်မာ ငွေလှဲလုပ်ငန်းတစ်ခုကို တွေ့ရစဉ်။  ဓာတ်ပုံ - CJ
မဲဆောက်မြို့ရှိ ထိုင်း-မြန်မာ ငွေလှဲလုပ်ငန်းတစ်ခုကို တွေ့ရစဉ်။  ဓာတ်ပုံ - CJ

DMG ၊ ဇူလိုင် ၂၄

လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေမည်ဟု စစ်ကောင်စီဗဟိုဘဏ်က မနေ့ကကြေညာပြီးနောက် ထိုင်း - မြန်မာ နယ်စပ်ဒေသရှိ ငွေလဲလှယ်လုပ်ငန်းအချို့ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နှင့် ထိုင်း မဲဆောက်မြို့တို့၌ ငွေလဲလှယ်ရေးလုပ်ကိုင်သူ အများစုမှာ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းကစပြီး လုပ်ငန်း ယာယီ ရပ်ဆိုင်းထားကြသည်။ 

“မနေ့က နေ့လယ် ၂ နာရီအထိ ‘ကျပ်ပေး ဘတ်ယူ’ ‘ဘတ်ပေး ကျပ်ယူ’ အကုန်လုံး အဆင်ပြေနေသေးတယ်။ ညနေ ၄ နာရီလည်းရောက်တော့ ဘတ် ၁,၀၀၀ ကို မြန်မာငွေတစ်သိန်းပြောင်းလာတော့ အဆင်မပြေတော့ဘူး ဆိုပြီး ရပ်လိုက်တာ။ လုပ်ငန်းလုပ်တဲ့သူတွေအကုန် ဒီနေ့အထိရပ်နေတယ်” ဟု မဲဆောက်မြို့ရှိ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ယခင်က ထိုင်းဘတ် ၁,၂၀၀ ကျော်ကို မြန်မာငွေတစ်သိန်းကျပ်ဖြင့် လဲလှယ်ခဲ့ကြသော်လည်း ယမန်နေ့ နေ့လယ် ၂ နာရီတွင် ထိုင်းဘတ်ငွေ ၁,၁၀၀ ကို မြန်မာငွေ တစ်သိန်းကျပ်နှင့်  ညနေ ၄ နာရီတွင် ထိုင်းဘတ်‌ ၁,၀၀၀ ကို မြန်မာငွေ တစ်သိန်းကျပ်အထိ ပြောင်းလဲလာသဖြင့် နယ်စပ်ရှိ ငွေလှဲလုပ်ငန်းများ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

ထိုင်းဘတ်နှင့် မြန်မာကျပ်ငွေ ဈေးနှုန်းမငြိမ်သက်မှုနှင့်အတူ နာရီပိုင်းအတွင်း ဈေးနှုန်းအပြောင်းအလဲဖြစ်လာသဖြင့် ငွေလဲလုပ်ငန်းများကို ယာယီ ရပ်နားထားကြခြင်းဖြစ်သည်။

“နှစ်သောင်းတန်ကိစ္စနဲ့ ဂယက်ထသွားတာ။ အခြေအနေတည်ငြိမ်မှပဲ လုပ်ငန်းတွေ ပြန်စကြလိမ့်မယ်။ သုံးလေးရက်လောက်တော့ စောင့်ကြည့်ရမယ်” ဟု မြဝတီမြို့မှ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူ နောက်တစ်ဦးက ပြောသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမည်ဟု ကြေညာပြီးနောက်တွင် နယ်စပ်ကုန်သွယ်ရေးမှာ အေးစက်သွားပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိနေကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။

နယ်စပ်ဒေသတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်နေပြီး အခြားကုန်ဈေးနှုန်းများမှာလည်း မတည်ငြိမ်ဖြစ်နေသည်။

“ကျပ်နှစ်သောင်း ဂယက်က ထိုင်း- မြန်မာနယ်စပ် ကုန်သည်တွေအပေါ် သက်ရောက်သွားတယ်။ အခု ကုန်စည်ပို့တဲ့ အခြေအနေက အေးသွားတယ်လို့ ပြောရမယ်။ တင်ပို့ကုန်တွေကိုပဲ ထိုင်းဘက်က အဝင်လက်ခံတယ်။ တင်သွင်းကုန်တွေကို ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှာပဲ ပုံထားတယ်” ဟု ရန်ကုန် - မြဝတီ ကုန်သည်တစ်ဦးက ပြောသည်။

နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမည့်ကိစ္စနှင့် ပတ်သက်၍ ကုန်ဈေးနှုန်းများ မြင့်တက်သွားခြင်းနှင့် အရောင်းအဝယ်များ ယာယီရပ်နားသွားခြင်းမှာ မြန်မာငွေကြေးဖောင်းပွမှု ဖြစ်ပေါ်နေခြင်းဟု နယ်စပ်ကုန်သည်များက ပြောသည်။

ယင်းအပြင် လတ်တလောအခြေအနေကို အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်းကစားသူများလည်း ရှိနေသည့်အတွက် ကြပ်မတ်ထိန်းချုပ်ရန် လိုအပ်လာကြောင်း ထောက်ပြနေကြသည်။

စစ်ကောင်စီသည် ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကို အကန့်အသတ်ဖြင့် ထုတ်ဝေသွားမည်ဖြစ်ပြီး နိုင်ငံအတွင်း သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်းပြီး သုံးစွဲရန်မသင့်သော ငွေစက္ကူနှင့် တန်ဖိုးတူ လဲလှယ်ပေးခြင်းဖြင့် ဖြန့်ဝေသွားမည်ဟု ကြေညာထားသည်။

#F004