- ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
- ခရီးသည်ကားတစ်စီးကို ARSA ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာနေ
စစ်ကောင်စီမှ ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ပြီးနောက်ပိုင်း ရခိုင်ပြည်တွင် အခြေခံစားသောက်ကုန် အပါအဝင် ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာနေကြောင်း စားသုံးသူများနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။
03 Aug 2023
DMG ၊ ဩဂုတ် ၃
စစ်ကောင်စီမှ ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ပြီးနောက်ပိုင်း ရခိုင်ပြည်တွင် အခြေခံစားသောက်ကုန် အပါအဝင် ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာနေကြောင်း စားသုံးသူများနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။
ယခင်က ငွေကျပ် ၅၄,၀၀၀ ရှိသည့် ဟင်းသီးဟင်းရွက်ဆီ (စားသုံးဆီ) ၁ လီတာ ၁၂ လုံးပါ တစ်ဖာကို လက်ရှိတွင် ငွေကျပ် ၆ သောင်းအထိ မြင့်တက်လျက်ရှိပြီး ယခင် ငွေကျပ် ၆,၀၀၀ ရှိသည့် SunDay ကော်ဖီ ပေါင်ထုပ်တစ်ထုပ်ကို လက်ရှိတွင် ၇,၃၀၀ ကျော်ရှိထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။
“ကျမတို့ ဝယ်ကတည်းက ဈေးကမြင့်နေတာ။ ဒါကြောင့် ဝယ်တဲ့သူတွေကို အရင်ဈေးနဲ့ ရောင်းလို့မရတော့ဘူး။ အခုလို ဈေးနှုန်းတွေတက်နေတော့ ဝယ်မယ့်သူတွေကိုတောင် ရောင်းရမှာ အားနာလာတယ်။ နှစ်သောင်းတန် ဂယက်ထချိန်ကစပြီး ဈေးနှုန်းတွေမြင့်လာတာ။ ဈေးက တဟုန်ထိုးတက်တာတော့ မဟုတ်ဘူး။ တဖြည်းဖြည်း တက်လာတာ” ဟု စစ်တွေမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်မချေက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်က မြို့နယ်အလိုက် ဈေးကွက်အတွင်း ကြက်သွန် နီ/ဖြူ၊ ဟင်းချိုမှုန့်၊ အချိုရည်၊ ဖူဂျီဆပ်ပြာ၊ သွားတိုက်ဆေး စသည့် လူသုံးကုန်များမှာ ယခင်ကထက် ဈေးနှုန်း ၅၀၀ ဝန်းကျင် မြင့်တက်လာနေသည်ဟု ဆိုင်ပိုင်ရှင်များထံမှ သိရသည်။
အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်လာနေ၍ ကုန်ပစ္စည်းဝယ်ယူသုံးစွဲမှုများကို ချွေတာနေရသည်ဟု စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ မသန်းစိန်က ပြောသည်။
“နှစ်ခုဝယ်မယ့်နေရာမှာ တစ်ခုတည်း ဝယ်တော့တယ်။ အရင်က နှစ်ခုဝယ်လို့ရတဲ့ ပိုက်ဆံဟာ အခု ပစ္စည်းတစ်ခုတောင် ဝယ်လို့မရတော့ဘူး။ အမျိုးသမီး လစဉ်သုံးတစ်ခုကို အရင်က ရှစ်ရာလောက်ပဲရှိတာ အခု ထောင့်ရှစ်ရာလောက်ဖြစ်သွားပြီ” ဟု ၎င်းကပြောသည်။
“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပြီးစီးမှု အထိမ်းအမှတ်နှင့် “ရဌနန္ဒက” ဆင်ဖြူတော်ရတနာ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်နေဖြင့် ကျပ်နှစ်သောင်းတန် ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ဝေဖြန့်ချီခဲ့သည်။
ကျပ်နှစ်သောင်းတန်ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ စီးပွားရေးလုပ်ငန်းအခြေအနေများကို ကောင်းစွာ ထိန်းသိမ်းနိုင်သည့် အခြေအနေရှိကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
သို့သော် မြေပြင်တွင် ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် ကုန်ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာနေခြင်းမှာ စစ်ကောင်စီအနေဖြင့် မနိုင်သည့်ဝန်ကို ထမ်းနေခြင်းနှင့် တူသည်ဟု ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးအောင်သောင်းရွှေက ဝေဖန်သည်။
“ပြည်တွင်းမှာ ထုတ်ကုန်တွေကို တိုးချဲ့ မထုတ်လုပ်နိုင်ဘူး။ ပြည်မဘက်ကလာတဲ့ ကုန်စည်စီးဆင်းမှုတွေနဲ့ ဖြန့်ဝေနေရတဲ့ အနေအထားမှာ အခုလို ငွေဖောင်းပွမှုတွေနဲ့ ကုန်ဈေးနှုန်းတွေ တက်လာတာဖြစ်လာတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် အခြေခံစားသောက်ကုန် အပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်နေသော်လည်း ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ကုန်ပစ္စည်းများကို ဈေးနှုန်းအဆမတန်ပေး၍ ဝယ်နေရသည့်အတွက် ဈေးနှုန်းများ မြင့်တက်နေမှုကို မထိန်းချုပ်နိုင်ပါက အငတ်ဘေးနှင့် ကြုံတွေ့လာရမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
ပေါက်တောမြို့မှ ဒေါ်ခင်သန်းမြက “ကုန်ဈေးနှုန်းတွေ အကုန်လုံးတက်နေတယ်။ ဝင်ငွေနဲ့ထွက်ငွေ ကိုက်ညီမှုမရှိလို့ စားသောက်ရတာ အဆင်မပြေတော့ဘူး။ ဆီ တစ်ဆယ်သား ကုန်မယ့်နေရာမှာ ငါးကျပ်သားကို သုံးနေရတယ်။ နှစ်သောင်းတန်ထုတ်မယ်ဆိုတဲ့ နောက်ပိုင်းကစပြီး အခုလို မြင့်တက်လာနေတာ။ ဒီအတိုင်း ဆက်ဖြစ်နေရင် လူတွေလည်း အငတ်ဘေးနဲ့ ကြုံလာရမှာကို စိုးရိမ်ရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းများကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
#R005