- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ပေါက်တောတွင် မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ငရီချိုင်ကျေးရွာတွင် လေဖြတ်နေသည့် မသန်စွမ်းအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
16 Oct 2023
DMG ၊ အောက်တိုဘာ ၁၆
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ငရီချိုင်ကျေးရွာတွင် လေဖြတ်နေသည့် မသန်စွမ်းအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ ည ၈ နာရီခန့်တွင် အသက် ၂၈ နှစ်အရွယ်၊ မသန်းစွမ်း အမျိုးသမီးမှာ နေအိမ်တွင်းအိပ်နေစဉ် အသက် (၃၅) နှစ်အရွယ် ဦးညွန့်တင်မောင်က အိမ်ပေါ်သို့တက်ကာ အဓမ္မ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ည ၈ နာရီလောက်မှာ သူကအိပ်ဖို့ လုပ်နေတာ။ တံခါးပိတ်နေတုန်းမှာ ရောက်လာပြီးတော့ ပါးစပ်ကိုပိတ်ပြီးတော့ အဓမ္မပြုကျင့်တယ်လို့ ပြောပါတယ်။ အိမ်နီးနားချင်းတစ်ဦးက သူ့ကို(ကျူးလွန်ခံရသူ) အော်ခေါ်တယ်။ ဘာမှပြန်မပြောတဲ့အခါ တံခါးကိုဖွင့်လိုက်တော့ အဲဒီလူကိုတွေ့တယ်” ဟု ကျူးလွန်ခံရသူ၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
ကျူးလွန်ခံရသူမှာ ခန္ဓာကိုယ် ဘယ်ဘက်တစ်ခြမ်း လေဖြတ်နေသူဖြစ်ပြီး သူလေဖြတ်သွား၍ မသန်စွမ်းဖြစ်သွားချိန်မှစ၍ သူမ၏ အမျိုးသားမှာ ကျောက်ဖြူမြို့နယ်၊ စွန်ပန်းချွန်ကျွန်းတွင် နောက်အိမ်ထောင်ပြုသွားပြီဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူမှာ ပေါက်တောမြို့နယ်၊ ဖဒူအလယ်ကျေးရွာမှဖြစ်ပြီး င/ရီချိုင်ကျေးရွာရှိ အစ်ကိုဖြစ်သူထံတွင် ပိုက်ချ၊ ငါးရှာသည့်အလုပ်ကို လုပ်ကိုင်နေသူဖြစ်ကာ အိမ်ထောင်ရှိသူလည်းဖြစ်ကြောင်း သိရသည်။
“ဒီကိစ္စက သောက်စားမူးယစ်မှုနဲ့ ကျူးလွန်ခြင်း ဖြစ်နေပါတယ်။ သူက ရွာမှာဆိုရင်လည်း သောက်စားမူးယစ်ပြီးတော့ ဆဲဆိုတာတွေရှိတယ်။ အခုတော့ သူ့ကို ULA က ဖမ်းဆီးသွားပါပြီ” ဟု င/ရီချိုင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူကို အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ဖမ်းဆီခေါ်ဆောင်သွားကြောင်း သိရသည်။
ကျူးလွန်ခံရသည့် မိသားစုများအား ULA နယ်မြေရုံးသို့ လာရောက်ရန် ဆင့်ခေါ်ထားသော်လည်း ငွေကြေး အခက်အခဲရှိနေကြောင်း မိသားစုဝင်များကပြောသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးမှာ ယင်းဖြစ်စဉ်နောက်ပိုင်း ရင်ဘတ်အောင့်သည့် ဝေဒနာကို ခံစားနေရပြီး ယခုကဲ့သို့ မသန်စွမ်းအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုအပေါ် ထိရောက်သည့်အပြစ် ပေးစေချင်ကြောင်း မိသားစုဝင်များက တောင်းဆိုကြသည်။
ရခိုင်တွင် ယခုကာလအတွင်း အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အဓမ္မကျူးလွန်ခံရမှုများကို ဆက်တိုက်တွေ့လာရသည်။ ယင်းကြောင့် ကျူးလွန်သူများအား ထိရောက်သောပြစ်ဒဏ်များ ချမှတ်ကာ အရေးယူသင့်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုနေကြသည်။
“တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် ရာဇဝတ်မှုကို ရာဇဝတ်မှုဥပဒေအရ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်တာမရှိတဲ့အတွက်ကြောင့် အခုလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ထပ်ခါထပ်ခါဖြစ်တာလို့ သုံးသပ်လို့ရတယ်” ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့လည်း ပေါက်တောမြို့နယ်မ သရက်ချောင်းကျေးရွာတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။